၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို တပ်မတော်က ကာကွယ်ပေးနေသည့် အခြေအနေအောက်တွင် ပြည်သူ့ဆန္ဒမှာ ဘေးဖယ်ခံ ထားရပြီး တိုင်းရင်းသားများ လိုလားသည့် တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး အပေါ်တွင်လည်း လွှမ်း မိုးလျက် ရှိကြောင်း တိုင်းရင်းသား ကိုယ်စားလှယ်တဦး၏ ဆွေးနွေးချက်ကို တပ်မတော်က ချက်ချင်း ကန့်ကွက် သည်။
ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်တွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက တင်သွင်းသည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို စောလျင်စွာ ပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်း ကော်မတီ တရပ် ဖွဲ့ စည်းနိုင်ရေး အရေးကြီး အဆိုကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ ကိုယ်စားလှယ် ဦးစိုင်းခမ်းဦး က ပါဝင်ဆွေးနွေးစဉ် ကန့်ကွက်ခံရခြင်း ဖြစ်သည်။
ဦးစိုင်းဦးခမ်းက“၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေက တပ်မတော်ကို အထူး အခွင့်အရေး ပေးထားသလို တပ်မတော် သား ကလည်း ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအား ကာကွယ်နေတဲ့ အခြေအနေအောက်မှာ ပြည်သူတွေရဲ့ ဆန္ဒ ဟာ ဘေးဖယ်ခံရပြီး တိုင်းရင်းသားတွေ လိုလားတဲ့ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ခံစားရရှိရေး အပေါ် ကို လွှမ်းမိုးထားလျက် ရှိနေပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် တဦး၏ အခွင့်အရေးအရ လွပ်လပ်စွာ ပြောဆိုခွင့် ရှိသော်လည်း လွှတ်တော် ဥပဒေများ၊ စည်းကမ်း ကျင့် ဝတ်များကိုမူ လိုက်နာရမည် ဖြစ်၍ အခြေခံ ဥပဒေကို တပ်မတော်က လွှမ်းမိုးနေသည်ဆိုသော ပြော ဆိုမှုကို လွှတ်တော် မှတ်တမ်း မှ ပယ်ဖျက်ပေးရန် တပ်မတော်သား ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး မျိုးထက်ဝင်းက မတ်တတ်ရပ် ကန့်ကွက် ပြောဆိုခဲ့သည်။
“ယခု ပြောဆိုဆွေးနွေးချက်ဟာ အဆိုနဲ့လည်း တိုက်ရိုက်မသက်ဆိုင်ဘဲနဲ့ အဖွဲ့ အစည်းတခု အပေါ်မှာ အထင်မှား အမြင် မှား ဖြစ်စေတဲ့အတွက်ကြောင့် ဒီစာပိုဒ်ကို ပယ်ဖျက်ပေးဖို့ တင်ပြအပ်ပါတယ်”ဟု ဒု ဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောသည်။
ထိုသို့ တပ်မတော်၏ တင်ပြချက်ကို လွှတ်တော်နာယက ဦးတီခွန်မြတ်က လက်ခံခဲ့ပြီး ယင်းပြောဆိုချက်များကို လွှတ်တော် မှတ်တမ်းမှ ပယ်ဖျက်ကြောင်း ကြေညာပေးခဲ့သည်။
ယင်း အရေးကြီး အဆိုကို စတင် မဆွေးနွေးခင်ကတည်းက ဦးတီခွန်မြတ်က အဆိုနှင့် သက်ဆိုင်သည်များကိုသာ ဆွေးနွေးရန်နှင့် အခြား အဖွဲ့အစည်းများကို ထိခိုက်မှု မရှိအောင် သတိထားရန် ပြောဆိုခဲ့သေးသည်။
ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် ပူးပေါင်းကော်မတီ ဖွဲ့စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုကို NLD ပါတီ၊ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး)၊ တိုင်းရင်းသား ကိုယ်စားလှယ်များကြား အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး တပ်မတော်ကမူ ဝင်ရောက် ဆွေးနွေးမှု မပြုခဲ့ပါ။
ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်များက အဆိုကို ကန့်ကွက် ဆွေးနွေးကြပြီး ယခု အဆိုသည် ၂၀၀၈ ဖွဲ့စည်းပုံနှင့် မညီ ကြောင်း၊ ဆက်မလုပ်ရန်နှင့် သို့မဟုတ်ပါက ယခု အဆိုသည် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့် ညီ၊ မညီကို ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ခုံရုံး၏ အဆုံးအဖြတ် ရယူကြရန် အထိ တိုက်တွန်း ဆွေးနွေးခဲ့ကြသည်ကို တွေ့ရှိရသည်။
