မန္တလေးတွင် ဖမ်းဆီးရမိသည့် လက်နက်မှုနှင့် ဆက်စပ်သည်ဟု တရားစွဲဆို စွပ်စွဲ ခံထားရသည့် ရက္ခိုင်စစ်တပ် (AA) မှ စစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖ တော်စပ်သူ၏ အမှုကို လာမည့် ဇန်နဝါရီလ ၃၀ ရက်တွင် ရန်ကုန်အနောက်ပိုင်း ခရိုင် တရားရုံး၌ စတင် စစ်ဆေးတော့မည်ဟု သတင်းရရှိသည်။
ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးတွင် ယနေ့ပြုလုပ်သည့် ရုံးချိန်း၌ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်၏ အပြီးသတ် အကြိုညှိနှိုင်းမှု အစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံး၏ သတင်းပြန်ကြားရေး အရာရှိ ဦးဇော်ဇော်ထွန်း က “ဒီနေ့ ဆောင်ရွက်ချက် အခြေအနေကတော့ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အရ အပြီးသတ် အကြို ညှိနှိုင်းမှု အစည်းအဝေး ပြုလုပ်ခြင်းဘဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအမှုကို စစ်ဆေးဖို့အတွက် ၃၀ ရက် ၁ လ ၂၀၂၀ ရက်နေ့ကို ချိန်းဆိုထားပါတယ်” ဟု ပြောသည်။
လာမည့် ဇန်နဝါရီ ၃၀ ရက်တွင် တရားလိုဖြစ်သည့် သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး မင်းခိုင်ကို စတင် စစ်ဆေးမည် ဖြစ်ပြီး မေ ၁၄ ရက်ထိ အပတ်စဉ် ရုံးချိန်းများတွင် တရားလိုပြသက်သေ စုစုပေါင်း ၁၂ ဦးကို စစ်ဆေးမည်ဟုလည်း သိရသည်။
တရားလိုပြသက်သေများကို စစ်ဆေးပြီးမှ အမှုကို စွဲချက်တင်သင့်၊ မတင်သင့်ကို တရားသူကြီးမှ ဆုံးဖြတ်မည် ဖြစ်သည်။
ဦးဇော်ဇော်ထွန်းက “တရားလိုပြ သက်သေတွေကို ကျနော်တို့က ဘယ်နှလအတွင်း ဘယ်ရက်မှာ အပြီးယူမယ်ဆိုပြီး လုပ်တယ်။ လုပ်ပြီး စွဲချက်တင်ဖို့ အကြောင်းမပေါ်ရင် ဒီကိစ္စက ပြီးသွားပြီ။ စွဲချက်တင်ဖို့ အကြောင်းပေါ်ရင်တော့ တရားခံဘက်နဲ့ တရားခံဘက်ကပြတဲ့ သက်သေတွေကို မှုခင်းစီမံံခန့်ခွဲမှုက ရက်ချိန်းတွေ ပေးမှာပါ”ဟု ပြောသည်။
AA စစ်ဦးစီးချုပ်၏ ညီမ ဒေါ်မိုးနှင်းဖြူ နှင့် ယောက်ဖတော်စပ်သူ ဦးကျော်နိုင်တို့ကို မြန်မာနိုင်ငံသတင်း ရဲတပ်ဖွဲ့မှ ဒုရဲမှူး မင်းခိုင်က တရားလိုလုပ်ကာ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုထားသည်။ ၎င်းတို့ကို အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခြင်းမှာ မန္တလေးမြို့တွင် မိသည့် လက်နက်ကိစ္စဖြင့် ဆက်စပ်သည်ဟု ဆိုကာ စွပ်စွဲခံ ရခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က) သည် နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသူတို့၏ တာဝန် ပေးမှုကို လှုပ်ရှား ဆောင်ရွက်ပေးခြင်း၊ အကြမ်းဖက်အဖွဲ့ဝင် တဦးဦးကို အရေးယူခြင်း မပြုနိုင်ရန်နှင့် လွတ်မြောက် စေရန် ခိုလှုံပုန်းအောင်းခွင့် ပေးခြင်း၊ ဝှက်ထားခြင်း၊ အကြမ်းဖက်သမားများအတွက် အဆောက်အအုံနှင့် နေရာ ထိုင်ခင်း တခုခုကို အသုံးပြုခွင့် ပေးခြင်း၊ သယ်ယူပို့ဆောင်ရေးအတွက် စီစဉ်ပေးခြင်းတို့ ပြုလုပ်ပါက စွဲဆိုနိုင်သည့် ပုဒ်မဖြစ်သည်။
