ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ FMI City အတွင်း နေထိုင်သည့် ဒေသခံ ပြည်သူများနှင့် ပဋိပက္ခဖြစ်ပွားသော တရုတ် နိုင်ငံသား ၅ ဦးကို အာမခံ ပေးလိုက်ကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူး စန်းယုက အတည် ပြုသည်။
ဒုရဲမှူး စန်းယုက“အခုက အာမခံ ပေးလို့ရတဲ့ ပုဒ်မဖြစ်တဲ့ အတွက် အာမခံပေးထားတာပါ။ ကျနော်တို့က အခု ဥပဒေ အကြံတောင်း တင်ထားပါတယ်။ ဥပဒေ အကြံတောင်းကနေ ကျလာတဲ့အခါ သူ့ဥပဒေအတိုင်း ကျနော်တို့ ဆက်လက် ဆောင်ရွက်သွားပါ့မယ်။ သူတို့ကိုတော့ လတ်တလောမှာ အာမခံပေးလိုက်တာ မှန်ပါတယ်”ဟု ပြောပြသည်။
တရား စွဲဆိုထားသည့် ပုဒ်မများမှာ ပြည်သူ့ ဝန်ထမ်းများအား တာဝန်ဝတ္တရား ဆောင်ရွက်နေစဉ် နှောင့်ယှက် ဟန့်တား နာကျင်စေမှု ဖြစ်သည့် ပုဒ်မ ၃၃၂ နှင့် အားပေး ကူညီမှုဖြစ်သည့် ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့် စွဲဆိုထားသည်ဟု ဆိုသည်။
ပြစ်မှု ထင်ရှားပါက ပုဒ်မ ၃၃၂ နှင့် ပုဒ်မ ၁၁၄ သည် ပြစ်ဒဏ် အမြင့်ဆုံး ၃ နှစ် ကျခံရနိုင်ကြောင်း သိရသည်။
ဒီဇင်ဘာ ၇ ရက်နေ့ညပိုင်းတွင် FMI City အိမ်ရာအတွင်း ကားပိတ်ဆို့ရပ်တန့်မှုကို ဖယ်ရှားခိုင်းရာက စတင်ပြီး အဆိုပါ တရုတ်နိုင်ငံသား ၅ ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူ များ နှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာမှ နယ်မြေခံ ရဲတပ်ဖွဲ့ဝင် ၁ ဦး၊ ရပ်ကွက် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ ၄ ဦးတို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း FMI City အိမ်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ကျော်မိုးက ပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိမှုသည် ဖူးရောင်ဒဏ်ရာများသာ ဖြစ်သော်လည်း အခင်းဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံသားများ နေထိုင်သည့် နေအိမ်အတွင်းမှ တရုတ်လူမျိုး တဦးသည် ဓားကိုင်ဆောင်၍ ထွက်လာသည်ကို မြင်တွေ့ခဲ့ရကြောင်း လည်း ၎င်းက ဆက်ပြောသည်။
ထို တရုတ်နိုင်ငံသားများသည် မြန်မာနိုင်ငံအတွင်း အင်တာနက် ဖိုင်ဘာကြိုးများ သွယ်တန်းသော ကုမ္ပဏီ ဖြစ်သည့် Myanmar Communication Network Construction Co.,Ltd ၏ Sub-Contract မှ ဝန်ထမ်းများ ဖြစ်ကြောင်း၊ အခင်းဖြစ်ပွားပြီးနောက်ပိုင်း အဆိုပါနေအိမ်တွင် ဆက်လက်နေထိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
ဦးအောင်ကျော်မိုးက“ကျနော်က တရားလိုလုပ်ပြီးတော့ အခု တိုင်ချက်အမှု ဖွင့်ထားပါတယ်။ မနေ့က နေ့လယ် အထိ (ဒီဇင်ဘာ ၈ ရက်) သူတို့ကို အာမခံပေးထားတယ်တော့ ကျနော်သိထားတယ်။ နောက်ပိုင်း အာမခံ ပေး၊ မပေးတော့ ကျနော့်ဆီ တရားဝင် အကြောင်းကြားတာ မရှိသေးပါဘူး”ဟု ပြောသည်။
