ပုဂံမြို့၏ နေထွက်/နေဝင်ချိန် ရှုခင်းကြည့်သော အိုးခြမ်းပဲ့ တောင်ကုန်းပေါ်သို့ စည်းကမ်းမဲ့ ကားဖြင့် တက်သော တရုတ် နိုင်ငံသား ၂ ဦးကို ရှေးဟောင်း အဆောက်အအုံ ကာကွယ်ထိန်းသိမ်းရေး ဥပဒေဖြင့် ပုဂံနယ်မြေ ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း သိရသည်။
ပုဂံရဲစခန်း တာဝန်ရှိသူ တဦးက “သူတို့ကို ရှေးဟောင်း အဆောက် အအုံကာကွယ် ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ၂၁ နဲ့ တရားလို ဦးဝင်းအောင်ကြည် (ဦးစီးအရာရှိ ရှေး/သု ပုဂံဌာနခွဲ)က ဖေဖော်ဝါရီလ ၃ ရက်က စဖွင့်တယ်။ အခုကတော့ တရုတ်နိုင်ငံသားတွေက မန္တလေး ရောက်သွားလို့ ကျနော်တို့ တရားစွဲဖို့ ပြင်ဆင်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တရုတ်ခရီးသွား အဖွဲ့တဖွဲ့သည် ဖေဖော်ဝါရီလ ၁ ရက် ညနေပိုင်းက ပုဂံမြို့ နေဝင်ချိန်ကြည့်သော တောင်ကုန်းပေါ်သို့ ကား မောင်း၍ တက်လာပြီး ဘီယာသောက်ရန် ပြင်ဆင်ခြင်းကို ဒေသခံ ဧည့်လမ်းညွှန်များက တားမြစ်ရာတွင် စကားများခဲ့ကြ ကြောင်း သိရသည်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က “လူမှု ကွန်ရက်မှာတော့ ပျံ့နှံ့နေတယ်။ ကျနော်တို့ သက်ဆိုင်ရာ ရဲစခန်း နယ်မြေကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အရေးယူ ဆောင်ရွက်ပေးဖို့ တိုင်ချက်ပို့ထားပြီးပြီ ဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ စီမံခန့်ခွဲမှုကိုလည်း နောင်အလားတူကိစ္စမျိုး မ ဖြစ်အောင် လိုအပ်တဲ့ သက်ဆိုင်ရာ ဌာနတွေကိုလည်း အစည်းဝေးခေါ် ညိုနှိုင်းပြီး ညွှန်ကြားထားတယ်” ဟု ပြောသည်။
ထိုကဲ့သို့သော ကိစ္စမျိုး နောင်တွင် ဖြစ်ပွားမှုများ မရှိစေရန် အတွက် လုပ်ဆောင်ရာတွင် ပုဂံတွင် ဘုရားပေါင်း ၃၀၀၀ ကျော် ရှိသည့်အတွက် အားလုံးခြုံငုံမိရန် စနစ်တကျနှင့် စီမံခန့်ခွဲရာတွင်လည်း လက်ရှိ ဝန်ထမ်းအင်အားနှင့်လည်း လုံလောက်မှု မရှိကြောင်းလည်း ၎င်းက ရှင်းပြသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ရှေးဟောင်း အမွေအနှစ်နှင့် ပတ်သက်လျှင် ဌာနအနေနှင့် လုံခြုံရေး အားနည်းကြောင်း မြန်မာ နိုင်ငံ ရှေးဟောင်း သုတေသန ပညာအသင်း အတွင်ရေးမှူး ဦးသူရအောင်က ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ထိန်းသိမ်း ကာကွယ်ရေး ဥပဒေ ၂၀၁၉ က ဥပဒေသာ ထွက်ရှိပြီး နည်းဥပဒေမှာ မထွက်သေးသဖြင့်လည်း တချို့ကိစ္စရပ်များမှာ လုပ်ဆောင်၍ မရသေးဟုလည်း ရှေး/သု ဦးစီးဌာနက ပြော လေ့ရှိကြောင်း ၎င်းက ရှင်းပြသည်။
ထို့ကြောင့် ရှေးဟောင်း အမွေအနှစ် ဒေသများကို ကာကွယ်ရန် နည်း ဥပဒေ အမြန်ဆုံး ထွက်ရှိရန် လိုအပ်နေကြောင်း ဦးသူရအောင်က ထောက်ပြပြောဆိုသည်။
ရှေးဟောင်း အမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ အခန်း ၇၊ တားမြစ်ချက်များတွင် မည်သူမျှ ယဉ်ကျေးမှု အမွေအနှစ်ဒေသ အတွင်း ဦးစီးဌာနက သတ်မှတ် ကြေညာသည့် နယ်နိမိတ် အတွင်း၌ ထွန်ယက်စိုက်ပျိုးခြင်း သို့မဟုတ် ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်စေနိုင်သည့် ဆောင်ရွက်မှု တစုံတရာ ပြုလုပ်ခြင်း မပြုရဟု ပြဋ္ဌာန်း ထားသည်။
အဆိုပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ပါက ပြစ်ထင်ရှား စီရင်ခံရလျှင်ထိုသူအား ငွေဒဏ် ကျပ် ၃၀၀၀၀ အထိ ဖြစ်စေ၊ ထောင် ဒဏ် ၃ နှစ် အထိ ဖြစ်စေ နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
တရုတ်ခရီးသွား ၁၈ ဦးပါ ကား ၈ စီးမှာ ဖဖော်ဝါရီလ ၂ ရက်တွင် ပုဂံဒေသမှ ထွက်ခွာသွားပြီ ဖြစ်သော်လည်း ဌာန၏ လုပ်ငန်းစဉ် အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံ ဌာနခွဲ)က ဆိုသည်။
ပုဂံဧည့်လမ်းညွှန် အသင်း ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက “အိုးခြမ်းပဲ့ကုန်းကို တရုတ်တွေ ကားနဲ့တက်တယ်။ ဒါကို ကာရံထားတာ မရှိဘူး။ ကျနော်တို့ ဒေသခံတွေ အနေနဲ့က ဒါကို မတက်ရဘူး ဆိုတာ နားလည်တယ်။ ဒါပေမယ့် တရုတ်က သူတို့ကားနဲ့ လာတော့ ကုန်းပေါ် ကားမောင်းတက်တယ်။ ဘီယာသောက်ဖို့ ကြိုးစားတယ်။ ကျနော်တို့ ဧည့်လမ်းညွှန် ၂ ယောက်က ယဉ်ယဉ်ကျေးကျေးပဲ တားတာပါ။ အဲဒီမှာ မြန်မာလိုတတ်တဲ့ တရုတ်တယောက်က မချေမငံ ပြောတယ်။ ဒါကြောင့် ကျနော်ခရိုင်မှာ ဖွဲ့ထားတဲ့ အဖွဲ့တွေ ခေါ်ပြီး ဆွေးကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဧည့်သည်များရင် အလားတူကိစ္စရပ် ဖြစ်ပွားမှုရှိကြောင်း အထူးသဖြင့် တရုတ်နှင့် ပတ်သက်လျှင် ရေးဆွဲထားသော စည်း မျည်း စည်းကမ်းများကို မလိုက်နာခြင်း၊ ယဉ်ကျေးမှုကို အလေးမထားခြင်းများ ရှိသဖြင့် ယင်းတို့ကို နောက်ပိုင်းတွင် ကာ ကွယ်နိုင်မည့် နည်းလမ်းများကို လက်ရှိ၌ ဆွေးနွေးနေကြောင်းလည်း ၎င်းက ဆိုသည်။
ဦးသန်းဋ္ဌေး က “ကျနော်တို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ ဆွေးနွေးခဲ့တယ်။ အခု ကိုရိုနာဗိုင်းရပ်စ် ဖြစ်တာ ရပ်ရင် တရုတ်တွေ ပြန်ဝင်တာ များလာမယ်လို့ ယူဆရတယ်။ ဒါဆိုရင် ကျနော်တို့ ဒေသက အဖွဲ့အစည်းတွေ အနေနဲ့ ဘယ်လို ကာကွယ်ကြ မလည်း ဆိုင်းဘုတ်တွေ ထောင်မလား၊ ဘာမလုပ်ရ ဆိုတာပေါ့။ ဒီလို လုပ်ဖို့ အစီစဉ်ရှိတယ်” ဟု ရှင်းပြသည်။
ယခင်က ယခုလို ကိစ္စရပ်မျိုး ဖြစ်ပွားဖူးသော်လည်း တရားစွဲဆိုသည် အထိ မရှိကြောင်း ဒေသခံ ဧည့်လမ်းညွှန်များထံက သိရသည်။
ပုဂံအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းချိုက “ဒီကုန်းကလည်း သာသနာ့ကုန်း ဖြစ် တယ်။ ဒါကိုတော့ သိသင့်တယ်။ ကားတက်လမ်းလည်း မဟုတ်ဘူး။ ဒေသခံ၊ ဧည့်လမ်းညွှန်၊ ဝန်ထမ်းတွေရော အားလုံးက ကာကွယ် စောင့်ရှောက်သင့်တယ်။ တရားဝင်လည်း စာထုတ်သင့်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လ အတွင်းက လှုပ်ခတ်ခဲ့သည့် ငလျှင်ကြောင့် ပုဂံရှေးဟောင်း နယ်မြေရှိ သာသနိက အဆောက်အအုံများ ပြိုကျ ပျက်စီးခဲ့ပြီးနောက် ပုဂံဘုရားများပေါ်သို့ လူများတက်ရောက်ခြင်းကို တားမြစ်ခဲ့သည်။
