ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်မှ လမ်းကြောင်းအနည်းငယ်ပြောင်း၍ ရွေ့လျား နေသော်လည်း ယင်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသတချို့တွင် မိုးကြီးပြီး လေပြင်းများ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ(မိုး/ဇလ) ညွှန်ကြားမှု ဦးစီးဋ္ဌာနက ခန့်မှန်းထားသည်။
ထိုမုန်တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင် ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ် ဒေသနှင့် မြန်မာနိုင်ငံ၏ ဒေသတချို့တွင် လေပြင်း တိုက်ခတ်မှု၊ မိုကြီးမှုများသည် ဇူလိုင် ၂၉ ရက်နေ့အတွင်း ဖြစ်ပွားလာနိုင်ကြောင်း၊ မုန်တိုင်းငယ်သည် ရခိုင်ပြည်နယ် စစ်တွေမြို့မှ အနောက် မြောက် ဘက် မိုင် ၁၉၀ နှင့် မောင်တောမြို့ အနောက် မြောက်ဘက် မိုင် ၁၄၀ အကွာ၌ ပင်လယ်ပြင်ကို ဗဟိုပြု၍ အနောက်ဘက်သို့ ရွေ့လျားနေကြောင်း မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင်နိုင်တီယမ် က ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ ဟာရင်နိုင်တီယမ်က“မြန်မာနိုင်ငံဘက်ကို မုန်တိုင်းက မလာဘူးလို့တော့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ရိုက်ခတ်မှုတော့ အများကြီး ရှိတာပေါ့။ အဲဒါကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်အပြင် မြန်မာနိုင်ငံ အလယ်ပိုင်းတို့မှာ မိုးကြီးတာတွေ ဖြစ်တာပါ” ဟု ဆိုသည်။
ယင်းမုန်တိုင်းငယ်သည် လက်ရှိ ဗဟိုပြုနေရာမှ အနောက်ဘက်သို့ ရွေ့လျားနေကာ၊ ဘင်္ဂလား ပင်လယ်အော်၌ မုတ်သုံလေ အားကောင်းနေပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ် စသည့် ဒေသများ၌ နေရာကွက်၍ မိုးကြီးနိုင်မည်ဟု မိုး/ဇလ ဦးစီးဌာန၏ လူမှု ကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။ ထို့အတူ စစ်တောင်း မြစ်ရေ သည်လည်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ပါရှိသည်။
ဇူလိုင် ၂၆ ရက် ညနေ ၃ နာရီခွဲအချိန် တိုင်းထွာချက်အရ မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်မြောက်ဘက် မိုင် ၁၆၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည့် မုန်တိုင်းငယ်သည် သိသိသာသာ ရွေ့လျားခြင်း မရှိဘဲ ဆက်လက် တည်ရှိနေကြောင်း၊ ယင်း မုန်တိုင်းငယ်၏ လက်ရှိ အခြေအနေသည် အဝါရောင် အဆင့်ရှိပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်၏ မြို့နယ် တချို့တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးကြီး၍ လေပြင်း တိုက်ခတ်မှုတချို့ ဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင် လ ၂၆ ရက်ကလည်း စစ်တွေမြို့၌ လေဆင်နှာမောင်း တိုက်ခတ်ခြင်းကြောင့် စာသင်ကျောင်း တချို့နှင့် လူနေအိမ် ၁၀ လုံး ကျော် ပျက်စီးသွားကြောင်း နိရဉ္စရာ သတင်းဌာန၌ ဖော်ပြထားသည်။
ထို့အတူ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်တွင်လည်း ဇူလိုင် ၂၄၊ ၂၅ ရက်တွင် မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ တံတားကျိုးခြင်း တို့ကြောင့် လူ ၅ ဦး သေဆုံးကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ရေကြီးမှုကြောင့် သေဆုံးသူ ၁၀ ဦး ဝန်းကျင်အထိ ရှိနိုင်ပြီး ပျောက်ဆုံးနေသူလည်း ဆယ်ဂဏန်း ရှိနေကြောင်း၊ အာဏာပိုင်များနှင့် ဒေသခံများ ပူးပေါင်း ရှာဖွေနေကြောင်း၊ စားဝတ်နေရေး ခက်ခဲနေသည့် ဒေသခံ အများအပြား ရှိနေကြောင်းလည်း သီပေါဒေသခံ တချို့က ဧရာဝတီသို့ ပြောသည်။