အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲထားသည့် ကရင်ငြိမ်းချမ်းရေး လက်နက်ကိုင် တပ်ဖွဲ့တချို့သည် ကရင်ပြည်နယ်ရှိ ဒေသခံ လယ်သမားများထံမှ လယ်ယာမြေ ဧက ၂၀၀၀ ကျော် သိမ်းယူထားကြောင်း ၈၈ ကရင် မျိုးဆက် ကျောင်းသားများအဖွဲ့ က ပြော သည်။
ရန်ကုန်မြို့ မီဒီယာ စာကြည့်တိုက်တွင် မေလ ၃၀ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား သွားခြင်း ဖြစ် သည်။
လယ်ယာမြေ သိမ်းဆည်းသူများသည် စီးပွားရေးသမား အမည်ခံ ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့များဖြစ်ပြီး ကရင် အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC) က အများဆုံးဖြစ်ကြောင်း၊ ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် အစိုးရ စစ်တပ်တို့ ကလည်း သိမ်းယူကြောင်းလည်း ၈၈ ကရင်မျိုးဆက် ကျောင်းသား အဖွဲ့ ဥက္ကဌ ဦးစောမောင်ကြီးက ဧရာဝတီသို့ ပြော သည်။
“တချို့ဒေသက လယ်သမားတွေ ထွန်တုံးတိုက်ပွဲတိုက်သလို ကျနော်တို့ဘက်မှာလည်း ခြံစည်းရိုး ဖြုတ်ပွဲ လုပ်ပါတယ်။ ဆက်တိုက် လည်း လုပ်သွားမှာပါ။ ကရင် လယ်ယာမြေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက လာရောက် ဖြေရှင်းပေးစေချင်ပါတယ်” ဟု ဦးစောမောင်ကြီးက ပြောဆိုသည်။
သိမ်းဆည်းခံရသည့် မြေယာများသည် ပိုင်ဆိုင်မှု အထောက်အထား အပြည်အစုံ ရှိကြောင်း ရှင်းပြပြီး မိမိတို့ လယ်ယာမြေများ ပြန် ပေးရန် တောင်းဆိုရာတွင် ခြိမ်းခြောက် ခံခဲ့ရသကဲ့သို့ ဖမ်းဆီး ရိုက်နှက်ခြင်းများလည်း ရှိကြောင်း ကယကံရှင် လယ်သမားများက လည်း ပြောသည်။
KNU/KNLA PC အဖွဲ့ သည် မေ ၂၁ ရက်တွင် ဘားအံမြို့နယ် ထားဝယ်အောင်ရွာတွင် နေထိုင်သည့် ဦးစောထွန်းအောင်ရွှေ က လည်း ၎င်းကို အတင်းအဓမ္မခေါ်ယူပြီး လယ်ယာမြေ သိမ်းဆည်းရာတွင် လက်မှတ် ထိုးမပေးသဖြင့် အကြမ်းဖက် ရိုက်နှက်ခဲ့ကြောင်း ပြောပြသည်။
ထိုသို့ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် ဦးစောထွန်းအောင် က ဆက်လက်ပြီး“ ကျနော့်လယ်ကို သူတို့ အတင်းအဓမ္မသိမ်းတယ်။ ကျနော် လက်မှတ်မထိုးပေးလို့ ဆိုပြီး လက်နက်တွေနဲ့ လာခေါ်သွားတာပါ။ ကျနော့်ကို ၂ ချက်ရိုက်ပြီး သူတို့ကားထဲကို ဆွဲခေါ်သွားတယ်။ ပြီးတော့ KNU/KNLA PC ကို ရောက်သွားတယ်။ တနေ့ကမှ ပြန်လွတ်တာပါ”ဟု ပြောကြားသည်။
ကရင်ပြည်နယ်ရှိ လယ်ယာသိမ်းခံရသည် လယ်သမားများတွင် ပြေစာများ၊ အစိုးရထံ အခွန်ဆောင်သည့် စာရွက်စာတမ်းများ ရှိကြ ကြောင်း၊ သို့သော်လည်း ကရင်ငြိမ်းချမ်းရေး လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရ စစ်တပ်တို့၏ အနိုင်ကျင့် သိမ်းယူမှုကို ခံထားရကြောင်း ၈၈ ကရင်မျိုးဆက် ကျောင်းသား အစည်းအရုံး၏ ရုံးအုပ် တာဝန်ယူထားသည့် ဦးငြိမ်းသူ ကလည်း ဧရာဝတီသို့ ပြောသည်။
