ရန်ကုန်တိုင်း၊ လှိုင်သာယာ မြို့နယ်ရှိ Good Morning စက်ရုံ အလုပ်သမားများက ၎င်းတို့ အနေဖြင့် စက်ရုံတွင် ပြန်လည် အလုပ်ဆင်းခွင့် ရရှိရေး အတွက် မတ်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့က အလုပ်သမားများကို အလုပ်ပြန်လည် ဆင်းခွင့်ပေးရန် ဆုံးဖြတ်ချက် ချထားသော်လည်း လုပ်ငန်းရှင်က စက်ရုံ၌ အလုပ်ဆင်းခွင့် မပေး၍ ဆန္ဒပြရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း Good Morning စက်ရုံ (Myanmar Mayson ကုမ္ပဏီ ) ၏ အခြေခံ အလုပ်သမားအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော် က ပြောသည်။
ဦးကျော်ကျော် က “အလုပ်သမားတွေကို လုပ်ငန်းခွင် ပြန်ဝင်ခွင့်ပေးဖို့ အမိန့်ချထားပေမယ့် လုပ်ငန်းရှင်က ကျွန်တော်တို့ကို စက်ရုံထဲကို ဝင်ခွင့်အခုအထိ မပေးသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အလုပ်သမားများကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ခွင့် မပေးနိုင်သေးခြင်းမှာ ဥပဒေနှင့် အညီသာဖြစ်ကြောင်း Good Morning စက်ရုံမှ စီမံခန့်ခွဲရေး မန်နေဂျာ ဦးဝင်းနောင် က ဧရာဝတီသို့ ပြောသည်။
ဦးဝင်းနောင် က “အလုပ်ရှင်ဘက်က ကျတော့ တိုင်း ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက် အဆင်မပြေရင် အလုပ်ရုံကို စည်းနဲ့ ကမ်းနဲ့ ပိတ်၊ ဒါမှ မဟုတ်ရင် မပိတ်ချင်ဘူးဆိုရင် ခုံသမာဓိကောင်စီကိုတက် ဒါဥပဒေတိုင်း အမိန့်ကိုလက်မခံပါဘူး ခုံသမာဓိကောင်စီကို ၂ ရက် အတွင်း တက်မှာ ဖြစ်တဲ့အတွက် အဲဒီကာလကြားထဲမှာ အလုပ်ထဲကို ပေးဝင်စရာမလိုဘူးလေ” ဟု ၎င်းကပြောသည်။
လှိုင်သာယာ စက်မှုဇုန်(၄) ရှိ Good Morning အမှတ်တံဆိပ်ဖြင့် ပေါင်မုန့်၊ ကိတ်မုန့် စသည့် စားသောက်ကုန်များ ထုတ်လုပ်သည့် Myanmar Mayson Industries Co.Ltd က အလုပ်သမားများသည် အလုပ်ထုတ်ခံရသဖြင့် မတ်လ ၉ ရက်ကတည်းက ဆန္ဒပြနေကြခြင်းဖြစ်သည်။
Good Morning စက်ရုံ အနေဖြင့် အလုပ်သမားများ မလိုအပ်တော့ဘဲ စက်ဖြင့်သာ အလုပ် ဆက်လက် လုပ်ကိုင်တော့မည် ဆိုသည့် အကြောင်းပြချက်ဖြင့် အလုပ်သမား ၁၉၃ ဦးကို မတ်လ ၈ ရက်နေ့က နစ်နာကြေးပေး၍ အလုပ်မှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း အလုပ်သမားအချို့သည် နစ်နာကြေးကို မယူဘဲ အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်လိုနေကြသည်။ ကုမ္ပဏီ ကလည်း အလုပ်သမားများအစား စက်ယန္တယားများ တပ်ဆင်ပြီးမှ အလုပ်သမားများကို ဆက်လက် အလုပ်ခန့်ရေးမှာလည်း အဆင်မပြေဟုဆိုသည်။
ဦးဝင်းနောင်က “အဲဒီစက်တွေကို တပ်ထားပြီးတော့မှ အလုပ်သာမားတွေ ပြန်ခန့်ဆိုရင် အဲဒီစက်တွေ ဘယ်လိုလုပ်ရမလဲ ဆိုတာကို အဲဒီအဖြေကလည်း အဲဒီလူကြီးတွေဆီကပဲ ပြန်တောင်းရမှာပဲလေ” ဟု ဆိုသည်။
အဆိုပါ စက်ရုံတွင်လုပ်ကိုင်နေသည့် အလုပ်သမား ၁၉၃ အလုပ်ထုတ်ခံရမှုနှင့် ပတ်သက်ပြီး မတ်လ ၆ ရက်နေ့ ဆန္ဒပြပွဲတွင် အလုပ်သမား ၄၀၀ ခန့်က ပူးပေါင်းပါဝင်ကြမည်ဟုဆိုသည်။