အဆိုပါ အရေးကြီး အဆိုကို လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၃၀ တို့က ဆွေးနွေးခဲ့ကြပြီးနောက် မနက်ဖြန်တွင် ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က သဘောထား တင်ပြပြီး ဖြစ်၍ ပူးပေါင်း ကော်မတီ ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူရန် ရှိနေသည်။
NLD အစိုးရသည် ကျန်ခဲ့သည့် အစိုးရသက်တမ်း ၃ နှစ်အတွင်း မပြင်ခဲ့ဘဲ ယခုမှ ဆောလျင်စွာ ပြင်ဆင်မည်ဟု ပြော ဆို ခြင်းမှာ စဉ်းစားစရာ ဖြစ်ကြောင်း၊ ပြည်ပတွင် ပြောဆိုနေကြသည့် မြစ်ဆုံ စီမံကိန်းကို အာရုံလွှဲခြင်း ဖြစ်နိုင်သလို ဖွဲ့ စည်းပုံ ပြင်မည်ဆိုသည့် ကတိကြောင့်လည်း ဖြစ်နိုင်ကြောင်း ကြံ့ခိုင်ရေးပါတီမှ ဗိုလ်ချုပ်ဟောင်း ဦးတင်အေးက ဧရာဝတီ သို့ ပြောသည်။
ဖွဲ့ စည်းပုံ ပြင်ဆင်ရေးကို ကြံ့ခိုင်ရေးပါတီက ထောက်ခံသော်လည်း ဖွဲ့စည်းပုံတွင် တပ်မတော်၏ အခန်းကဏ္ဍ လျော့ ကျရေး ကို ကြိုးပမ်းလာမည် ဆိုပါက သဘောတူမည် မဟုတ်ကြောင်း မက်မန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လည်း ဖြစ်သူ ၎င်းက ပြောဆိုသည်။
“တပ်မတော်သာ မရှိဘူးဆိုရင် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို သူတလူ ငါတမင်းနဲ့ ပါတီတွေက ပေါင်းစုံလုပ်ရင် ထိခိုက် မှာက နိုင်ငံ တော်ပဲ။ အဲဒီလို မထိခိုက်အောင် တပ်မတော်က ဝင်ပြီး ထိန်းပေးနေတာ။ ထိန်သိမ်းပေးစရာ မလိုတော့ ဘူး ဆိုရင် တဖြည်းဖြည်းနဲ့ လျော့လျော့ ပြီးတော့ လုပ်သွားမှာပါ”ဟုလည်း ဦးတင်အေးက ပြောသည်။
ထို အရေးကြီးအဆိုကို တပ်မတော်က ဝင်ရောက် ဆွေးနွေးခဲ့ခြင်း မရှိသလို ပူးပေါင်းကော်မတီ ဖွဲ့စည်းရာတွင်လည်း ပါဝင်ရန် ရှိ၊ မရှိကို ယခုအချိန်တွင် မပြောနိုင်သေးကြောင်း၊ ကော်မတီ၏ လုပ်ပိုင်ခွင့်၊ လုပ်ငန်းတာဝန်များကို အသေး စိတ် သိရှိရန် လိုအပ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မောင်မောင်က ယနေ့ လွှတ်တော်တွင် မီဒီယာများသို့ ပြောသည်။
၎င်းက“၂၀၀၈ ဖွဲ့ စည်းပုံကို ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ဒီဖွဲ့ စည်းပုံကြောင့်ပဲ ဒီခန်းမကြီးထဲကို အကုန် ရောက်နေ ကြတာပဲ။ ဘယ်ပါတီက ဘယ်လို ပုံစံနဲ့ပဲ ရောက်လာရောက်လာ ဒီခန်းမကြီးထဲကို ဒီဖွဲ့စည်းပုံကြောင့် ရောက် နေကြတာ။ ရောက်နေရင်တော့ ဖွဲ့စည်းပုံ အတိုင်းပဲ သူ့ရဲ့ လုပ်ထုံးလုပ်နည်း အတိုင်းပဲ လုပ်စေချင်တာပေါ့”ဟု ပြောသည်။
တပ်မတော်က ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးအတွက် ကော်မတီအရင် မဖွဲ့ဘဲ မည်သည့်အချက်များကို ပြင်ဆင်လို ကြောင်း ဥပဒေကြမ်း တခု အရင်တင်ပြီးမှသာ ကော်မတီ၊ ကော်မရှင်များကို ဖွဲ့စည်းရန် ဆန္ဒရှိနေခြင်း ဖြစ်ကြောင်း သိရ သည်။
NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကမူ ပထမအကြိမ် လွှတ်တော် သက် တမ်းတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုပမ်းခဲ့စဉ်က တပ်မတော်သားများ ပါခဲ့ကြောင်း၊ ယနေ့ ဆွေးနွေးသည့် ကိုယ်စား လှယ် များကလည်း ပြင် သင့်ပြီ ဆိုသည်ကို လက်ခံနေကြပြီ ဖြစ်၍ ပူးပေါင်းကော်မတီ ဖွဲ့ စည်းရာတွင် တပ်မတော်ကို ပါ ဖိတ်ခေါ်မည် ဖြစ်ကြောင်း လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောသည်။
“တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ ဟာ ဒုတိယ အကြီးမားဆုံးသော အချိုးအစားကို ရမှာပါ။ ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးရေအရ ဒုတိယ အကြီးမားဆုံးသော ကိုယ်စားပြုမှုကို ရမှာပါ။ ဒါကိုလည်း ပါဝင်ပြီးတော့ ဖွဲ့ စည်းဖို့ ကမ်းလှမ်းမှာပဲ ဖြစ်ပါတယ်”ဟု ၎င်းက ပြောပြသည်။
