စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ် ကြက်ဖနက် ကျေးရွာ အုပ်စု အနီး ကျောက်မီးသွေးတွင်း လုပ်ကွက်၌ ဂက်စ်အိုး ပေါက်ကွဲမှုကြောင့် ကျင်းလုပ်သား ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကလေးမြို့မ ရဲစခန်းမှ သိရသည်။
မေလ ၂၇ ရက် ည ၁၁ နာရီခွဲ ဝန်းကျင်က ကလေးမြို့ အရှေ့မြောက်ဘက် ၁၆ မိုင်ခန့် အကွာရှိ ထူးဟန်သစ် ကုမ္ပဏီ (မူ ရင်း) ၏ ကျောက်မီးသွေး တူးဖော်ရေး လုပ်ကွက် အမှတ်(၁)တွင် အောက်ဆီဂျင် လွှတ်သည့် လေအိုးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကလေးမြို့မ ရဲစခန်း စခန်းမှူး ဒုရဲမှူး ဌေးဝင်းက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
“အကြောင်းရင်းက ကြက်ဖနက်ဒေသမှာ ထူးဟန်သစ် ကုမ္ပဏီက ကျောက်မီးသွေး တူးကြတော့ ကျင်း အနက် ပေ ၄၅၀ မှာ အောက်ဆီဂျင် လွှတ်ရတယ်။ လွှတ်တဲ့ အခါမှာ လေအိုးပေါက်ကွဲတာ”ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက ဖြစ်စဉ်ကြောင့် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၄ ဦးတို့ကို နီးစပ်ရာ ကလေးဝ မြို့နယ် ဆေးရုံသို့ ပို့ ရကြောင်း၊ လူသေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့် ပတ်သက်၍ အဖြစ်မှန် ရရှိရေး အတွက် ကလေးမြို့မ ရဲစခန်းတွင် သေမှု သေခင်း အမှတ်စဉ် ၉/၂၀၁၉ ဖြင့် အမှုဖွင့်လှစ် စုံစမ်းလျက် ရှိကြောင်းလည်း ရှင်းပြသည်။
ကျင်းလုပ်သား တဦး ဖြစ်သူ စောသဲဦးက“ကျင်းထဲကို အောက်ဆီဂျင် ပေးတဲ့ စက်ထိုင်ထားတယ်။ အဲဒီစက်ကနေ ဂက်စ် ပေါက်တာ။ ကျနော်တို့ မိုင်းခွဲတဲ့ ဆီကနေ မီးထွက်တယ်။ အဲဒီမီးနဲ့ ဂက်စ် ပေါက်ထားတဲ့ ဂက်စ်ငွေ့နဲ့ သွားထိတဲ့အချိန်မှာ လောင်တာပဲ။ ဂက်စ်ရှိတဲ့ နေရာကို မီးက လိုက်ဟပ်တဲ့ အချိန်မှာ ဂက်စ်အိုးတွေ ပေါက်ကွဲတဲ့ အရှိန်ကြောင့် လူတွေကို ထိ တယ်”ဟု ပြောပြသည်။
စောသဲဦးသည် အဆိုပါ ကျောက်မီးသွေးတွင်း လုပ်ကွက်မှ လုပ်သားတဦး ဖြစ်ပြီး အခင်းမဖြစ်ပွားခင် နာရီဝက်ခန့် အလို တွင် ကျန်းမာရေး မကောင်း၍ ကျင်းအပေါ်တက်လာခဲ့ရာမှ လွတ်မြောက်ခဲ့သူ ဖြစ်ကြောင်း ၎င်း၏ ပြောပြချက်အရ သိရ သည်။
စောသဲဦးက“အခုလို ဖြစ်သွားတာနဲ့ ပတ်သက်လို့ (ကုမ္ပဏီကို)တာဝန် ကျေပွန်စေချင်တယ်။ အခုဟာက ဖြစ်တဲ့ဆီကနေ ဆေးရုံကို ပို့လာခဲ့တယ်။ ပို့တယ်ဆိုတာလည်း တာဝန်ကျေရုံ ပို့ထားခဲ့တယ်။ ဘာမှ နောက်ပြန် လှည့်မကြည့်ဘူး။ ဒါတွေ အတွက် ကျနော် လုံးဝ မကျေနပ်ဘူး။ မနက် ၃ နာရီခွဲလောက်ကတည်းက ပြန်သွားတာ အခုထိ အရိပ်အယောင်လေး တောင် မပြလာဘူး”ဟု ပြောသည်။
