ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်းနှင့် ဆရာစံ လမ်းထောင့်ရှိ ဆရာစံ ပလာဇာ၏ အဆောက်အအုံ နှင့် မြေ ငှားခ အတွက် ပေးသွင်းငွေသည် ခေတ်ကာလ တန်ဖိုးနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးသဖြင့် အစိုးရက ငှာရမ်းခ ပိုတောင်း၍ စာချုပ် ပြင်ဆင်ချုပ်ဆိုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အမတ်များက တောင်းဆို တိုက်တွန်းသည်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် NLD လွှတ်တော် ကိုယ်စား လှယ် များက ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ၆ လတာ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ လေ့လာတွေ့ ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဝင်ရောက်ဆွေးနွေးစဉ် အထက်ပါအတိုင်း တိုက်တွန်းခြင်း ဖြစ်သည်။
ဗဟန်းမြို့နယ်ရှိ ဆရာစံ ပလာဇာသည် ယခင် သမဝါယမ ဝန်ကြီးဌာနပိုင် မြေနေရာ ၁ ဒသမ ၉၆၆ ဧကပေါ်တွင် တည်ရှိခြင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လ သမ္မတ ဦးသိန်းစိန် အစိုးရ ဆင်းခါနီးတွင် ပုဂ္ဂလိက လုပ်ငန်းရှင်တဦးသို့ နှစ် ၅၀ စာချုပ်ဖြင့် ငှားရမ်းမှုအပြင် နှစ် ၅၀ ပြည့်ပါက တကြိမ်လျှင် ၁၀ နှစ်ဖြင့် ၂ ကြိမ် သက်တမ်းတိုးခွင့် ပေးထားကြောင်း NLD ပါတီ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က လွှတ်တော်တွင် တင်ပြဆွေးနွေးသည်။
ငှားရမ်းမှု သက်တမ်းနှစ် ၇၀ တွင် ငှာရမ်းခသည် ၁ စတုရန်း မီတာလျှင် ၁ နှစ် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာ ပေးသွင်း ရသဖြင့် ယခုအခါ ၁ နှစ်လျှင် ဒေါ်လာ ၁ သိန်း ၂ သောင်း ရကြောင်း၊ ယခုခေတ်ကာလ ပေါက်ဈေးတွင် ၁ စတုရန်း မီတာလျှင် ဒေါ်လာ ၄၀ မှ ၅၀ အထိ ရှိရာ နိုင်ငံအနေဖြင့် ၁ နှစ်လျှင် ဒေါ်လာ ၃ ဒသမ ၈ သန်း ရရှိရမည် ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
“သာမန်ပြည်သူ တဦးချင်းစီက သူတို့ ချွေးနှဲစာထဲကနေ ဝင်ငွေခွန်တွေ၊ ကုန်သွယ်ခွန်တွေ ထမ်းဆောင်နေချိန်မှာ ငှားရမ်းသူ နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်က ငှားရမ်းခ သက်သက်သာသာနဲ့ နှစ်ကာလရှည် အခွင့်ထူးခံ ရယူသွား တာဟာ ပြည်သူအားလုံးနဲ့ နိုင်ငံတော်အတွက် အင်မတန်မှ နစ်နာပါတယ်”ဟု ဦးထွန်းမြင့်က ဆက်ပြောသည်။
ထို့ပြင် စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာကို ဝင်ရောက် ဆွေးနွေးသူတဦး ဖြစ်သည့် NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းကလည်း ယခုစာချုပ်ကို ပြင်ဆင်ချုပ်ဆိုရန် တောင်းဆိုသည်။
ယခင် အစိုးရလက်ထက်တွင် ရှေ့နေချုပ်ရုံး၏ မြေငှားခ တိုးတောင်းရန် အကြံပြုချက်ကို လျစ်လျူရှုပြီး စီးပွားရေး အချက်အချာကျသည့် ရန်ကုန်မြို့လယ်က မြေကို ၁ စတုရန်းမီတာလျှင် ၁၅ ဒေါ်လာဖြင့် ငှားရမ်းခြင်းသည့် မဖြစ်သင့် သည့် ကိစ္စဖြစ်၍ ယခုလို ထောက်ပြရခြင်း ဖြစ်ကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။
