ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်က ၎င်းသည် ကျန်းမာရေး ကောင်းမွန်နေသကဲ့သို့ စိတ်ဓာတ်ပိုင်း ဆိုင်ရာသည်လည်း ယခင်အတိုင်း ပြောင်းလဲမသွားဘဲ ရှိနေကြောင်း “ဝ” တိုင်းရင်းသားများနှင့် ဇန်နဝါရီ ၂၈ ရက်နေ့က တွေ့ဆုံရာတွင် ပြောသည်။
ရန်ကုန်မြို့ ကျိုက္ကဆံ ဘောလုံးကွင်းတွင် ကျင်းပလျက်ရှိသော “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” အခမ်းအနားသို့ ရောက်ရှိ လာကြသည့် “ဝ” စာပေနှင့် ယာဉ်ကျေးမှု အဖွဲ့များနှင့် တွေ့ဆုံရာတွင် ဦးခင်ညွှန့်က ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
ထိုတွေ့ဆုံမှုကို “ဝ” စာပေနှင့် ယာဉ်ကျေးမှု အဖွဲ့ဝင်တချို့က ရုပ်သံ မှတ်တမ်း တင်ထားခြင်းဖြစ်ပြီး ထိုရုပ်သံထဲတွင် ဦးခင်ညွှန့်က လာရောက် တွေ့ဆုံသူများမှတဆင့် “ဝ” လူကြီးများထံသို့ အမှာစကား ပါးခြင်းဖြစ်သည်။
ဦးခင်ညွှန့်က“အဘက ယခင်တုန်းကစိတ်ဓာတ်အတိုင်းပဲ ဘာမှပြောင်းလဲမသွားဘူး။ ဟိုကြရင်လူကြီးတွေကို ပြောပြ နော် အဘစိတ်ဓာတ်သည် ယခင်တုန်းက အတိုင်းပဲလို့ ဘာမှ လျော့နည်းသွားတာ၊ ပြောင်းလဲသွားတာ မရှိဘူးလို့ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်ပဲလို့ ပြောလိုက်”ဟု ဆိုသည်။

တရုတ်-မြန်မာ နယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလား အဖွဲ့ (NDAA) နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်- ကိုးကန့်အဖွဲ့ (MNDAA) တို့သည် ဦးခင်ညွှန့် တာဝန်ယူစဉ်က ဆက်ဆံရေးကောင်းများ ရှိထားသည့် အဖွဲ့များ ဖြစ်သည်။
ထို အဖွဲ့များထဲမှ UWSA နှင့် NDAA တို့သည် ၁၉၈၉ ခုနှစ်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များရရှိထားသည့် အဖွဲ့များဖြစ်သည်။ ၎င်းတို့သည် ဦးခင်ညွှန့် အပေါ် ယခုအချိန်အထိ အသိအမှတ်ပြုမှုများ ရှိနေဆဲဖြစ်သည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှု လူထု ဆန္ဒပြမှုကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့၍ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရခြင်းမှ စခဲ့သော စစ်အုပ်ချုပ်ရေး စနစ်အတွင်း နာမည်ဆိုးဖြင့် ကျော် ကြား ခဲ့သော စစ်ထောက်လှမ်းရေး ဌာန ခေါင်းဆောင် ဖြစ်သည်။
သူ၏ စစ်ထောက်လှမ်းရေး တပ်ဖွဲ့များသည် မြန်မာနိုင်ငံတလွှားမှ ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို ဖမ်းဆီး နှိပ်စက် ခြင်းနှင့် ထောင်ချခြင်းတို့ အတွက် အဓိက တာဝန်ရှိခဲ့သည်။

ထိုသို့ ရက်စက် ကြမ်းတမ်းမှုများကြောင့် ဦးခင်ညွန့်ကို Prince of Evil မိစ္ဆာမင်းသားဟု ဒေသတွင်း လွတ်လပ်သော သတင်း ဌာနများက အမည်ပေးခဲ့ကြသည်။
ဦးခင်ညွန့်သည် ၁၉၈၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အစိုးရ အဆက်ဆက်တွင် အတွင်းရေးမှူး (၁)၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီး၊ တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ စသည့် ထိပ်တန်း ရာထူးများဖြင့် တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်သည်။
၎င်းကို ၂၀၀၄ ခုနှစ်တွင် တပ်မတော်အစိုးရက အဂတိလိုက်စားမှု၊ တာဝန် အလွဲသုံးစားလုပ်မှု စသည့် စွဲချက်များဖြင့် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာခဲ့သူဖြစ်သည်။