လွန်ခဲ့သော ၄ လက စတင်ခဲ့သည့် ရန်ကုန်၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ် ဖြစ်သော ရန်ကုန် ဘတ်စ်ကား ဝန်ဆောင်မှု (YBS)ကို ပွင့်လင်း မြင်သာစွာ ပြန်လည် သုံးသပ်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ဗုဒ္ဓဟူးနေ့က တောင်းဆို လိုက်သည်။ ယင်း ဘတ်စ်ကား စနစ်သစ်သည် ပြည်သူလူထုနှင့် လုံလောက်စွာ တိုင်ပင်ဆွေးနွေးမှု မရှိခြင်းနှင့် ခရီးသွား ပြည်သူများအား ဝန်ဆောင်ပေးမှု ညံ့ဖျင်းခြင်းတို့ကြောင့် ဝေဖန်ခံနေရသည်။
YBS စနစ်သည် မထသ ဟုသိကြသည့် စနစ်ဟောင်းကို ဒုက္ခပေးခဲ့သည့် ဘတ်စ်ကား ဝန်ထမ်းများ၏ ဆိုးရွားသော အပြုအမူများ၊ မကြာခဏ ယာဉ်စည်းကမ်း ချိုးဖေါက်မှုများ စသည်တို့ကို ရှင်းလင်းပြောကြားရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို တောင်းဆိုသော တိုင်းလွှတ်တော်အဆိုအား အင်းစိန်မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန် က ဧပြီလ ၅ ရက်က တင်သွင်းခဲ့သည်။
သို့သော် တိုင်းဝန်ကြီးချုပ်သည် နေ့လည်စာ စားရန် ထွက်ခွာသွားပြီးနောက် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခြင်း မရှိတော့ပေ။ မတ်လ အစောပိုင်းက ရန်ကင်း ကလေးဆေးရုံတွင် နှလုံးခွဲစိတ်ကုသမှု အောင်မြင်စွာ ခံယူခဲ့သော ဦးဖြိုးမင်းသိန်း ၏ ပြောဆိုချက် ဖြစ်သည့် ဘတ်စ်ကားစနစ်သည် အသစ်ဖြစ်သည် ဟူသော ပြောဆိုချက်ကို မေးခွန်း မထုတ်မီ သူ ပျက်ကွက်ခြင်းကို မှတ်တမ်းတင်ထားသည်။
“ဒါက မထသ ယူနီဖောင်းကို YBS ဝတ်စုံနဲ့ လဲဝတ်လိုက်တာ သက်သက်ပါပဲ။ အောက်ခြေက ပြဿနာတွေကို မဖြေရှင်းနိုင် သေးပါဘူး” ဟု သူက ပြောသည်။
စနစ်သစ်သည် အလားအလာ ကောင်းမည့်ပုံ ရှိသော်လည်း လူထု၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းနိုင်ခြင်း မရှိသေး ဟု သူက ဆက်ပြောပြီး တိုင်းအစိုးရသည် စနစ်တကျ လူထုနှင့် ညှိနှိုင်းခြင်း၊ သက်ဆိုင်သူများ၏ ထင်မြင်ချက် ရယူခြင်း မရှိဘဲ YBS စနစ်ကို စတင်ခဲ့သည် ဟုလည်း သူက ပြောသည်။
“အများပြည်သူနဲ့ YBS ရဲ့ အခြေအနေက မချစ်သော်လည်း အောင့်ကာ နမ်းနေရတယ်” ဟု သူက ဆက်ပြောသည်။
ထိုအဆိုကို လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီတာမော်က ထောက်ခံပြီး ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (YRTA) ၏ ရသုံးမှန်းခြေ ငွေစာရင်း စီမံခန့်ခွဲမှု၊ လုပ်ငန်းဆောင်ရွက်မှုတို့ကိုလည်း လွှတ်တော် ကိုယ်စားလှယ်များ မသိရကြောင်း ပြောသည်။
တိုင်း လျှပ်စစ်ဓာတ်အား၊ စက်မှုနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဝန်ကြီးချုပ် တက်ရောက်သော အခါမှသာ ဆက်လက်ဆွေးနွေးရန် အကြံပြုပြီး တိုင်းလွှတ်တော် အမတ် အများစုက သဘောတူခဲ့ကြသည်။
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်သည် ရန်ကုန် မော်မော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ဟု တရားဝင် သိကြသည့် မထသ ကို ဖျက်သိမ်းပြီး မထသ မှ လူဟောင်းအချို့ အပါအဝင် အဖွဲ့ဝင် ၁၆ ဦးပါ YRTA ဖြင့် အစားထိုးခဲ့သည်။
