ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး နာမည်ကျော်ခဲ့တဲ့ “ဝ” ဒေသမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လုံးဝ မရှိတော့ဘူးလို့ “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး ပါတီ (UWSP) ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
“ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ဒေသ အတွင်းမှာ ဘိန်းစိုက်ပျိုးမှုတွေ ရှိနေဆဲပဲလို့ နိုင်ငံတကာ က စောင့်ကြည့် လေ့လာသူတွေနဲ့ “ဝ” ဒေသခံတချို့က ပြောဆိုမှုတွေ ရှိနေကြောင်း ဧရာဝတီက မေးမြန်းမှု အပေါ် UWSP က အခုလို ငြင်းဆန် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
UWSP ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က “၂၀၀၅ ခုနှစ်ကစပြီး ကျနော်တို့ထိန်းချုပ်နယ်မြေထဲမှာ ဘိန်းတပင်မှ မစိုက်တော့ပါဘူး။ အချိန်မရွေး ကြိုက်သလို လာရောက် စစ်ဆေးနိုင်ပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
UWSA ထိန်းချုပ်ဒေသတွင်းမှာ မူလက ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေ ရှိခဲ့ပေမယ့် ၂၀၀၅ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နေ့ကစပြီး ဒေသတွင်း ဘိန်းစိုက်ပျိုးမှုတွေမရှိတော့အောင် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု ကင်းစင်နယ်မြေ ဖြစ်လာခဲ့တာလို့လည်း ဆိုပါတယ်။
“ဝ”ဒေသအတွင်းမှာ ဘိန်းစိုက်ပျိုးမှုတွေကတော့ လျော့ကျသွားတာမှန်ပေမယ့် အမြစ်ပြတ်ပျောက်ကွယ်သွားတဲ့ အနေအထားမျိုး မဟုတ်ဘဲ စိုက်ပျိုးနေတဲ့ နေရာတချို့ရှိနေဆဲပဲလို့ ဘိန်းဘုရင် ဦးခွန်ဆာရဲ့ မော်ထိုင်း တပ်မတော် (MTA)မှာ တာဝန် ထမ်းဆောင် ခဲ့ဖူးတဲ့ အရာရှိဟောင်းတဦးက ဧရာဝတီကိုပြောပါတယ်။ သူဟာ “ဝ” ဒေသအတွင်းမှာ လက်ရှိ စီးပွားရေး လုပ်ကိုင်နေတဲ့ လုပ်ငန်း ရှင် တဦးလည်း ဖြစ်ပါတယ်။
“အရင်တုန်းကလို များများစားစား စိုက်တာတွေ မရှိတော့ဘူး။ ဒါပေမယ့် ဘိန်းစိုက်ရာသီ ရောက်ရင်တော့ တချို့နေရာတွေမှာ စိုက် နေတာတွေ့တယ်။ ဘိန်းပင်တွေက ဟိုအရင်တုန်းကလိုတော့ မကောင်းတော့ဘူး။ အပင်တွေလှီတယ်။ အထွက်လည်း နည်းလာ တယ်။ ဘိန်းစိုက်တဲ့ လူတွေကြတော့ တခြားစီးပွားပြောင်းလုပ်ဖို့ ခက်တယ်။ ဘာကြောင့်လည်း ဆိုရင် ဘိန်းစိုက်တာက အမြတ်များများရပြီး ဝင်ငွေကောင်းလို့ပဲ”လို့လည်း MTA အရာရှိဟောင်း က ဆိုပါတယ်။
ဦးအောင်မြင့် ကမူ“ကျနော်တို့ ထိန်းချုပ်နယ်မြေမှာကတော့ ဘိန်းတပင်မှကို မရှိတော့တာ။ သူများတွေပြောနေတဲ့ နေရာတွေက ကျနော်တို့ နယ်မြေနဲ့ စပ်ကြားနေရာတွေမှာ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ဒေသထဲမှာ စိုက်တာတွေ့တယ် ဆိုရင် နေရာကိုသာ ပြော လိုက် ကျနော်တို့ တခါတည်းလိုက်ပြမယ်”လို့ ပြောပါတယ်။