ဇန်နဝါရီ ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး ပူးပေါင်း ကော်မ တီ ဖွဲ့စည်းရန် လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင်လည်း လုပ်ထုံးလုပ်နည်း လွဲမှားသည်ဟု ဆိုကာ တပ်မတော် က အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD မှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စား လှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း ရှိ သဖြင့် တပ်မတော်သည် ကိုယ်စားလှယ် အရည်အတွက် ဒုတိယ အများဆုံး ရရှိထားသည့် အဖွဲ့အစည်း ဖြစ်သည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ထိုစဉ်က နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ဖြစ်သဖြင့် အတည်မပြုသေးရန် ကန့်ကွက် ခဲ့ကြသော်လည်း အငြင်းပွားဖွယ်ရာ ရလဒ်များဖြင့် အတည်ပြုခဲ့ကြပြီး ယင်းဖွဲ့ စည်းပုံဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို တပ်မတော်က ကျင်းပခဲ့သည်။
ထိုရွေးကောက်ပွဲကို ထိုစဉ်က အတိုက်အခံ NLD ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိပါ။ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိခဲ့သည်။
ဦးသိန်းစိန် အစိုးရလက်ထက် သူရ ဦးရွှေမန်း ဦးဆောင်သည့် ပထမအကြိမ် လွှတ်တော် သက်တမ်းတွင် ၂၀၁၃ ခုနှစ်၌ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး စတင်ကြိုးပမ်းခဲ့ပြီး စစ်ရေးအမြင်ကို လုံခြုံရေးအမြင်ဟု ပြောင်းလဲသတ်မှတ်ရန် ကိစ္စတခုမှ လွဲ၍ ကျန်သည့် အချက် များ ပြင်ဆင်ရေး ကြိုးပမ်းမှုမှာ တပ်မတော်၏ ထောက်ခံမှု မရသဖြင့် မအောင်မြင်ခဲ့ပါ။
ယခု NLD အစိုးရ၊ NLD လွှတ်တော်တွင်လည်း ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ထပ်မံ ကြိုးပမ်းလာခြင်းဖြစ်ရာ တပ်မတော်၏ ထောက်ခံမှု အပြည့်အဝ မရသဖြင့် ယခုလမ်းကြောင်းမှာ မအောင်မြင်နိုင်ကြောင်း ရခိုင်အမျိုးသား ပါတီ အတွင်းရေးမှူး ဦးဦးလှစောက ယနေ့ လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။
“လွှတ်တော်ထဲမှာ ပြင်ဖို့က ၇၅ ရာခိုင်နှုန်းကျော်မှ ရမှာဆိုတော့ ကြပ်တယ်လေ။ စတင်ကတည်းက တပ်မတော်သား တွေက မတ်တတ်ရပ် ကန့်ကွက်တာဆိုတော့ ဒီကော်မတီက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ စကတည်းက ဖောက်ထားတဲ့ NCA လမ်းကြောင်းက အလုပ်လည်း စလို့ရတယ်။ လုပ်လည်း လုပ်ရမယ်လို့ ပြောထားပြီးသား”ဟု ဦးဦးလှစောက ပြောဆိုသည်။
NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းကမူ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ငြိမ်းချမ်းရေး လမ်းကြောင်း မှ တဆင့် ပြင်ဆင်နိုင်ရန် ကြိုးစားခဲ့သော်လည်း လက်ရှိတွင် ပိတ်ဆို့မှု ကြုံနေရသဖြင့် ယခုလို လွှတ်တော်တွင်း လမ်းကြောင်းမှ ပြန်လည် ကြိုးစားရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
ပထမ အကြိမ် လွှတ်တော် သက်တမ်းတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လေ့လာ သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းနိုင်ရေး အတွက် ထိုစဉ်က အာဏာရ ကြံ့ခိုင်ရေး ပါတီမှ သူရ ဦးအေးမြင့် တင်သွင်းခဲ့သော်လည်း တပ်မတော်က ကန့် ကွက်ခဲ့ခြင်း မရှိခဲ့ပေ။
ထိုစဉ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လက်မှတ်များ စုဆောင်းရာ ပြည်သူ လူထုက သန်းနှင့်ချီ၍ ထောက်ခံ အားပေးခဲ့ကြကြောင်း သိရသည်။