“ဒုသမ္မတ ဦးဉာဏ်ထွန်း ပြောထားတဲ့အတိုင်း လယ်သမားတွေကို လယ်ယာမြေ ပြန်ရစေချင်တယ်။ တပ်က သိမ်းလိုက် လက်နက် ကိုင် တပ်ဖွဲ့တွေက သိမ်းလိုက်၊ လယ်သမားတွေ လယ်ယာမလုပ်နိုင်တော့ သူတို့ သားသမီးကို တိုင်းတပါးကို သွားရောက် အလုပ်လုပ်ခိုင်းပြီး ရတဲ့ငွေနဲ့ စားနေရပါတယ်”ဟုလည်း ဦးငြိမ်းသူက ဆိုသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ် လျှာကမြင်ကျေးရွာမှ ဒေါ်ငွေအောင်ကလည်း“ကျမပိုင်တဲ့ လယ်ဧက ၁၅ ဧကရှိပါတယ်။ သိမ်းတာ ကတော့ ၈ နှစ်လောက် ရှိသွားပါပြီ။ ကျမအနေနဲ့ကတော့ လယ်ပြန်လိုချင်တယ်။ လယ်ပြန်မရရင်တောင် ကာလပေါက်ဈေး ငွေပြန် ပေး ချင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကရင်ပြည်နယ်အတွင်း အစိုးရနှင့် ကရင် လက်နက်ကိုင်တပ်ဖွဲ့များ ပဏာမ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီးနောက်ပိုင်း ကာလများတွင်လည်း ထိုအဖွဲ့များအနေဖြင့် ဒေသခံပြည်သူများ အပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲဖြစ်ကြောင်း ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကရင် လူ့အခွင့်အရေး အဖွဲ့ (Karen Human Rights Group-KHRG) က ယခုလ ၁၃ ရက်နေ့က ထုတ်ပြန် လိုက်သော “ဆိုင်းငံ့ခြင်း သို့မဟုတ် အသွင်ကူးပြောင်းခြင်း”ဆိုသည့် အစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။
ထိုအစီရင်ခံစာအရ ၂၀၁၂ ခု ဇန်နဝါရီလမှ ၂၀၁၃ နိုဝင်ဘာလအတွင်း မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်နှင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများက ပြုလုပ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဓာတ်ပုံမှတ်တမ်း ၁၆၂ ခုနှင့် မှတ်တမ်းမှတ်ရာ အထောက် အထား ပေါင်း ၃၈၈ ချက်အပေါ် အခြေခံထားကြောင်းသိရသည်။
KNU ထိန်းချုပ်နယ်မြေများဖြစ်သည့် ဘားအံ၊ ဒူးပလာယာ၊ ဖာပွန်၊ ထားဝယ်၊ ညောင်လေးပင်၊ တောင်ငူ၊ သထုံမြို့များမှ ကရင် ပြည်သူများမှာ တိုက်ခိုက်ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း၊ အဓမ္မဖမ်းဆီး ထိန်းသိမ်းခံရခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ အခွန် ကောက် ခံခြင်းနှင့် ရွာသားများ၏ လယ်မြေများကို သိမ်းယူခြင်း စသည်တို့ကို ကြုံတွေ့နေရဆဲဖြစ်ကြောင်းလည်း ကရင် လူ့အခွင့် အရေး အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။