UWSP အနေနဲ့ အခုလို ပြောဆိုနေပေမယ့်လည်း “ဝ”ဒေသထဲကို သွားရောက်လေ့လာဖို့ အကြိမ်ကြိမ် တောင်းဆိုထားတဲ့ သတင်း မီဒီယာတွေကိုတော့ အခုအချိန်အထိ ဝင်ရောက်ခွင့် မပေးသေးပါဘူး။
၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ “ဝ” ဒေသမှာ ဘိန်းအစားထိုး သီးနှံအဖြစ် ရာဘာပင်တွေ စိုက်ပျိုးဖို့ UWSP က ဆော်သြခဲ့ပြီး အခု ဆိုရင် “ဝ” ဒေသတွင်းမှာ ရာဘာစိုက်ပျိုး ဧက သုံးသိန်းကျော်ရှိပြီလို့လည်း ဦးအောင်မြင့်က ပြောပါတယ်။ ဘိန်းအစား အခြားအစား ထိုး သီးနှံတွေ စိုက်ပျိုးစေခဲ့သလို ကုန်သွယ် ကူးသန်းမှု လွယ်ကူစေဖို့ အတွက် ဒေသတွင်း မြို့ချင်းဆက် လမ်းတွေကိုလည်း UWSP ရဲ့စီမံမှုနဲ့ ဖောက်လုပ် နေတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဆိုင်ရာရုံး(UNODC) က အရှေ့တောင်အာရှမှာ ဘိန်းနဲ့ ပတ်သက်တဲ့ ကွင်းဆင်း လေ့လာ ချက်အရ မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ်အတွင်း ဘိန်း ၈၇၀ မက်ထရစ်တန် ထုတ်လုပ်ထားတယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန် ပြီးရင် ဒုတိယ အကြီးဆုံး ဘိန်းစိုက်ပျိုးတဲ့ နိုင်ငံအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန် လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အောင်မြင်ရမယ်လို့ ကြေညာ ထား ပေမယ့် UNODC ရဲ့ ၂၀၁၃ အစီရင်ခံစာ တွေ့ရှိချက်မှာတော့ ၂၀၁၂ ခုနှစ် ထုတ်လုပ်မှုထက်စာရင် ၂၆ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
UWSA ဟာ မူးယစ်ဆေးဝါး ထုတ်လုပ်၊ ကူးသန်းမှုနဲ့ ကျော်ကြားတဲ့ အဖွဲ့တဖွဲ့ဖြစ်ပြီး အမေရိကန် အစိုးရက ၂၀၀၅ ခုနှစ်မှာ UWSA အကြီးအကဲ ဝေရှောက်ခမ်နဲ့ ခေါင်းဆောင်တချို့ကို မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုနဲ့ စွဲချက်တင်ခဲ့ပြီး ဝေရှောက်ခမ်ကို ၁၉၉၈ ခုနှစ်ကတည်းက အမေရိကန် ဒေါ်လာ ၂ သန်းနဲ့ ဖမ်းမိန့် ထုတ်ခဲ့ဖူးပါတယ်။
UWSP ဟာ ၂၀၀၈ အခြေခံဥပဒေ အရ ရှမ်းပြည်နယ်ထဲမှာ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း” အဖြစ် ခရိုင် ၂ ခု၊ မြို့နယ် ၆ မြို့နယ်
အုပ်ချုပ်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။ UWSP ခေါင်းဆောင်တွေကတော့ နောက်ပိုင်း အစိုးရနဲ့ ဆွေးနွေးပွဲတွေမှာ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ‘ဝ’ ပြည်နယ် တည်ဆောက်ဖို့ တစိုက်မတ်မတ် ဆွေးနွေးခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ အင်အား အတောင့်တင်းဆုံးဖြစ်တဲ့ UWSA ဟာ ၁၉၈၉ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အဖွဲ့ကနေ ခွဲထွက်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့ ၁၉၈၉ မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ အပစ်အခတ်ရပ်စဲရေး ထပ်မံ လက်မှတ်ထိုးထားပါတယ်။