ထို့ပြင် ၎င်းက“ကျနော့်ကို အခုချိန်အထိ ရဲတပ်ဖွဲ့ဘက်က စစ်ဆေးမေးမြန်းတာ မရှိသေးပါဘူး။ ကျနော်ကိုယ်တိုင်ပဲ တိုင်ချက် ဖွင့်ထားတာပဲ ရှိသေးတယ်။ ကျနော်တို့ အုပ်ချုပ်ရေးဘက်ကတော့ အသံချဲ့စက်နဲ့ နိုင်ငံခြားသားတွေ နေထိုင် တာကို ကြေညာတယ်။ အိမ်ခြံမြေ အကျိုးဆောင်တွေကိုလည်း ခေါ်ပြောတယ်။ နိုင်ငံခြားသားဆိုရင် ကျနော်တို့ဆီ၊ လူဝင်မှု ကြီးကြပ်ရေးဆီ အကြောင်းကြား တိုင်ကြားရမယ်ဆိုတာ”ဟု ဆက်လက် ပြောပြသည်။
ယခုဖြစ်စဉ်တွင် ပြည်သူအများ ဝေဖန်နေကြသည့် ဗီဇာမရှိသည့် တရုတ်နိုင်ငံသားများ ပါဝင်နေသည် ဆိုသည့် အချက်သည် မှန်ကန်မှုမရှိကြောင်းလည်း ဦးအောင်ကျော်မိုးက ပြောသည်။
ယခုလို FMI City အတွင်း တရုတ်နိုင်ငံသား အများအပြား နေထိုင်နေသော်လည်း ဒေသခံပြည်သူများနှင့် ပဋိပက္ခ ဖြစ် ပွားမှုသည် ပထမဆုံးဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကိုပင် ယခုလို ရိုက်နှက်မှု ဖြစ်ပေါ်စေခဲ့ခြင်းကြောင့် နောက်ပိုင်းတွင် တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များကိုပင် အားကိုးရန်အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ပေါ်စေခဲ့ကြောင်း အခင်းဖြစ်ရပ်ကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောဆိုသည်။
၎င်းက တရုတ်နိုင်ငံသားများသည် သူတပါး အိမ်ရှေ့တွင် ကားများ ပိတ်ရပ်ထားသည်ကို အိမ်ပိုင်ရှင်က သွားရောက် ပြောဆိုရာ မခြေမငံ ပြန်လည်ဆက်ဆံသည့်အပြင် ဆဲရေးတိုင်းထွာသည့်အတွက် ဒေသခံပြည်သူများက ဒေသဆိုင်ရာ အုပ်ချုပ်ရေးများ၏ အကူအညီဖြင့် ပြောဆိုခဲ့သော်လည်း ယခုကဲ့သို့ ကိုယ်ထိလက်ရောက် ဖြစ်စေသည့် ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက “ကျမတို့ အကြောင်းကြားတော့ ရပ်ကွက်ထဲက ရာအိမ်မှူးတွေလာတယ်။ နယ်မြေခံ နယ်ထိန်းရဲ လာတယ်။ အဲ့ဒီမှာ ဝင်စစ်တာကို သူတို့က အုပ်စုလိုက် ပြန်တုံ့ပြန်တာ။ အဲ့ဒါကို ထိထိရောက်ရောက် မလုပ်ဘူးဆိုရင် နောက်နောင် ကျမတို့က အကူအညီလိုလို့ နယ်မြေခံ အုပ်ချုပ်ရေးတွေ၊ ရဲတွေကို အကူညီတောင်းရင်တောင် သူတို့က လာပါ့မလား စိုးရိမ်စရာဖြစ်လာတယ်။ ကျမတို့ရပ်ကွက်ထဲမှာ ဒါဟာ ပထမဆုံး ဖြစ်လာတာပဲ”ဟု လည်း ပြောဆိုသည်။
လှိုင်သာယာမြို့နယ် FMI City အတွင်း တရုတ်နိုင်ငံသားများ ငှားရမ်းနေထိုင်နေသည့် နေအိမ်ပေါင်း ၁ဝဝ ဝန်းကျင် ရှိပြီး လူဦးရေအားဖြင့် ၂ဝဝ ဝန်းကျင် ရှိနေကြောင်း သိရသည်။
You may also like these stories:
၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာမှာ တရုတ်ခရီးသွားတွေ ကျူးလွန်ခဲ့ကြတဲ့ ပြစ်မှုများ
ပိုက်ဆံလိုက်တောင်းနေတဲ့ တရုတ်ခရီးသွား ၄ ယောက်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး
မယဉ်ကျေးသော တရုတ်ခရီးသွားများကြောင့် ဒေသခံများ စိတ်အနှောင့်အယှက်ဖြစ်