တိုင်းရင်းသားဒေသ တချို့၌ ဖြစ်ပွားနေသည့် စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများကို ဖြေရှင်းရာတွင် ပိုမိုထိရောက်စွာ ဆောင် ရွက် နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ စုပေါင်းဖွဲ့စည်းထားသော ဖက်ဒရယ် တပ်မတော် (Federal Union Army- FUA ) အား ပြန်လည် စုစည်းပြီး ဒေသဆိုင်ရာ စစ်ရေးတာဝန်ခံ တချို့ကို တာဝန် ပေးအပ် ခဲ့ ကြောင်း ပထမဆုံး အကြိမ် တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
FUA သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC ) အဖွဲ့ဝင်များ၏ လက်နက်ကိုင် တပ်ဖွ့ဲ များကို စုပေါင်း၍ ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းထားခဲ့သည့် တပ်ပေါင်းစု တခုလည်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၈၊ ၂၉ ရက်တို့တွင် ပြုလုပ်ခဲ့သည့် စစ်ဘက်ဆိုင်ရာ အစည်းအဝေး အပြီး၌ ဖက်ဒရယ် တပ်မတော် (FUA) အဖြစ် တရားဝင် ဖွဲ့စည်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
FUA ဖွဲ့စည်းလိုက်ခြင်းအပေါ် ဝေဖန်မှု အများအပြား ထွက်ပေါ်နေသကဲ့သို့ လက်တွေ့တွင် မည်မျှ အလုပ်ဖြစ်နိုင် မဖြစ်နိုင် ဆိုသည်ကိုလည်း မေးခွန်းထုတ်မှုများ ရှိနေသည်။ ထို့အတူ FUA အနေဖြင့် တွေ့ကြုံလာရမည့် အကြောင်းအရာ အစုံစုံကို မည်မျှထိ လက်တွွေ့ လုပ်ဆောင် သွားနိုင်မည် ဆိုသည်ကိုလည်း FUA ၏ ခေါင်းဆောင်များက တိကျစွာ ပြောဆိုခြင်း မရှိ သေးပေ။
အစိုးရနှင့် လက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေချိန်တွင် ဖက်ဒရယ် တပ်မတော်အဖြစ် တရား ဝင် ကြေညာလိုက်ခြင်းကြောင့် စစ်ရေးအရ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး၊ ပြည်တွင်း စစ်မီး ပိုမို ကြာရှည် လာမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။ တိုင်းရင်းသား ခေါင်းဆောင်များကမူ စစ်ရေးအရ အင်အားသုံး တိုက် ခိုက်ရန် ရည် ရွယ် ဖွဲ့စည်းခြင်း မဟုတ်ဟု ဆိုကြသည်။
FUA ၏ စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ် ဘီထူး က ဧရာဝတီ ကို ပြောရာတွင် “ကျနော်တို့ရဲ့ ရည်ရွယ်ချက်က နောင်တချိန် ကျရင် အနာဂတ် မြန်မာ ပြည်မှာ ဖက်ဒရယ်တပ်မတော် တည်ထောင်ဖို့ အတွက်ရည်ရွယ်ပြီး ဖွဲ့စည်းထားတာပါ။ မြန်မာ့ တပ်မတော်နဲ့ အပြိုင်အဆိုင် ဖွဲ့စည်းတဲ့ တပ်မတော် မဟုတ်ပါဘူး၊ အခု ကျနော်တို့ ဖွဲ့စည်းထားတဲ့ တပ်မတော်က ကျနော် တို့ လိုချင်တဲ့ တပ်မတော် ပုံစံဖြစ်ပါတယ်”ဟု ဆိုသည်။