ကလေးမြို့မ ရဲစခန်း၏ စာရင်းများ အရ သေဆုံးသွားသူများမှာ စန်းဦး (၂၇ နှစ်) စခန်းကြီး ကျေးရွာ ကလေးမြို့နယ်၊ အောင်လင်းဦး(၂၁ နှစ်) စခန်းကြီး ကျေးရွာ၊ ချမ်းငြိမ်းသူ (၁၈ နှစ်) တွန်းပင်ရွာ မော်လိုက်မြို့နယ်နှင့် ပြည့်ဖြိုး (၂၂ နှစ်) မင်းသာရွာ တမူးမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။
အလုပ်သမားအရေး လိုက်ပါ ဆောင်ရွက်ပေးနေသူ ဒေသခံ မအိအိခိုင်က“ကုမ္ပဏီတွေက တခြားကို ထပ်ပြီးမှ ငှားတယ် ဆိုရင်လည်း သူတို့ အရင်တုန်းက သတ္တုတွင်းနဲ့ စာချုပ်ချုပ်ထားတဲ့ အထဲမှာ တွင်းတွေကို ဘယ်လို လုပ်ပေးဖို့ ဆိုတာတွေ စည်းကမ်းချက်တွေ ရှိမှာပေါ့လေ။ ဒါပေမယ့် သူတို့က တဆင့်ပြန်ငှားတဲ့ အခါကျတော့ လုပ်ငန်းခွင်ကို အန္တရာယ်ကင်း အောင် တိတိကျကျ မလုပ်တော့ဘူး။ ကျောက်မီးသွေး ထွက်ရင်ပြီးရော ပုံစံမျိုးနဲ့ အလုပ်သမားတွေကိုလည်း ကျင်းထဲကို ဆင်းစေ တာ တွေကြောင့် ဒါမျိုးတွေ ခဏခဏဖြစ်တယ်လို့ ထင်တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် မေ ၁၉ ရက်ကလည်း ကလေးဝမြို့အနီးရှိ ထူးဟန်သစ် ကုမ္ပဏီ (ဦးပိုင်)၏ သစ်ချောက်လုပ်ကွက် ကျောက်မီး သွေးတွင်း တခု၌ ကျောက်မီးသွေး တူးဖော်နေစဉ် မြေအောက်မီသိန်း ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် တဖက်တွင်းထံသို့ ကူးစက် ပြီး မြန်မာ လုပ်သား ၅ ဦး နှင့် တရုတ်နိုင်ငံသား ပညာရှင်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းကုမ္ပဏီ၏ ပြင်ပ လုပ်ကွက် တာဝန်ခံက ပြောဆိုထားသည်။
အဆိုပါ ဒဏ်ရာ ရရှိသူများအတွက် ကုမ္ပဏီဘက်မှ ဆေးဝါးခနှင့် နေစရိတ်၊ စားစရိတ်များ ကူညီထောက်ပံ့ပေးထားကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စိုးသူရထွန်းက“ဒါက အများ လွယ်လွယ်လုပ်လိုက်ကြတာ။ လုံခြုံရေးအပိုင်းကို အပြည့်အဝ မလုပ်လို့ ဖြစ်တာ။ ဒီလိုပေါက်ကွဲမှုတွေကို ထိထိရောက်ရောက် အရေးယူပြမှ ကြောက်ကြမှာ။ အခုတော့ လူထိခိုက်တာတွေ လာပြီ။ အမှန်က ကျောက်မီးသွေးတွင်းတွေမှာ ဘယ်လိုလုပ်ရမယ် ဆိုတာ တိတိကျကျ ဥပဒေကလည်း ပြဋ္ဌာန်းပြီးသား။ ညွှန်ကြား ချက်တွေလည်း လုပ်ပြီးသားပါ”ဟု ပြောဆိုထားသည်။
ပြီးခဲ့သည့် ၂၀၁၈ သြဂုတ်လပိုင်းကလည်း စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့နယ်ရှိ ကျောက်မီးသွေး လုပ်ကွက်တခု အတွင်း မီသိန်း ဓာတ်ငွေ့လိုင်း ပေါက်ကွဲ၍ အောက်ဆီဂျင် ပြတ်လပ်ကာ ပိတ်မိနေခဲ့မှု ဖြစ်ပွားခဲ့ပြီး အလုပ်သမား ၅ ဦး သေ ဆုံးခဲ့သည်။
You May Also Like These Stories:
ဖမ်းဆီးသွားသည့် သုံ့ပန်းများ AA ပြန်လွှတ်
တရုတ်က မြစ်ဆုံစီမံကိန်းကို ဘာကြောင့် အလျှင်စလို ပြန် အသက်သွင်းချင်လဲ
ကဝမြို့နယ်တွင် အထည်ချုပ် အလုပ်သမများအဆင်ပြေရန် လမ်းသစ်ဖောက်ပေး