အတွင်းဝန်ရုံးထဲက ဒေါ်သီသီထွန်း၏ မွေးနေ့ပါတီပွဲ (ဓာတ်ပုံ – အေးနေဝင်း၏ Facebook မှ)
ဒုဗိုလ်ချုပ်ကြီး ထွန်းကြည် (ငြိမ်း) နှင့် ဒေါ်နီနီတို့၏ သမီးဖြစ်သူ ဒေါ်သီသီထွန်းသည် မွေးနေ့ပါတီကို မတ်လ ၂၁ ရက်နေ့ညက ရန်ကုန်မြို့လည် ယခင် အတွင်းဝန်ရုံး အဆောက်အဦတွင် ကျင်းပခဲ့သော ဓာတ်ပုံများ ဖေ့ဘွတ်လူမှုကွန်ရက်တွင် ပြန့်နှံ့နေပြီး လူအများဝေဖန်မှုများခံနေရသည်။
အဆိုပါ မွေးနေ့ပွဲသို့ အာဏာရှင် ဦးနေဝင်း၏ မြေးဖြစ်သူ အေးနေဝင်းလည်း တက်ရောက်ခဲ့ပြီး ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် မွေးနေ့ပွဲ ဓါတ်ပုံများ စတင်ဖြန့်ချီရာမှ ဖေ့ဘွတ်သုံးစွဲသူများကြား ယင်းမွေးနေ့ပွဲအကြောင်း ပြန့်သွားခြင်း ဖြစ်သည်။
ထိုသို့ ဖေ့ဘွတ်လူမှုစာမျက်နှာပေါ်တွင် ဆူညံနေသော ဝေဖန်မှုများထဲတွင် သမ္မတ၏ ပြောရေးဆိုခွင့်ရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်လည်း အပါအဝင် ဖြစ်သည်။
“မွေးနေ့ပွဲ လုပ်တယ်ဆိုရင် ဒီလုပ်ရပ်ကို ကျနော်လည်း မနှစ်သက်ပါ။ ဒီအဆောက်အဦ ပြုပြင်ထိန်းသိမ်းရေးကို ကိုသန့်မြင့်ဦးတို့ YHT နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ပဲ နားလည်ထားပါတယ်။ ဒါ့ကြောင့် YHT အနေနဲ့ ပြန်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်” ဟု ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် မတ်လ ၂၂ ရက်နေ့ ည ၈ နာရီခန့်က ရေးသားထားသည်ကို တွေ့ရသည်။
ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ္ဋ်က အဆောက်အဦ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ပေးနေသော ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) အနေနှင့် ယင်းကဲ့သို့ မွေးနေ့ပွဲ ကျင်းပခဲ့ခြင်းအပေါ် ပြန်လည်သုံးသပ်သင့်ကြောင်း ဝေဖန်ထားသည်။
သို့ရာတွင် YHT က အဆောက်အအုံ၏ ပြုပြင်ရေး နည်းပညာဆိုင်ရာ အကြံဉာဏ်နှင့် ဆက်စပ်သော လုပ်ငန်းအတတ်ပညာ သင်တန်းများ ပူးပေါင်းအကောင်အထည် ဖော်ရန်အတွက်သာ အနော်မာ အနုပညာအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း ဖြစ်ပြီး စီမံခန့်ခွဲခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပါဝင်ခြင်း မရှိကြောင်း တုံ့ပြန်သည်။
“၂၀၁၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် အနော်မာအကြား သဘောတူညီစာချုပ် ချုပ်ဆိုရာတွင် အစိုးရအဖွဲ့၏ တာဝန်ပေးချက်ဖြင့် မိမိတို့က တာဝန်ယူစီစဉ်ကာ ပြည်ပမှ ပညာရှင်အဖွဲ့ (အီဒင်ဘရာမှ Simpsons and Brown) ကို တာဝန်ပေးကာ CMP (Conservation Management Plan) ကို ရေးဆွဲခဲ့ပါသည်။ အထူးသဖြင့် အမွေအနှစ်တန်ဖိုး အနည်းအများအလိုက် အသုံးချမည့်အပေါ် ဆန်းစစ်ခြင်းဖြစ်ပါသည်။ အမွေအနှစ်တန်ဖိုးအရ အမြင့်မားဆုံးဖြစ်သည့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် အလယ်ထပ်ရှိ ကက်ဘိနက်ခန်း၊ ဝင်းအလယ်တွင်ရှိ လူမျိုးစု လွှတ်တော် အဆောက်အအုံနှင့် အခြားသော သမိုင်းဝင်ရုံးခန်းများအပါအဝင်ကို ပြတိုက်ပြခန်းများ အဖြစ် အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်သော၊ မူလလက်ရာအတိုင်း ပြန်လည် မွမ်းမံမည့် နေရာများအဖြစ်သတ်မှတ်ပြီး ကျန်အထပ်များကို အခြားသော အနုပညာပြခန်းများနှင့် စီးပွားရေးဆိုင်ရာ အသုံးချမှုများအတွက် ပြန် လည်ပြု ပြင်ရန် CMP တွင် ဖော်ပြထားပါသည်”ဟု YHT ဥက္ကဋ္ဌ ဦးသန့်မြင့်ဦး၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။