FUA ဖွဲ့စည်းရခြင်းသည် လက်ရှိအစိုးရ ဖွဲ့စည်းထားသည့် တပ်မတော်အား လက်မခံနိုင်၍ ဖြစ်ကြောင်း၊ ထိုကြောင့် ဖက်ဒ ရယ် တပ်မတော် စစ်စစ် ဖြစ်ပေါ်လာရေးအတွက် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း၊ အစိုးရက ၎င်းတို့ တပ်မတော်အား ဖက်ဒ ရယ် ပြည်ထောင်စု တပ်မတော်ဟု မခေါ်ဆိုဘဲ ဗမာ့တပ်မတော်ဟုသာ ခေါ်နေသည်ဟု ဗိုလ်ချုပ် ဘီထူးက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ စုပေါင်း၍ တပ်ပေါင်းစု ဖွဲ့စည်းထားသည်မှာ ကြာပြီဖြစ်သော်လည်း ဖက်ဒရယ် တပ်မတော်ဟု ယခုအခါမှ တရားဝင် ကြေညာခြင်းဖြစ်ကြောင်း၊ FUA အဖြစ် ဖွဲ့စည်းလိုက်ခြင်းကြောင့် အစိုးရနှင့် တိုင်းရင်း သားတို့အကြား နိုင်ငံရေး ဆွေးနွေးရာတွင် တစုတစည်းတည်း ဖြစ်စေမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ ( KIO ) ၏ ဗဟို အဖွဲ့ဝင် တဦးက ဧရာဝတီကို ပြောသည်။
“FUA ဖွဲ့လိုက်တဲ့အတွက် အစိုးရနဲ့ နိုင်ငံရေး၊ စစ်ရေး ကိစ္စတွေကို ဆွေးနွေးတဲ့ အခါမှာ တစုတစည်းတည်း ဖြစ်အောင် လို့ပါ၊ ဒီလိုမဖွဲ့ဘူးဆိုရင် တဖွဲ့ချင်းစီက ကိုယ့်အစီအစဉ်နဲ့ကိုယ် အစိုးရနဲ့ သွားတွေ့နေကြမယ်ဆိုရင် တိုင်းရင်းသားတွေ အကြားမှာ စိတ်ဝမ်းကွဲမှုတွေကို ဖြစ်လာစေနိုင်တယ်” ဟု ဆိုသည်။
FUA ၏ စစ်ဘက်ဆိုင်ရာ အစည်းအဝေးကို ထိုင်း-မြန်မာ နယ်စပ်၌ နိုဝင်ဘာလ ၂၈၊ ၂၉ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ FUA ၏ တောင်ပိုင်း စစ်ဒေသဆိုင်ရာ စစ်ဦးစီးချုပ်အဖြစ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်( KNU-KNLA) မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဘောကျော်ဟဲကို ခန့်အပ်ခဲ့သည်။
ထို့အတူ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်အား မြောက်ပိုင်း စစ်ဒေသဆိုင်ရာ စစ်ဦးစီးချုပ်အဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း FUA ၏ အကြံပေး ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာဝတီကို ပြောသည်။
FUA သည် လက်ရှိ ဖြစ်ပွားနေသည့် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပေါ် သုံးသပ်ပြီး ရှေ့ဆက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ လိုင်ဇာရှိ KIA ဗိုလ်လောင်း သင်တန်းကျောင်းအား အစိုးရ တပ်မတော်က နိုဝင်ဘာလ ၁၉ ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သင်တန်းသား ၂၃ ဦး သေဆုံးခဲ့ပြီး၊ ၂၀ ဦး ဒဏ်ရာရခဲ့ခြင်း အပေါ် ရှုတ်ချသည့် ကြေညာချက်ကို FUA အစည်းအဝေးက ထုတ်ပြန်ခဲ့သည်ဟု ဦးခွန်ဥက္ကာက ပြောသည်။
ဖက်ဒရယ် တပ်မတော်နှင့် ပတ်သက်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ချိန်တွင် ဆွေးနွေးသွားရန် ရှိကြောင်း၊ မြန်မာနိုင်ငံ၌ အစိုးရ တပ်မတော် အပါအဝင် လက်နက်ကိုင် တပ်မတော် အများအပြား ရှိနေကြောင်း၊ သို့သော် တတိုင်းပြည်လုံးအား ကိုယ်စားပြုသည့် တပ်မတော် တိတိကျကျ မရှိသေးကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU ) ၏ အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ဧရာဝတီကို ပြောသည်။