ပြစ်မှုထင်ရှားကြောင်း တရားရုံးမှ ဆုံးဖြတ်ပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်ထိ ပြစ်ဒဏ်ချမှတ် ခံရမည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။
ဦးကျော်နိုင် နှင့် ဒေါ်မိုးနှင်းဖြူတို့၏ အမှုမှာ ကနဦးက မရမ်းကုန်းမြို့နယ်၊ တရားရုံးတွင် လက်ခံစစ်ဆေးခဲ့ရာ အမှုကို မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အရ ရှုပ်ထွေးသော အမှုဟု ဆုံးဖြတ်သဖြင့် ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်ဆေးရန် နိုဝင်ဘာ ၂၉ ရက်က တရားရုံးက ဆုံးဖြတ်ခဲ့သည်။
နောက်ပိုင်းတွင် လုံခြုံရေးအရဟု ဆိုကာ ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးထံသို့ အမှုကို လွှဲပြောင်း ပေးခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်တွင် အဆိုပါ ခရိုင်ရုံး၌ ရှေ့နေပါဝါ ပြန်တင်ရပြီး တရားရုံး အလွှဲအပြောင်း ပြုလိုက်ခြင်းကြောင့် အမှုကို ဇန်နဝါရီ ၃၀ ရက်မှ စ၍ ပြန်လည်စတင် စစ်ဆေးမည် ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ် တအိမ်တွင် AAမှ တပ်ကြပ်၊ တပ်သားတဦးနှင့် ကူညီနေသူ ၂ ဦး စုစုပေါင်း ၄ ဦးကို စစ်သုံးပစ္စည်းများ ဖြစ်သည့် ဂြိုလ်တုဖုန်း အလုံး ၄၀၊ ရုရှား နိုင်ငံထုတ် မှန်ပြောင်း အခု ၃၀၊ GPS ၂၅ လုံး၊ ယမ်းတုံး ၂၈ ထုပ်၊ ဒီတိုနေတာ အထုပ် ၁၀၀ ပါ အထုပ် ၁၀ ထုပ် ၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၁၅ လိပ် ပါ အထုပ် ၃ ထုပ်၊ စက္ကူညို ၁ ထုပ် နှင့ ်ယမ်းဖြူဟု ယူဆရသည့် အမှုန့်များ ပါဝင်သည့် ဆာလာအိတ် ၅ အိတ်တို့ကို ဖမ်းဆီး ရမိခဲ့သည် ။
ဖမ်းမိသူ ၄ ဦးနှင့် ဆက်စပ်နေသူ ၂ ဦးဖြစ်သည့် မသန်းခင်နှင့် ကိုမောင်မောင်စိုးတို့မှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၈ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်သွားသည်။
ထိုင်းအာဏာပိုင်များမှလည်း မသန်းခင်နှင့် ကိုမောင်မောင်စိုးကို ဖမ်းဆီးရန် ရှာဖွေနေစဉ် AA စစ်ဦးစီးချုပ်၏ ယောက်ဖ ဦးကျော်နိုင်က ကိုမောင်မောင်စိုးနှင့် ထိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့ကြသည်ဟု ရဲတပ်ဖွဲ့၏ အမှုဖွင့် တိုင်ချက်တွင် ရေးသားထားသည်။
ကိုကျော်နိုင်နှင့် ကိုမောင်မောင်စိုးတို့မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံမှ လာအိုသို့ သွားပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်ရောက်ကြကာ ဦးကျော်နိုင်က ကိုမောင်မောင်စိုးအား ထိုင်းဘတ်ငွေ ၂၀၀၀ ပေးခဲ့သည်ဟုလည်း တိုင်ချက်တွင် ရေးသားထားသည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ ပြန်လာရာ ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဦးကျော်နိုင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ၎င်းကို