သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း တနှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနား တချို့ကို ယနေ့ ရန်ကုန်မြို့၌ ကျင်းပရာ သူ မကွယ်လွန်မီ ဝတ်ဆင်ခဲ့သည့် အပြာရောင်ကို အမှတ်တရ အဖြစ် ပြန်လည် ဝတ်ဆင်မှုများ တွေ့ရှိရသည်။
ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပသည့် ဦးဝင်းတင် တနှစ်ပြည့် အခမ်းအနားသို့ အပြာရောင် ဝတ် ဆင်တက်ရောက်သူများ ရှိသကဲ့သို့ ဦးဝင်းတင် အုတ်ဂူတည်ရှိရာ ရေဝေး သုသာန်သို့လည်း အပြာရောင် အဝတ်အစားများဖြင့် သွားရောက် ဂါရဝပြုကြကြောင်း သိရသည်။
ဦးဝင်းတင်သည် ထောင်အဝတ်အစား ဖြစ်သည့် အပြာရောင် အကျႌကို သူပြန်လည် လွတ်မြောက်လာသည့် ၂၀၀၈ ခုနှစ်မှ စတင်ပြီး ကွယ်လွန်ချိန်အထိ ဝတ်ဆင်ခဲ့သည့် အကြောင်းအရင်းသည် မြန်မာတနိုင်ငံလုံး ထောင်ကျနေသကဲ့သို့ ခံစားရသဖြင့် ဝတ်ဆင်ခြင်း ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
“တိုင်းပြည်မှာ နိုင်ငံရေး အကျဉ်းသား တယောက်မှ မရှိမှ ကျနော် ဒီအကျႌကို ချွတ်မယ်”ဟု ဦးဝင်းတင်က ပြောခဲ့သည်။
ထိုင်းနိုင်ငံ အခြေစိုက် Chaing Mai City News သတင်း တပုဒ်ကလည်း သတင်းစာဆရာကြီး ဦးဝင်တင် ကွယ်လွန်ခြင်း တနှစ်မြောက်နေ့တွင် သူ့ကို ဂုဏ်ပြုသည့်အနေဖြင့် အပြာရောင် အကျႌ ဝတ်ဆင်ကြရန်၊ ထိုသို့ ဝတ်ဆင်ခြင်းအားဖြင့် မြန်မာနိုင်ငံ အကျဉ်း ထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသားများ ရှိနေသေးသည်ကို သတိရစေရန် ဖြစ်ကြောင်း ဖော်ပြသည်။
ဦးဝင်းတင် ကွယ်လွန်ခြင်း တနှစ်ပြည့် ဖြစ်သည့် ဧပြီလ ၂၁ ရက် တွင် မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများကို ထောက်ခံသည့် အနေဖြင့် ကမ္ဘာတဝန်းလုံး အပြာရောင် အကျႌများ ဝတ်ဆင်ကြရန် အဖွဲ့အစည်း ၁၇ ဖွဲ့က လက်မှတ်ထိုး တောင်းဆိုထားသည်ဟု ဗြိတိန် နိုင်ငံ အခြေစိုက် Burma Camping UK အဖွဲ့ကလည်း သတင်း ထုတ်ပြန်ထားသည်။
လက်ရှိ မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၁၇၃ ဦး အကျဉ်းကျခံနေရဆဲ ဖြစ်သည်ဟု လည်း ဆိုသည်။
ဟံသာဝတီ ဦးဝင်းတင်သည် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်က အဆုတ်ရောဂါဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၄ နှစ် ရှိပြီ ဖြစ်သည်။
ဦးဝင်းတင် တနှစ်ပြည့် ကွယ်လွန်ခြင်း အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး အမှတ်တရစကား ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က“ဆရာကြီး ဦးဝင်းတင်ဟာ ကျမတို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်တဦးဖြစ်ခဲ့သလို တကယ့်ကို အားကိုး ရတဲ့ တကယ့်ကို အင်အားပြည့်ဝတဲ့ ဒီမိုကရေစီ ရဲဘော်တယောက်လည်း ဖြစ်ခဲ့ပါတယ်”ဟု ပြောကြားသည်။
ထို့အပြင် မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှုကြီးသည် ဆုံးခန်းတိုင် မရောက်သေးသဖြင့် ရှေ့ဆက် လုပ် ဆောင်ရမည့် ကိစ္စများတွင် မိမိတို့၏ လောဘ၊ ဒေါသ၊ မောဟ စသည့် ဆန္ဒများကို ရှေတန်း မတင်ဘဲ နိုင်ငံအတွက် ကောင်းရာ ကောင်းကျိုးကိုသာ ရှေးရှုလုပ်ဆောင်ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာသည့် ရခိုင် အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးအေးသာအောင်ကလည်း “ဦးဝင်းတင် က အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီးတော့ တိုက်ပွဲဝင်တဲ့အခါမှာ ဦးမညွှတ် ခေါင်းမငုံ့ဘဲနဲ့ ကွယ်လွန်တဲ့ အထိ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ တယ်။ ဦးဝင်းတင်ဟာ သူ့ရဲ့ခံယူချက် ပြင်းပြသလို နိုင်ငံရေးပါတီတွေက ချမှတ်ထားတဲ့ မူ ဆုံးဖြတ်ချက်တွေကိုလည်း တသဝေ မတိမ်း လိုက်နာခဲ့တဲ့ ပုဂ္ဂိုလ်၊ စံပြုထိုက်တဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ အလွန် လေးစားမိပါတယ်”ဟု ပြောသည်။
အခမ်းအနားတွင် NLD နာယက ဦးတင်ဦး၊ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း နာယက အဖွဲ့ဝင် ဦးမောင်မောင်ခင်၊ စာရေးဆရာ ဦးမိုးသူ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင် နှင့် ကဗျာဆရာ ဖျာပုံ နီလုံဦးတို့က အမှတ်တရ စကားများ ပြောကြားကြသည်။
ဦးဝင်းတင်၏ တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွင် သူရေးသားခဲ့သော စာအုပ်များ၊ အသုံးအဆောင် ပစ္စည်းများကိုလည်း အမှတ်တရ ခင်းကျင်းပြသခဲ့သည်။
ဦးဝင်းတင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူတဦး ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများကို ကူညီထောက်ပံ့ရန် အတွက် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း ကိုလည်း ၂၀၁၂ ခုနှစ် မတ်လ အတွင်းက တည်ထောင်ခဲ့သည်။