အတွင်းဝန် ရုံးဟောင်းသည် ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရက ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ရာတွင် အနော်မာ အနုပညာအဖွဲ့သည် ပြတိုက်နှင့် ယဉ်ကျေးမှု အနုပညာစင်တာအဖြစ် ပြန်လည်အသုံးချရန် တင်ဒါအောင်မြင်ခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်နှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ ကနဦးခွင့်ပြုချက်ကို ၂၀၁၅ ခုနှစ်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။ “အနုပညာပြတိုက်တခု ရှိလာပါလိမ့်မယ်။ ကျမတို့ စီမံကိန်းထဲမှာ အနုပညာနဲ့ မြန်မာ့လက်မှု ပစ္စည်းတွေ ထုတ်လုပ် ပုံကို ပြသမယ့် အလုပ်ရုံတွေ၊ အမှတ်တရ ပစ္စည်းဆိုင်တွေ နဲ့ ယဉ်ကျေးမှုပြကွက်တခု ပါဝင်နိုင်ဖို့လည်း မျှော်လင့်ထား ပါတယ်” ဟု အနော်မာ အနုပညာအဖွဲ့ ဒါရိုက်တာ ဒေါ်လဲ့ရည်စိုးက ဧရာဝတီသို့ ဇန်နဝါရီလအတွင်းက ပြောဖူးသည်။
ပြတိုက်ပြုလုပ်ခွင့်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် နှစ်ရှည်ငှားရမ်းခွင့် ရရှိထားသော အနော်မာ အနုပညာလုပ်ငန်းစု၏ ပိုင်ရှင်များတွင် ဒုဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည်၏ သမီးများ ပါဝင်နေသည်ဟု ဖေ့ဘွတ်သုံးစွဲသူ အချို့က ဝေဖန်နေကြသည်။ ဗိုလ်ချုပ်ထွန်းကြည်သည် ယခင် စစ်အစိုးရလက်ထက်တွင် ကုန်သွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ တဦးလည်း ဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အနော်မာ အနုပညာလုပ်ငန်းစုသို့ ဧရာဝတီက မတ်လ ၂၃ ရက်နေ့က ဆက်သွယ်မေးမြန်းရာ တစုံတရာ အကြောင်းပြန်ခြင်း မရှိခဲ့ပါ။
ယင်းမွေ့နေ့ပွဲသို့ တက်ရောက်ခဲ့သည့် အမျိုးသမီးတဦး၏ ပြောပြချက်အရ မွေးနေ့ပွဲသည် မတ်လ ၂၁ ရက်နေ့ ည ၇ နာရီမှ ည ၁၀ နာရီအထိ ကျင်းပခဲ့ပြီး စစ်တပ်အသိုင်းအဝိုင်းမှ ဧည့်သည်အများစု တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ၏ ခင်ပွန်း ဥက္ကာကျော်၏ ဖေ့ဘွတ်စာမျက်နှာတွင်လည်း ဆုပန်ထွာနှင့် အေးနေဝင်း တို့အပါအဝင် မွေးနေ့ပွဲသို့ တက်ရောက်သော အခြားဧည့်သည်များနှင့်အတူ တွေ့ရသော မွေးနေ့ပွဲ ဓါတ်ပုံများကို တွေ့ရသည်။
အတွင်းဝန် ရုံးဟောင်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်များ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသည့် အဆောက်အဦ ဖြစ်ပြီး အမွေအနှစ်တန်ဖိုးအရ အမြင့်မားဆုံးသော အဆောက်အဦ တခုဖြစ်သောကြောင့် ယခုကဲ့သို့ ပုဂ္ဂလိက မွေးနေ့ပါတီပြုလုပ်ခြင်းအပေါ် မခံမရပ်ဖြစ်နေခြင်းဖြစ်သည်။
Burma Studies Centre တည်ထောင်သူ ကိုရဲမျိုးဟိန်းက သူ၏ ဖေ့ဘွတ်တွင် ယခုမွေးနေ့ပွဲက အချိန်မီ သတိပေးလိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။ “ဘာမှ မလုပ်နိုင်ခင်မှာတောင် ရထားတဲ့ လုပ်ပိုင်ခွင့်ကို အလွန်အကျွံ အရမ်းမဲ့သုံးနေတာဖြစ်လို့ တကယ်လို့ တည်ဆောက်ပြီးစီးတဲ့အခါကျရင်လည်း ကိုယ်လုပ်ချင်တာတွေကို ရှေ့နောက် မကြည့်၊ ကိုယ့်အတ္တနဲ့ လောဘကိုပဲကြည့်ပြီး လုပ်ကြမှာပဲ။ ဒီတော့ အစိုးရအနေနဲ့ မကျွံမလွန်ခင် ဒီလုပ်ပိုင်ခွင့်ကို ပြန်လည်စိစစ်ဖို့ လိုတယ်” ဟုလည်း ရေးသားထားသည်။