ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့မ ရဲစခန်းမှ ဒုတပ်ကြပ် အဆင့်ရှိ ရဲတပ်ဖွဲ့ဝင် ၂ ဦး အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီး စစ်ဆေးခံနေရကြောင်း သတင်းရရှိသည်။
၂၀၁၅ ခုနှစ် ဧပြီလ ၁၁ ရက် ညပိုင်းက တွန်းဇံမြို့မှ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတဦးကို ဒုတပ်ကြပ် ဖြိုးကိုကိုနှင့် ဖြိုးပိုင်တို့က မုဒိမ်းကျင့်ခဲ့သည်ဟု တိုင်တန်းချက်အရ တွန်းဇံ ရဲစခန်းက ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တွန်းဇံမြို့မ ရဲစခန်း၌ပင် ချုပ် နှောင် ထားရှိကြောင်း သိရသည်။
ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်လွင်က“တွန်းဇံမြို့မ စခန်းမှာပဲ ချုပ်ထားပါတယ်။ ထိရောက်တဲ့ပြစ်ဒဏ်တွေ ချမှတ်သွားမှာပါ။ တာဝန်ရှိ ကွပ်ကဲကြီးကြပ်သူတွေကိုပါ အရေးယူမှာပါ။ အမှုကို ခရိုင်တရားရုံးကို အမြန်ဆုံး တင်ပို့နိုင်အောင် စီစဉ်နေပါတယ်။ ဒီပြစ် မှုနဲ့ ပတ်သက်လို့လည်း အဲဒီ ဒုတပ်ကြပ် ၂ ဦးစလုံးက ဝန်ခံထားပြီး ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
မိန်းကလေးငယ်၏ ဖခင်ဖြစ်သူက တရားလို ပြုလုပ်တိုင်တန်းခဲ့သည့်အတွက် ယင်းဒုတပ်ကြပ် ၂ ဦးကို တွန်းဇံ မြို့မ ရဲစခန်းက ပြစ် မှု နံပါတ် ၂/၂၀၁၅၊ ပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ပုဒ်မ ၁၁၄(အားပေးကူညီမှု)တို့ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဒု တပ်ကြပ် ၂ ဦးသည် မိန်းကလေးငယ်၏မိသားစုဝင်များနှင့် ရင်းနှီးသော မိတ်ဆွေများဖြစ်ကြောင်း၊ အခင်းဖြစ်သည့်နေ့က မိန်းကလေးငယ်၏ အစ်မဖြစ်သူ နေမကောင်းဖြစ်နေသည်ကို ပြုစုစောင့်ရှောက်ရန် ထို ဒု တပ်ကြပ် ၂ ဦးက လာရောက်ခေါ်ဆောင် ရာမှတဆင့် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တွန်းဇံ မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
“မုဒိမ်းမှုဖြစ်လို့ ရဲ ၂ ယောက်ကို အချုပ်ထဲထည့်ထားတယ်။ ကောင်မလေးက အသက် ၁၆ နှစ်ပဲ ရှိသေးတယ်။ တွန်းဇံ မြို့ခံပါပဲ။ ဖြစ်တာတော့ မြို့ပြင်မှာရှိတဲ့ ရဲစခန်းဆီကို သွားတဲ့လမ်းမှာဖြစ်တာ။ အဲဒီကိစ္စကို တွန်းဇံက လူငယ်အဖွဲ့တွေက လိုက်ပါကူညီပေးနေကြတာတွေ ရှိတယ်”ဟု တွန်းဇံ မြို့ခံတဦးက ပြောသည်။
အဆိုပါ ဒု တပ်ကြပ် ၂ ဦးသည် ရဲတပ်ဖွဲ့ဝင်ဖြစ်ပါလျက်နှင့် ရာဇဝတ်မှု ကျူးလွန်သည့်အတွက် အရပ်ဘက် တရားရုံးက ချမှတ်သည့်ပြစ်ဒဏ်သာမက မြန်မာနိုင်ငံရဲတပ်ဖွဲ့က ချမှတ်သည့်ပြစ်ဒဏ်ကိုပါ ကျခံရမည် ဖြစ်ကြောင်း ရဲမှူးကြီး မြင့်လွင်က ပြောဆိုသည်။
“သူတို့ကို ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ပြစ်ဒဏ်သပ်သပ် စီရင်မယ်။ တဖက်ကလည်း အရပ်ဘက်က ခရိုင်တရားရုံးကို သူတို့ကို ပို့ပြီး အရပ်ဘက် ဥပဒေအရလည်း မုဒိမ်းမှုအတွက် ပြစ်ဒဏ်ချတာတွေ ရှိပါမယ်။ အဲဒီတော့ သူတို့က ပြစ်ဒဏ် ၂ ရပ် ကျခံရမယ့်အခြေ အနေမှာ ရှိတယ်”ဟုလည်း သူက ပြောသည်။
တွန်းဇံမြို့သည် ချင်းပြည်နယ်၏ မြောက်ဘက် အစွန်ဆုံးပိုင်းတွင် တည်ရှိပြီး လူဦးရေ ၂ သောင်းကျော် အခြေချနေထိုင်သည့် မြို့တမြို့ ဖြစ်သည်။