ရွှေမြွေဟောက်(Cobra Gold) စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံနှင့် ဆက်လက် ပူးတွဲလေ့ကျင့်သွားမည်ဟု အမေရိကန်က ပြောဆို လိုက်သည်။
ထိုင်း ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ပရာဝတ်ဝေါင်ဆူဝမ် နှင့် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး ယာယီသံအမတ် မစ္စတာ ပက်ထရစ်မာဖီတို့ ဘန်ကောက်မြို့ ထိုင်းကာကွယ်ရေး ဝန်ကြီးရုံး၌ မိနစ် ၇၀ အကြာ တွေ့ဆုံဆွေးနွေးပြီးနောက် ထိုင်းနှင့် အမေရိကန် နိုင်ငံတို့အကြား စစ်ရေးဆက်ဆံမှုများ အထူးသဖြင့် Cobra Gold စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်သွားမည်ဟု ပြောဆို ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
အမေရိကန် ယာယီသံအမတ် မစ္စတာ ပက်ထရစ်မာဖီက ကာလရှည်ကြာစွာ ပုံမှန်ပြုလုပ်နေသည့် ရွှေမြွေဟောက် စစ်ဆင်ရေးကို လာမည့်လတွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည်ဟု အတည်ပြုပြောကြားကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က ထိုင်းစစ်တပ် အာဏာသိမ်းပြီးနောက် ရွှေမြွေဟောက် စစ်ဆင်ရေးကို သြစတြေးလျ နိုင်ငံသို့ ပြောင်းရွှေ့မည် ဆို သည့် သတင်းများ ထွက်ပေါ်ခဲ့သလို၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦး ဖြစ်သူ Scot Marciel ကလည်း အမေရိကန် အနေဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အခြားတနိုင်ငံသို့ ပြောင်းလဲ ပြုလုပ်ရန် စဉ်းစားနေကြောင်း ထုတ်ဖော် ပြော ဆို ခဲ့သေး သည်။
ထိုစဉ်က ထိုင်းအာဏာသိမ်း စစ်ကောင်စီ ဒုတိယ အကြီးအကဲ Prajin Juntong က အမေရိကန် နိုင်ငံ အနေဖြင့် Cobra Gold စစ်ရေး လေ့ကျင့်မှုကို နောက်ထပ် နိုင်ငံ တခုတွင် ပြောင်းလဲကျင်းပမည်ဟု ဆုံးဖြတ်ခဲ့မည်ဆိုပါက ထိုင်းနိုင်ငံအနေဖြင့် ပြဿနာ တခု အဖြစ် ရှုမြင်မည် မဟုတ်သော်လည်း အမေရိကန် အနေဖြင့် ထိုင်းကဲ့သို့ နိုင်ငံမျိုးဆုံးရှုံးသွားနိုင်၍ အဆုံးအရှုံးလည်းများနိုင် သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ပါဝင်သည့် ရွှေမြွေဟောက် စစ်ဆင်ရေးသည် အရှေ့တောင်အာရှတွင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာ့ တပ်မတော်မှ အရာရှိ ၂ဦး ပထမဆုံးအကြိမ် လေ့လာသူအဖြစ် ပါဝင်ခဲ့သည်။
Cobra Gold စစ်ဆင်ရေးတွင် ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ ဂျပန်၊ ကိုးရီးယားနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ စစ်သည်များပါဝင်ပြီး ထိုင်းနှင့် အမေရိကန်တို့ အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ သဘာဝဘေးရန် ကူညီကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များလည်း ပါရှိကြောင်း သိရသည်။