မြောက်ကိုရီးယားသင်္ဘောကျင်းတခုတွင် လတ်တလောတည်ဆောက်ဆဲ စွမ်းအားပြည့်ရေငုပ်သင်္ဘောတစင်းကို ကင်ဂျုံအန်း ကြည့်ရှုစစ်ဆေးနေသည့်သတင်းဓာတ်ပုံများကို ၎င်းအစိုးရမီဒီယာက ဖော်ပြခဲ့သည်။
ယနေ့၌ ထုတ်ပြန်ခဲ့သော သတင်းဓာတ်ပုံများတွင် မြောက်ကိုရီးယားခေါင်းဆောင်က အဆိုပါရေငုပ်သင်္ဘော လှည့်လည်ကြည့်ရှုနေပုံများ၊ ၎င်း၏ လက်ထောက်များနှင့် စကားပြောဆိုနေပုံများ တွေ့ရသည်။
KCNA ၏ သတင်းဓာတ်ပုံများတွင် ၎င်းရေငုပ်သင်္ဘော၏အမှန်တကယ်အရွယ်အစားကို အသေးစိတ် သတင်းထုတ်ပြန်ခြင်းမရှိပေ။
ရေငုပ်သင်္ဘော စတင်ခုတ်မောင်းသုံးစွဲမည့် နေ့ရက်ကိုလည်း သိပ်မကြာတော့ဟုသာ ဖော်ပြထားသည်။
ကင်ဂျုံအန်းသည် အဆိုပါရေငုပ်သင်္ဘောကို မြောက်ကိုရီးယားအရှေ့ဘက်ကမ်းရိုးတန်းတွင် အောင်မြင်စွာ ချထားနိုင်ဖွယ်ရှိသည်။
ယင်းထုတ်ပြန်ချက်တွင် ရေငုပ်သင်္ဘောပေါ် မည်သည့်အမျိုးအစားစစ်လက်နက်စနစ်များ တပ်ဆင်ထားကြောင်းလည်း ညွှန်းဆိုထားခြင်းမရှိပေ။
မြောက်ကိုရီးယား ရေယာဉ်အများအပြားမှာ ယိုယွင်းနေသည့်အပြင် ကမ္ဘာ့အဆင့်အနေဖြင့် ခေတ်မမီတော့ဟု ယူဆခံရသော်လည်း ပြုံယမ်းသည် ဒေသတွင်း၌ အကြီးမားဆုံးရေငုပ်သင်္ဘောတပ်ဖွဲ့များ ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ရသည်။ သို့သော် ဒုံးကျည်သယ်ဆောင်နိုင်မည့် ရေငုပ်သင်္ဘောတစင်းတည်ဆောက်ရန် အားထုတ်မှုကို ပြုံယမ်းက လက်မလျှော့သေးပေ။
၂၀၁၆ ခုနှစ်က တာဝေးပစ်ဒုံးကျည်သယ်ဆောင်နိုင်သော ရေငုပ်သင်္ဘောတစင်း အောင်မြင်စွာစမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားက သတင်းထုတ်ပြန်ခဲ့သည်။ ထိုသတင်းနှင့်မရှေးမနှောင်းမှာပင် အမေရိကန်၊ တောင်ကိုရီးယား တို့နှင့် နျူးကလီးယားကင်းစင်ရေးစေ့စပ်ဆွေးနွေးနေစဉ်အတွင်း နျူကလီးယားနှင့်ဒုံးကျည်စမ်းသပ်မှု ဆိုင်းငံ့ထား ကြောင်း ကင်ဂျုံအန်းက ကြေညာခဲ့သည်။
ဒေါ်နယ်ထရမ့်နှင့်ကင်ဂျုံအန်းတို့သည် သုံးကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ရာ မကြာသေးမီ ဇွန်လကပင် မြောက်နှင့်တောင် ကိုရီးယားနှစ်နိုင်ငံနယ်စပ်တွင် ထပ်မံတွေ့ဆုံခဲ့သည်။ သို့သော် ၎င်းတို့ဆွေးနွေးမှုမှနေ၍ ထင်သာမြင်သာရလဒ်များ မရရှိသေးပေ။