ယခုနှစ် ဒီဇင်ဘာတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား ရရှိမှု ၅၀ ရာခိုင်နှုန်းအထိ ရရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးခင်မောင်ဝင်းက ယနေ့ ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စု စုစုပေါင်း ၁၀ သန်းကျော် (၁၀၈၇၇၈၃၂) ရှိသည့်အနက် ယခင်ကာလမှ ယခု ၂၀၁၉ စက်တင်ဘာထိ အိမ်ထောင်စုပေါင်း ၅ သန်းကျော် (၅၁၄၀၀၆၁) လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီဖြစ်ရာ လျှပ်စစ် ဓာတ်အားရရှိမှု ရာခိုင် နှုန်းအားဖြင့် ၄၇.၂၅ ရာခိုင်နှုန်း ရှိကြောင်း၊ ထို့ကြောင့် လာမည့် ဒီဇင်ဘာ အရောက်တွင် ၅၀ ရာခိုင်နှုန်းထိ ရအောင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုဝန်ကြီး ဦးခင်မောင်ဝင်းက ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် ၂ မှ ဦးထွန်းထွန်းဦးက လာမည့် ၂၀၂၀ ပြည့်နှစ် ပူပြင်းသည့် နွေရာသီ ကာလတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက် လျှော့ချခြင်းများ မရှိစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို ယနေ့ မေးမြန်းရာတွင် အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၉ နွေရာသီ တနိုင်ငံလုံးတွင် အပူချိန်များ စံချိန်တင်မြင့်တက်ခဲ့ပြီး လျှပ်စစ်ဓာတ်အား သုံးစွဲမှု များပြားကာ လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်ခြင်း၊ ဓာတ်အားဖြန့်ဖြူးရာ၌ ဝန်အားလျှော့ချခြင်း၊ လျှပ်စစ်မီး အလှည့် ကျ ပေးဝေရခြင်းတို့ ပြုလုပ်ခဲ့ရရာ ပြည်သူများ၏ လူမှုဘဝကို ထိခိုက်ရပြီး သယ်ယူပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်ငန်း များအပေါ် ဆိုးကျိုးများသက်ရောက်၍ အခြေခံကုန်ဈေးနှုန်းများလည်း မြင့်တက်ခဲ့ရကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက လွှတ်တော်တွင် တင်ပြသည်။
“ပြီးခဲ့တဲ့ ၂၀၁၉ ဇူလိုင်ကတည်းက လျှပ်စစ်ဓာတ်အားခ နှုန်းထားများကိုလည်း တိုးမြှင့်ကောက်ခံထားတာ ဖြစ်လို့ ပြည် သူများဟာ ပေးဆောင်ရတဲ့ တန်ဖိုးနဲ့ညီမျှတဲ့ စိတ်ချယုံကြည်ရတဲ့ အရည်အသွေးပြည့်မီတဲ့ လျှပ်စစ်ဓာတ်အားကို ရာသီ မရွေး မပြတ်မလပ်နဲ့ မှန်မှန်ရယူ သုံးစွဲလိုကြပါတယ်” ဟုလည်း ၎င်းက ပြောသည်။
“သူပြောတဲ့ဟာမှာ နဂိုရှိရင်းစွဲ စက်တွေကနေ လျှပ်စစ် ပိုထုတ်မှာကတော့ ဖြစ်နိုင်တယ်။ စီမံကိန်း ၇ ခုကတော့ အချိန်မီ ပြီးအောင်တော့ လိုတာပေါ့။ အခု လက သိပ်မရှိတော့ဘူးလေ။ အခုမှ တချို့ကိစ္စတွေဆို တင်ဒါ ခေါ်နေတယ်တို့ ဘာတို့ ရှိသေးတော့ အဲဒါတော့ အပြည့်အဝ မရနိုင် မမီနိုင်ဘူး။ အဲဒါလေးတချက်တော့ စိုးရိမ်တယ်” ဟု ဦးထွန်းထွန်းဦးက ဧရာဝတီကို ပြောသည်။
ဝန်ကြီးဌာန အနေဖြင့် ၂၀၁၉ တွင် အမြင့်ဆုံးဝန်အား ၃၇၉၈ မဂ္ဂါဝပ်အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ် သုံးစွဲ နိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွက် ၄၅၃၁ မဂ္ဂါဝပ်အထိ တိုးမြင့် လိုအပ်လာမည်ဟု ခန့်မှန်း ထားသည်ဟု သိရသည်။
