သတင်း

မြန်မာ ဒုက္ခသည်များကို တားဆီးခြင်းမရှိဟု တရုတ်ပြောဆို

မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသော မြန်မာဒုက္ခသည်များကို တရုတ်နိုင်ငံ ဘက်က တားဆီးခြင်း မပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးက တုံ့ပြန်ပြောဆိုသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့သော မြန်မာ ဒုက္ခသည်များကို တရုတ်အစိုးရဘက်က နှင်ထုတ်ခဲ့ကြောင်း မြန်မာသတင်းမီဒီယာများက သတင်းရေးသား ဖော်ပြမှု ရှိနေသည့်အပေါ် မေးမြန်းမှုအား ယင်းသို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ က “တရုတ်နိုင်ငံက မြန်မာနယ်စပ် ပြည်သူများ တရုတ်နိုင်ငံသို့ ဝင်ရောက် စစ်ဘေးတိမ်းရှောင်ခြင်းအား တားဆီးခြင်းမရှိပါ။ လူသားချင်း စာနာထောက်ထားမှုအရ တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ စစ်ဘေးရှောင် နယ်စပ်ပြည်သူများ အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး စသည့်အကူအညီများကို တောက်လျှောက် ပေးအပ်လျက် ရှိပါသည်” ဟုဆိုသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIA တို့၏ တိုက်ပွဲများကြောင့် ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က ကချင်ဒုက္ခသည် ၄၀၀၀ ကျော်သည် အိမ်နီးချင်း တရုတ်နိုင်ငံထဲသို့ ခိုလှုံရန် သွားရောက်ခဲ့ကြကြောင်း၊ သို့သော်လည်း တရုတ်လုံခြုံရေး တပ်ဖွဲ့ များက မြန်မာနိုင်ငံဘက်သို့ ချက်ချင်း မောင်းထုတ်ခဲ့ကြောင်း ကချင် အရပ်ဘက်အဖွဲ့အစည်းများက ယခုလ ၁၄ ရက်နေ့ ရက်စွဲဖြင့် ပူးတွဲ ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသ အာဏာပိုင်များက စစ်ဘေးရှောင်နယ်စပ် ပြည်သူများအား နေရာချ ထားရေးနှင့် စီမံခန့်ခွဲမှုများကို တိုးမြှင့်လုပ်ဆောင်ထားပြီး မလွှဲမရှောင်နိုင်သော အခြေအနေမှလွဲ၍ တရုတ်နိုင်ငံသို့ ဝင်ရောက်တိမ်းရှောင်ခြင်း ခွင့်မပြုကြောင်း ဇန်နဝါရီလ ၁၆ ရက်နေ့ ရက်စွဲဖြင့် တုံ့ပြန်ထားသော တရုတ်သံရုံး၏ ဖြေဆိုချက်တွင် တွေ့ရှိရသည်။

တရုတ်နိုင်ငံဘက်သို့ ခိုလှုံရန် သွားရောက်ခဲ့ကြသော ဒုက္ခသည်များ ပြန်နှင်ထုတ် ခံခဲ့ရသည်ဆိုသော သတင်းများနှင့် ပတ်သက်၍ ဒုက္ခသည် လုံခြုံရေးအတွက် KIO အနေဖြင့် တရုတ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နေမှုရှိ၊ မရှိနှင့်ပတ်သက်ပြီး ဧရာဝတီက မေးမြန်းမှု အပေါ် KIO ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ချုပ် ဂွန်မော် က ပြောသည်။

ဗိုလ်ချုပ် ဂွန်မော် က “ကျနော်တို့က တရုတ်အစိုးရ ဆိုတာထက် ဒေသဆိုင်ရာ အာဏာပိုင်များနဲ့ ညှိနှိုင်းနေတာဖြစ်ပါတယ်။ တကယ်အကျပ်အတည်း ဖြစ်လာတဲ့ အခါမှာတော့ ကျနော်တို့ လူထုကို တားလို့မရပါဘူး။ ကိုယ့်ရဲ့အသက်ကို ကာကွယ်ရမယ်။ ကိုယ့်အသက်ကို စောင့်ရှောက်ရမယ်ဆိုရင် နယ်စပ်ကို ဖြတ်ကျော်တာမျိုး ရှိပါတယ်။ အဲဒီတော့ ကျနော်တို့က ဒီလိုမလွှဲ မရှောင်သာ အနေအထားမျိုး ဖြစ်လို့ရှိရင် သက်ဆိုင်ရာ အာဏာပိုင်များကို ချဉ်းကပ်ပြီးမှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် KIA တို့တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူ လူဦးရေ ၃၉၀၀ ခန့် ဒုက္ခသည်စခန်းမှ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း၊ ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် လူဦးရေ ၄၀၀၀ ခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီလ ၁၆ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။

ထိုအထဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် ကျေးရွာတရွာတွင် လက်နက်ကြီး ကျမှန်ပေါက်ကွဲမှုကြောင့် အသက် ၆ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း UNOCHA က ဖော်ပြထားသည်။

Loading