ထို့ကြောင့် ပုဂံရှုခင်းများ ကြည့်ရှုနိုင်ရန် အတွက်လည်း လူလုပ်ရှုခင်းကြည့် ကုန်းများ ပြုလုပ်ရာတွင် ညောင်လက် တဖက် ကန် ရှုခင်းကြည့်ကုန်း၊ မင်းနန်သူရွာ ရှုခင်းကြည့်ကုန်း၊ ကိုးမောက်ရှုခင်းကြည့်ကုန်း စသည့် ကုန်းတို့မှာ လူလုပ် ရှုခင်းကြည့် ကုန်းများ ဖြစ်ပြီး အနောက်အိုးထိန်းကုန်းနှင့် အရှေ့အုန်းထိန်းကုန်း တို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကတည်းကရှိသည့် ရှေးဟောင်းကုန်းများ ဖြစ်ကြောင်း သိရသည်။
ယင်းနေရာများ ပေါ်သို့ ကားများ၊ မော်တော်ဆိုင်ကယ်များ၊ စက်ဘီးများနှင့် တက်ခြင်း၊ အရက်သေစာ သောက်စားခြင်းကို ခွင့်မပြုကြောင်းလည်း ဒေသခံဧည့်လမ်းညွှန်များက ပြောသည်။
ပုဂံဘုရားများ ထိန်းသိမ်းရေးအတွက် စီမံခန့်ခွဲမှု တာဝန်ယူထားသော သူများအနေနှင့် နေဝင်ချိန်ကြည့်သော တောင်ကုန်း များကို သတိပေးစာများ ကပ်ခြင်း၊ အကာအရံများထားရှိခြင်း၊ ဆိုင်းဘုတ်များကို ကျယ်ကျယ်ပြန့်ပြန့် အင်္ဂလိပ်၊ မြန်မာ နှစ် ဘာသာဖြင့် လုပ်ဆောင်သင့်ကြောင်း ဧည့်လမ်းညွှန် ကိုမြင့်နိုင်က အကြံပြု ပြောဆိုသည်။
ယင်းပြင် စည်းကမ်းမလိုက်နာလျှင်လည်း ချက်ချင်း အရေးယူနိုင်သည့် ဥပဒေများ ရှိသင့်ကြောင်း ၎င်းကဆိုသည်။
ဥပဒေ အကြံပေး ရှေ့နေ ဦးခင်မောင်မြင့်က “တခြားနိုင်ငံခြားသား ဖြစ်သော်လည်း ပြစ်မှုကျူးလွန်ချိန်က မြန်မာနိုင်ငံရဲ့ မြေ ပေါ်မှာ ရှိတယ် ဆိုရင်တော့ သူက မြန်မာ နိုင်ငံမှာ ရှိတဲ့ ရာဇသတ်ကြီး ဥပဒေ၊ အခြား ဥပဒေ တခုခုနဲ့ အရေးယူ ဆောင် ရွက်လို့ ရပါတယ်။ ဘယ်ဥပဒေနဲ့ အရေးယူ မလည်း ဆိုတာတော့ သက်ဆိုင်ရာ ဌာနပေါ့။ အထူးသဖြင့် ဒါက ယဉ်ကျေးမှုနဲ့ သာသနာရေး ဝန်ကြီးဌာန ယူရမှာပါ။ ရဲတပ်ဖွဲ့ကနေမှ အမှုတိုင်ကြားလိုက်ပြီဆိုရင် မြန်မာနိုင်ငံရဲ့ မြို့တမြို့မှာ ရှိနေတယ် ဆိုရင်တောင် လူဖမ်းဝရမ်း ထုတ်ပြီး ဖမ်းဆီး အရေးယူလို့ ရပါတယ်” ဟု ပြောဆိုသည်။
ထို့ပြင် ပြစ်မှု ကျူးလန်သူမှာ မြန်မာနိုင်ငံ၏ နယ်နိမိတ်ကို ကျော်လွန်ပါက သို့မဟုတ် တရုတ်နိုင်ငံသို့ ပြန်ရောက်သွားလျှင် လည်း နယ်စပ်ဖြတ်ကျော် မှုခင်းအနေနှင့် နှစ်နိုင်ငံစာချုပ် ချုပ်ဆိုထားခြင်းများ ရှိသဖြင့် ထိုသူကို လွှဲပြောင်းပေး၍ ရသလို ၎င်းနိုင်ငံ၏ သင့်လျှော်သည့် ဥပဒေ တရပ်ရပ်ဖြင့်လည်း အရေးယူနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
ပုဂံမြို့တွင် ဘုရားပေါင်း ၃၂၀၀ ကျော် ရှိပြီး တနှစ်လျှင် ပြည်တွင်းခရီးသွား ၂ သန်းကျော်၊ ပြည်ပ ခရီးသွား ၄ သိန်းဝန်း ကျင် ဝင်ရောက်လျက် ရှိကြောင်း သိရသည်။
You may also like these stories:
ပုဂံ ပျူ လေးဆူတန်းဘုရားအနီး ဆောက်လုပ်ရေး လုပ်ငန်း ကန့်ကွက်ခံရ
မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး နောက်ဆုံး အဆိုပြုလွှာတင်
မန္တလေး-ပုဂံ ရထားလမ်း အဆင့်မြှင့်တင်မှု ယခုနှစ် အတွင်း စတင် လေ့လာမည်