ထို့ကြောင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်းပေးနိုင်ရန် ကျွန်းချောင်းဓာတ်ငွေ့ အင် ဂျင်ဓာတ်အားပေးစက်ရုံ (၂၀ မဂ္ဂါဝပ်)၊ အလုံ Combined Cycle Power Plant (၁၅၁.၅၄ မဂ္ဂါဝပ်)၊ ကျောက်ဖြူ LNG ဓာတ်အားပေးစက်ရုံ (၁၅၀ မဂ္ဂါဝပ်)၊ သန်လျင် LNG ဓာတ်အားပေးစက်ရုံ (၃၅၀ မဂ္ဂါဝပ်)၊ သာကေတ LNG ဓာတ် အားပေးစက်ရုံ (၄၀၀ မဂ္ဂါဝပ်)၊ မကွေးဓာတ်ငွေ့အင်ဂျင်ဓာတ်အားပေးစက်ရုံ (၆၆ မဂ္ဂါဝပ်)၊ ရွှေတောင်ဓာတ်ငွေ့ အင်ဂျင် ဓာတ်အားပေးစက်ရုံ (၂၈ မဂ္ဂါဝပ်) စုစုပေါင်း လျှပ်စစ်ဓာတ်အား ၁၁၆၅.၅၄ မဂ္ဂါဝပ် ထွက်ရှိမည့် စီမံကိန်း ၇ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးက ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၎င်းက ယင်း ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ဝယ်ယူနိုင်ရန် Power Purchase Agreement (PPA) ဆွေးနွေးခြင်း၊ စီမံကိန်းဆိုင်ရာ ပစ္စည်းများတင်သွင်းခြင်း၊ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေး ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည်ဟုလည်း ပြောသည်။
၂၀၂၀ ပြည့်နှစ် နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် ယင်းစီမံကိန်း ၇ ခု ဆောင်ရွက်နေသည့် အပြင် တည်ဆောက်ထားပြီးဖြစ်သည့် ဓာတ်အားပေးစက်ရုံများအား ဓာတ်အားထုတ်ယူသည့် အရင်းအမြစ်ကို အခြေခံ ၍ စနစ်တကျ ထိန်းညှိထုတ်လုပ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း တို့ကိုလည်း အစဉ်တစိုက် ဆောင်ရွက်ခဲ့သည်ဟုလည်း သိရသည်။
ထို့ကြောင့် ၂၀၁၆ တွင် လျှပ်စစ်ဓာတ်အား ယူနစ် သန်းထောင်ပေါင်း ၁၇.၃ ထုတ်လုပ်ခဲ့ရာမှ ၂၀၁၇ တွင် ယူနစ် သန်းထောင်ပေါင်း ၁၉.၄၊ ၂၀၁၈ တွင် ယူနစ်သန်းထောင်ပေါင်း ၂၂ ပိုမို ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ၂၀၁၉ နှစ်ကုန်တွင် ယူ နစ်သန်းထောင်ပေါင်း ၂၃.၂ ထုတ်လုပ်နိုင်ရန် လျာထားဆောင်ရွက်ကာ ၂၀၂၀ တွင် ယူနစ်သန်းထောင်ပေါင်း ၂၇ ခန့် အထိ တိုးတက်ထုတ်လုပ်ပေးနိုင်ရန် မျှော်မှန်း ဆောင်ရွက်နေသည်ဟုလည်း ဒုဝန်ကြီးက လွှတ်တော်တွင် ပြောကြားသွားသည်။
ထို့ပြင် ဓာတ်အားစနစ် တခုလုံး ဓာတ်အားပြတ်တောက်မှု မှတ်တမ်းများအရ ၂၀၁၆ တွင် System Breakdown ၁၇ ကြိမ် အထိ ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၃ ကြိမ်၊ ၂၀၁၈ တွင် ၂ ကြိမ်နှင့် ၂၀၁၉ တွင် ၁ ကြိမ်သာ ဖြစ်ပေါ်သည့်အတွက် ဓာတ်အားစနစ် တခုလုံး ဓာတ်အားပြတ်တောက်မှုကိုလည်း လျှော့ချဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဦးထွန်းထွန်းဦးက “ဖြေတာတော့ ယေဘုယျ ပြောရရင် လာမယ့်နွေရာသီအတွက် လိုတဲ့ပမာဏကိုတော့ သူက ပြောသွားတယ်။ မီအောင်ထုတ်မယ် ပြောသွားတဲ့အတွက် ကျေနပ်မှု ရှိတယ်။ ဒါပေမယ့် ပြောတဲ့အတိုင်း ထုတ်နိုင်ဖို့ လိုတာပဲလေ” ဟုလည်း ဆိုသည်။
ယခင်က အိမ်သုံး မီတာခ နှုန်းထားများကို ၁ ယူနစ်လျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၅၀ ကျပ်နှုန်း၊ စီးပွားရေး လုပ်ငန်း၊ စက်မှုလုပ်ငန်းသုံးအတွက် ၁ ယူနစ်လျှင် အနည်းဆုံး ၅၀ ကျပ်မှ အများဆုံး ၁၅၀ ကျပ်အထိ ကောက်ခံနေရာ မှ ဇူလိုင်လမှ စတင်ကာ နှုန်းထားအသစ်ဖြစ်သော ၁ ယူနစ်လျှင် ၃၅ ကျပ်မှ ၁၂၅ ကျပ်၊ အိမ်သုံး မဟုတ်သည့် အမျိုး အစား အတွက် ၁ ယူနစ်လျှင် ၁၂၅ ကျပ်မှ ၁၈၀ ကျပ်အထိ အသီးသီး ပြောင်းလဲ ကောက်ခံခဲ့သည်။
You May Also Like These Stories:
လျှပ်စစ်သုံးစွဲမှု ယူနစ်သန်းချီ လျော့သွားပြီး၊ မီတာခငွေကျပ် ၃၆ ဘီလီယံ ပိုမို ရရှိဟုဆို
လျှပ်စစ်ကဏ္ဍတွင် အမေရိကန် နှင့် ဂျပန် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ
မီတာခ နှုန်းထားသစ်ကြောင့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် အကျိုးအမြတ် စရမည်ဟု ဆို
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဂတိလိုက်စားမှု စုံစမ်းမှု အရှိန်မြင့်