မိတ္ထီလာမြို့ရှိ အောင်ကောင်းပြည့် စက်သုံးဆီဆိုင်ပိုင်ရှင်ထံမှ ကျပ်ငွေ ၂ သိန်း တောင်းယူခဲ့သည့် မိတ္ထီလာမြို့မ ရဲစခန်းမှူးနှင့် ရဲအုပ် တဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့့် အရေးယူထားကြောင်း သတင်းရရှိသည်။
မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ တာဝန်ကျရဲအရာရှိက “စခန်းမှူးနဲ့ ရဲအုပ်တဦးကို လာဘ်စားမှုနဲ့ အရေးယူထားပါတယ်။ တရားရုံးပြစ်ဒဏ် ချမှတ်ခြင်း မရှိသေးဘဲ အမှုဖွင့်ထားဆဲဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ စခန်းမှူး ဒုရဲမှူး သိန်းဟန်ကို ပုဒ်မ ၅၆ အရ လည်းကောင်း၊ ရဲအုပ် ဇော်ဝေကျော်ကို ပုဒ်မ ၅၇ အရ လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သိရသည်။
မိတ္ထီလာ- ကျောက်ပန်တောင်း ကားလမ်းပေါ်ရှိ အောင်ကောင်းပြည့် စက်သုံးဆီဆိုင်တွင် ၂၀၁၆ ခုနှစ် မေလ ၂၄ ရက်က ဝန်ထမ်းတဦး ဓာတ်လိုက် သေဆုံးခဲ့ရာ သေမှုသေခင်း အမှုဖွင့်ခြင်းမရှိဘဲ စခန်းမှူး ဒုရဲမှူးသိန်းဟန်က ဆိုင်ရှင်ဖြစ်သူထံ ကျပ် ၂သိန်း တောင်းခဲ့ရာ ပိုက်ဆံကို ရဲအုပ် ဇော်ဝေကျော်က လက်ခံရယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဆိုင်ရှင်ဖြစ်သူက ဇွန်လ ရ ရက်တွင် တိုင်ကြားခဲ့ပြီး မှန်ကန်မှုရှိသည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်တင်က တရားလိုပြုလုပ်ကာ သြဂုတ်လ ၁၅ ရက်တွင် အမှုဖွင့် အရေးယူဆောင် ရွက်ရန် ထပ်မံတိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပုဒ်မ ၅၆ ဖြင့် ပြစ်မှုထင်ရှားပါက ၁၀ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ပါချမှတ်နိုင်ပြီး ပုဒ်မ ၅၇ ဖြင့် ပြစ်မှုထင်ရှားပါက ရ နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ပါချမှတ်နိုင်ကြောင်း သိရသည်။