“စာချုပ်ချုပ်တဲ့နေ့က ငွေလဲနှုန်းက ၁၂၀၀ ကျော်ကျော်လေးနဲ့ နှစ် ၅၀ စာ တွက်ပြီး အစိုးရ ပြောင်းခါနီးလေးမှာ ကသောကမျော ချုပ်လိုက်တဲ့ စာချုပ်ပါ။ နောက်ပိုင်း စာရင်းစစ်ကတွေ့မှ ကုန်သွယ် လုပ်ငန်းခွန် သွင်းတာတို့ ဘာတို့ ကလည်း ဖြစ်လာတာပါ”ဟု ဦးမျိုးဝင်းက ပြောဆိုသည်။
၁၉၉၂ ခုနှစ်က ပေါ်ပေါက်လာသည့် ဗဟိုသမဝါယမ လီမိတက်က ယင်းမြေနေရာတွင် အဆောက်အအုံတခု တည် ဆောက်ခဲ့ကြောင်း၊ သို့သော် ထိုအချိန်က မည်ကဲ့သို့ ဆောင်ရွက်ခဲ့သည်ကို မသိရကြောင်း၊ သို့သော် ယခုခေတ်တွင် ရန်ကုန်မြို့ရှိ လမ်းမကြီးအနီးမြေကို ငှားရမ်းပါက ကနဦး ပေးသွင်းရသည့် အာမခံကြေးပင် ဒေါ်လာ ၃ သန်း သွင်းရ ကြောင်း ဦးမျိုးဝင်းက ပြောသည်။
NLD ပါတီမှ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကလည်း“အခုက ရမယ့် ငွေတွေ က နစ်နာနေတဲ့ ကိစ္စပါ။ စာချုပ်စာတမ်းကြောင့်ပဲ ဖြစ်ဖြစ်၊ ရသင့်ရထိုက်တဲ့ ကာလပေါက်ဈေးနဲ့ မညီတဲ့ ကိစ္စတွေ အများကြီး ရှိတယ်။ မတရားသဖြင့် ဒီလို ဖြစ်နေတဲ့ ကိစ္စက ဒီတခုတည်း မဟုတ်ဘဲ အများကြီး ရှိတယ်။ အဲဒါကြောင့် ပြန်လည် စိစစ်ပေးဖို့ ဆွေးနွေးရတာ”ဟု ပြောဆိုသည်။
ထို့ကြောင့် ရှေ့နေချုပ်ရုံး၏ သဘောထားကို ရယူခဲ့မှု မရှိခြင်း၊ အခြား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းတိုင်ပင်မှု မရှိ ခဲ့ခြင်းတို့ကြောင့် စာချုပ် ပြင်ဆင်ချုပ်ဆိုခြင်းသည် မဖြစ်မနေ လုပ်ရမည့် ကိစ္စတခု ဖြစ်ကြောင်းလည်း ဒေါ်အေးမြမြမျိုး က ဧရာဝတီသို့ ပြောသည်။
ယခုကိစ္စသည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ လက်သိပ်ထိုး၍ နီးစပ်သူချင်း ဆောင်ရွက်ရာ စီးပွားရေးအရ တရားမျှတမှု မရှိခြင်း၊ ပြည်သူများ သတင်းအချက်အလက် မရရှိခဲ့ခြင်းတို့ကြောင့် ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်၍ နောင်တွင် ယခုလို ကိစ္စရပ် မျိုး ထပ်မံမဖြစ်ပေါ်ရန် အထူးသတိထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း လွှတ်တော်အမတ်များက ထောက်ပြကြသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အကြံပြုသည့်အတိုင်း စာချုပ် ပြင်ဆင်ချုပ်ဆိုရန် ရှိပြီး ၁ စတုရန်းမီတာကို ၁၅ ဒေါ်လာ သတ်မှတ်ခဲ့ခြင်းသည် ထိုခေတ်ကာလ ပေါက်ဈေးဖြစ်၍ ယခုခေတ်နှင့် မကိုက်ညီတော့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောသည်။
“အဲဒီ Process (လုပ်ငန်းစဉ်) ကတော့ ကျနော်တို့ လုပ်နေပါပြီ။ သက်ဆိုင်ရာတွေကိုလည်း သဘောထား မှတ်ချက် တောင်းရမှာတွေ ရှိတယ်လေ။ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့ ဘာတို့ပေါ့လေ။ အဲဒါလေးတွေ တောင်းပြီးရင် စာချုပ် ချုပ်ပြီးတာနဲ့ ငှားရမ်းထားတဲ့ သူတွေက ပြင်ဆင်လိုက်တဲ့ Amount နဲ့ လာသွင်းပေါ့”ဟု ဦးမျိုးအောင်က ပြောဆိုသည်။