YRTA အဖွဲ့ဝင်များသည် လက်တွေ့ကျသော ဖြေရှင်းချက်များကို အကောင်အထည်ဖော်ရန် ပိုမို အာရုံစိုက်သင့်သည် သို့မဟုတ်ပါက သင့်တော်သော ကျွမ်းကျင်သူများနှင့် အစားထိုးသင့်သည် ဟု ဦးဝေဖြိုးဟန်က ပြောသည်။
ယခုနှစ် ဇန်နဝါရီလက YBS မစတင်မီ တပတ်အလိုကမှ ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်များကို ထိုစနစ်သစ် အကြောင်း အသိပေးခဲ့ခြင်း ဖြစ်သည်။ ဘတ်စ်ကားလိုင်း ၅၈ လိုင်းဖြင့် စတင်မည် ဟု ၎င်းတို့ကို အသိပေးခဲ့ သော်လည်း လက်တွေ့တွင် ၆၁ လိုင်းဖြင့် စတင်ကာ ယခုအခါ ယာဉ်လိုင်းပေါင်း ၈၀ ကျော် ပြန်လည်ဖြစ်လာခဲ့သည်။
အလုအယက် မောင်းနှင်ခြင်းကို အရေးယူခြင်း မရှိသောကြောင့် လူထုက စိတ်ပျက်နေကြသည်ဟု ဦးဝေဖြိုးဟန်က ပြောသည်။ YBS စတင်ချိန်က အခက်အခဲများ သက်သာစေရန် လွှတ်တော် ကိုယ်စားတဖွဲ့က ကူညီခဲ့ကြသည်။ ခရီးသည်များ၏ အဆိုအရ ထိုအခက်အခဲများတွင် ညဘက် ဘတ်စ်ကား မလုံလောက်ခြင်းနှင့် လူကြပ်ခြင်းတို့ ပါဝင်သည်။
YSB သည် မဆင်မခြင် ယာဉ်မောင်းများ၊ ကြာရှည်စွာ စောင့်ဆိုင်းရခြင်းများဖြင့် ယခင်စနစ်ဟောင်း အတိုင်းသာ ဖြစ်သည် ဟု ဦးဝေဖြိုးဟန်က ပြောသည်။ တိုင်းအစိုးရ အနေဖြင့် YBS လုပ်ငန်းများ မစတင်မီ YRTA စည်းမျဉ်းများကို ချိုးဖောက်သော ကုမ္ပဏီများကို အရေးယူရန် ဥပဒေ ပြဋ္ဌာန်းသင့်သည် ဟုလည်း သူက ပြောသည်။
YBS အတွက် တိုင်ကြားစာ ဌာနကိုလည်း တိုင်းအစိုးရက ဖွင့်လှစ်ခြင်း မရှိသေးကြောင်းနှင့် ထိုအချက်များကို လုပ်ဆောင်ခြင်း မရှိပါက မဆင်မခြင် မောင်းနှင်မှုများ ဆက်လက်ရှိနေဦးမည် ဖြစ်ကြောင်းလည်း သူက ပြောသည်။ ရန်ကုန်တမြို့လုံး အတွက် ဘတ်စ်ကားဝန်ဆောင်မှု တခုလုံးကို ကိုင်တွယ်ရန် အများပိုင် ကုမ္ပဏီ ၈ ခု ကို YRTA က ဖွဲ့စည်းသည် ဆိုသော်လည်း ထိုကုမ္ပဏီများ၏ အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသောကြောင့် ပွင့်လင်းမြင်သာ မရှိဟုလည်း လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ကြသည်။
ကိုယ်စားလှယ်များသည် ထိုအဆိုကို တင်သွင်းရန် ကြိုးစားနေသည်မှာ နှစ်လခန့် ရှိပြီ ဖြစ်ကြောင်း ကိုယ်စားလှယ် ၃၀ ကျော်တို့ ဘတ်စ်ကားလိုင်းသစ် အကြောင်းကို လကုန်ပိုင်းတွင် ဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော်အစည်းအဝေး အပြီးတွင် ကျောက်တံတားမြို့နယ်မှ ကိုယ်စားလှယ် ဒေါ်ကြည်ပြာက သူ၏ဖေ့စ်ဘုတ်တွင် ရေးသားသည်။
ဘတ်စ်ကားများကို ညစဉ် ည ၁၀ နာရီအထိ ပြေးဆွဲရန် ကားပိုင်ရှင်များကို တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီလကုန်တွင် ညွှန်ကြားခဲ့သော်လည်း အချို့က စောစီးစွာ သိမ်းကြသည် ဟု ဆိုကြသည်။ ဘတ်စကား မလုံလောက်မှုကို ဖြေရှင်းရန် နောက်ထပ် ဘတ်စ်ကား ၁၀၀၀ ကျော် တင်သွင်းမည် ဟုလည်း တိုင်းအစိုးရက ကြေညာထားသည်။
ရန်ကုန်နေပြည်သူ ၂ ဒသမ ၆ သန်းခန့်မှာ ဘတ်စ်ကားများကို မှီခို သွားလာကြရသည် ဟု ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) က၂၀၁၄ ခုနှစ်တွင် ကောက်ယူသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး စစ်တမ်း အရ သိရသည်။