လာကြိုသည့် ဇနီး ဒေါ်မိုးနှင်းဖြူနှင့် သမီးတို့ကိုလည်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သမီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပြီးနောက် ဦးကျော်နိုင်နှင့် ဒေါ်မိုးနှင်းဖြူတို့ကို အင်းစိန်ထောင်တွင် ထိန်းသိမ်း ထားကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။
စတင်ဖမ်းဆီးခံရစဉ်က ဒေါ်မိုးနှင်းဖြူက ၎င်း၏ အမျိုးသား ဦးကျော်နိုင်မှာ လေဖြတ်ထားသဖြင့် ထိုင်းနိုင်ငံ တွင် ဆေးသွားကုနေသူဖြစ်ပြီး အကြမ်းဖက်ဥပဒေဖြင့် တရားမျှတမှု မရှိဘဲ အမှုဖွင့် ဖမ်းဆီးခံထား ရပါသည်ဟု သတင်းမီဒီယာများကို ပြောဆိုထားသည်။
ဦးကျော်နိုင်နှင့် ဒေါ်မိုးနှင်းဖြူမှာ AA ၏ လက်နက်ကိစ္စများနှင့် သက်ဆိုင်ခြင်း မရှိသူများ ဟုလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုထားသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက ဧရာဝတီနှင့် အင်တာဗျူးတွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “တကယ့်ယုတ္တိမရှိတာ လေဖြတ်နေတဲ့ ကိုကျော်နိုင်ဆိုတာ လေဖြတ်ပြီး ဆေးသွားကုတဲ့လူ၊ သူ့ဆီးဝမ်း ကိစ္စတောင် စဉ်းစားမရတဲ့ လူက ဘယ်လက်နက်ကို သူသိမလဲ။ အင်မတန်မှ ယုတ္တိကင်းမဲ့တဲ့ နှလုံးရည် နိမ့်ပါးတဲ့ လုပ်ရပ်တွေပါ” ဟု ပြောဆိုထားသည်။
မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့က ဦးကျော်နိုင်၊ ဒေါ်မိုးနှင်းဖြူတို့အပြင် AA စစ်ဦးစီးချုပ်၏ ညီတော်စပ်သူ ကိုအောင်မြတ်ကျော်နှင့် ရခိုင်အသင်း (စင်ကာပူ)မှ ခေါင်းဆောင်များကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဆိုင်ရာ ပုဒ်မ ၂ ခုဖြင့် ဖမ်းဆီး တရားစွဲဆိုထားသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းကလည်း မြန်မာနိုင်ငံဘက်မှ နိုင်ငံသားအဖြစ် ရုတ်သိမ်းလိုက်သဖြင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် AA စစ်ဦးစီးချုပ်၏ ဇနီး ဒေါ်နှင်းဇာဖြူ၊ ထိုင်းနိုင်ငံတွင် ကျောင်းတက်နေသည့် အသက် ၁၂ နှစ်အရွယ် သမီး စောပြည့်သျှင် နှင့် ၁ နှစ်အရွယ် သား မြတ်လင်းဇံ တို့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီးနောက် ယခုအခါ တတိယနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရရန် ဆောင်ရွက်နေသည်ဟု သိရသည်။
You may also like these stories:
AA စစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖတို့ကို အကြမ်းဖက်မှု ဥပဒေဖြင့် တရားရုံးတင်
ရခိုင်အသင်း ခေါင်းဆောင်များ၏ မိသားစုဝင်များကို စသုံးလုံး ခေါ်ယူစစ်ဆေး
ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ အဖမ်းခံရမှု ဖောက်ခွဲပစ္စည်းများနှင့် ဆက်စပ်ဟုဆို
မန္တလေးတွင် AA နှင့် ဆက်စပ်သည်ဟုဆိုသူ ၆ ဦးကို ရုံးထုတ်စစ်ဆေး