အစိုးရ၏ သင်္ကြန်ရုံး ပိတ်ရက် ၅ ရက် ပြောင်းလဲ သတ်မှတ်ခြင်းသည် အလုပ်သမားများ အတွက် အဆင်မပြေဟုဆိုကာ စက်ရုံအလုပ်သမား အဖွဲ့အစည်းများ စုပေါင်းကာ မတ်လ ၁၉ ရက် နံနက်ပိုင်းက လှိုင်သာယာမြို့ နယ် အောင်မြေသာယာဘုရားဝင်းမှ ညောင်တုန်း- ရန်ကုန်လမ်းမကြီး တလျှောက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
“အလုပ်ရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ သင်္ကြန် ၁၀ ရက်ပိတ်ပေးရမယ်လို့ ပြောတယ်။ ပိတ်တဲ့ နေရာမှာ ဘယ်လိုခွင့်နဲ့ ပိတ်ရမယ် ဆိုတာမပါဘူး။ လုပ်ငန်းရှင်တွေနဲ့တိုင်ပင်ပြီးတော့ သင့်တော် တဲ့ခွင့် တမျိုးမျိုးနဲ့. ပိတ်ပေးရမယ်လို့ပြောတဲ့အခါ လုပ်သက်ခွင့် ကလည်း တနှစ်ပြည့်မှရမယ်။ ရှောင်တခင်ကလည်း အခုလို အချိန်မှာယူလို့မရဘူး။ လစာမဲ့ ခွင့်ကလည်း ဘယ်လိုမှ အဆင် မပြေဘူး” ဟု လူသုံးကုန် ဖိနပ် စက်ရုံ အလုပ်သမားအဖွဲ့ အတွင်းရေးမှူး ကိုရဲလင်းကျော်က ပြောသည်။
ကိုရဲလင်းကျော်က “အစိုးရအနေနဲ့ အလုပ်သမားတွေနဲ့ဆွေးနွေးမှုတွေမလုပ်ဘဲ သူတို့ရဲ့ ဆုံးဖြတ်ချက်တစ် ခုနဲ့ ဆုံးဖြတ် လိုက်တယ် အာဏာရှင်ဆန်ဆန်ဆုံးဖြတ်လိုက်တယ်။ နောက်နောင်ဒီလိုကိစ္စတွေ ဆုံးဖြတ်တဲ့ အခါမှာ အလုပ်သမားတွေစကားကိုအလေးအနက် နားထောင်ဖို့ ဆိုတဲ့ အပိုင်းလည်း ပါတယ်”ဟု သုံးသပ်သည်။
စက်ရုံ၊ အလုပ်ရုံအချို့တွင် လုပ်သက်မပြည့်သူများ၊ ခွင့်ရက်ယူပြီးသူများ အနေဖြင့် ပိတ်ရက် ၅ ရက်သာ ရရှိနိုင်မည့် အခြေအနေဖြစ်နေကြောင်း၊ အခြေခံအလုပ်သမားအများစုမှာ နယ်မှ လာရောက် ကြသူ များပြီး သင်္ကြန် ရုံးပိတ်ရက်ရှည် မှသာ နေရပ်သို့ ပြန်ကြရသဖြင့် အစိုးရက ယခုကဲ့သို့ အလုပ် သမား များနှင့် ဆွေးနွေးခြင်းမပြုဘဲ ဆောင်ရွက်လိုက်သည့်အတွက် စားသောက်ကုန် ၊ ဖိနပ်၊ အထည်ချုပ် နှင့် ပီနံအိတ် စသည့် စက်ရုံ ၇ ရုံခန့်မှ လူဦးရေ ၁၀၀၀ ခန့် ဆန္ဒပြကြ ခြင်းဖြစ်ကြောင်း သိရသည်။
လှိုင်သာယာ အခြေခံအထည်ချုပ် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဒေါက်တာခင်မောင်အေးက “ဆန္ဒပြ တာက သူတို့ အစိုးရိမ်လွန်နေတာပါ။ ဒီလောက်ကြီးလည်း မဟုတ်ပါဘူး။ လုပ်ငန်းရှင်တွေ ဘက်က သူတို့ဘာသာ စီစဉ်ထားတာတွေလည်း ရှိပါတယ်။ မရနိုင်ဘူးဆိုတဲ့ ဘက်ကနေ မဟုတ်ဘဲ ရနိုင်တဲ့ဘက်က ညှိကြည့်ဖို့ ကျနော်ကတော့ တိုက်တွန်းပါတယ်။ မဖြစ်နိုင်တဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းရှင်များက မတ်လ ၁၃ ရက်နေ့ တွင် ဆွေးနွေးခဲ့ကြရာ ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိသာ တရားဝင် အစိုးရရုံးပိတ်ရက် ဖြစ်ပြီး ကျန် ၅ရက်ကို လုပ်ငန်းအမျိုးအစား ပေါ် မူတည်၍ လုပ်ငန်းရှင်များကခွင့်တမျိုးမျိုးသတ်မှတ်ပေးခြင်း၊ ရက်အစားထိုး ပိတ်ပေးခြင်း စသည့် နည်းလမ်းတို့ဖြင့် ပိတ်ရက် ထပ်မံပေးရန် သဘောတူထားကြောင်း သိရသည်။
အစိုးရသည် နှစ်သစ်ကူး ရုံးပိတ်ရက်များကို ၁၀ ရက် သတ်မှတ်ခဲ့၍ ရုံးပိတ်ရက်နှင့် ဘဏ်ပိတ်ရက် ရှည်များ ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတကာနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းများအခက်အခဲ ဖြစ်ပေါ်လာခြင်းနှင့် ကုန်စည် စီးဆင်းမှုများ နှောင့်နှေး ကြန့်ကြာခြင်းတို့ကြောင့် ရုံးပိတ်ရက် လျှော့ချ ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပြီး ပိတ်ရက် ၅ ရက်တိုးကာ စုစုပေါင်း ၁၀ ရက် ရရှိစေရန် ဆောင်ရွက်ပေးခြင်းသာဖြစ်ပြီး နောင်နှစ်များတွင် သင်္ကြန်ရုံးပိတ်ရက် ၅ ရက်သာ သတ်မှတ် သွားတော့မည်ဖြစ်ကြောင်း မတ်လ အတွင်း ထုတ်ပြန်ခဲ့သည်။