“လက်ရှိမှာတော့ တပ်မတော်တွေက အများကြီးပဲလေ၊ အစိုးရမှာရော၊ တိုင်းရင်းသားတွေမှာရောပေါ့၊ အစိုးရ တပ်မတော် ကလည်းပဲ တိုင်းရင်းသား အားလုံး ကိုယ်စားမပြုဘူး ပြောရမှာပေါ့၊ အစိုးရ တပ်မတော်က တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတယ် ဆိုရင် တိုင်းရင်းသား အခွင့်အရေးတွေကို ကာကွယ်ပေး ရမှာပေါ့၊ ဒါပေမယ့် FUA ကိစ္စကတော့ အများကြီး ဆွေးနွေးရဦးမှာပါ၊ လက်တွေ့မှာ ဖြစ်နိုင်ခြေက သိပ်မရှိသေးဘူး”ဟု ၎င်းက ဆိုသည်။
အစိုးရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်း ဖွဲ့စည်းထားသည့် ဖက်ဒရယ် တပ်မတော် ( FUA ) ကို လက်မခံဟု ပြောဆိုသည်။ လက်ရှိ၌ အစိုးရ တပ်မတော် သည် တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုသည့် တပ်မတော် ဖြစ်ကြောင်း အမေရိကန် အခြေစိုက် ( VOA ) မြန်မာပိုင်း အစီအစဉ်နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖြေဆိုခဲ့သည်။
တိုင်းရင်းသားများ ဖွဲ့စည်းလိုက်သည့် ဖက်ဒရယ် တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်မှု မရှိ ကြောင်း၊ မည်သည့် နိုင်ငံမဆို အမျိုးသား တပ်မတော် တခုတည်းသာ ရှိကြောင်း၊ လက်ရှိ မြန်မာ့တပ်မတော်သည် တိုင်းရင်းသား အားလုံးနှင့် စုပေါင်း ဖွဲ့စည်းထားသည့် တပ်မတော် ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်ထဲ၌ တိုင်းရင်းသား အရာရှိပေါင်း ၄၅၀၀ ရှိပြီး ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်အထိ ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က“တပ်ဆိုတာ လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့အတွက် စည်းလုံးဖို့ လိုတယ်၊ ကွဲနေလို့ မရဘူး၊ ဒါကြောင့် စုစည်းညီညွတ်တဲ့ တပ်မတော်တခုပဲ ရှိသင့်တယ်လို့ ကျနော်တို့ ယူဆတယ်” ဟု ဆိုသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် တိုင်းရင်းသားများ ပါဝင်သော တပ်မတော်ဟု ဆိုသော်လည်း ဖက်ဒရယ်ဟူသော စကားရပ်ကို အသုံးပြုရန် ဆန္ဒမရှိသေးဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။
“ဖက်ဒရယ် တပ်မတော် ဖွဲ့တာဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်၊ ကျနော် တို့ တိုင်းရင်းသားအဖွဲ့ အားလုံးကလည်းပဲ ဒီမိုကရေစီ မကျတဲ့၊ တိုင်းရင်းသား တန်းတူရေး ပေးမထားတဲ့၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံပါဘူး၊ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ပေးဖို့ တောင်းဆို နေကြတာပေါ့” ဟု တိုင်းရင်းသား ခေါင်းဆောင် တဦးက ပြော သည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးပွဲများ ဆောင်ရွက်နေသကဲ့သို့ အခြားတဘက်တွင်လည်း အပြန်အလှန် တိုက်ခိုက်မှုများ၊ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
ထိုသို့ တိုက်ခိုက်မှုများ ဖြစ်ပွားနေချိန်တွင် ဖက်ဒရယ် တပ်မတော် ( FUA ) အား တရားဝင် ထပ်မံ ဖွဲ့စည်းလိုက်ခြင်းကြောင့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် မည်မျှအထိ အထောက်အကူ ဖြစ်လာနိုင်ခြေ ရှိမရှိ ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ပေသည်။