ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို မတ်လနှောင်းပိုင်းတွင် ကျင်းပနိုင်ရန် ပြင်ဆင်နေကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) မှ ဗိုလ်မှူး စိုင်းခမ်းစံက ပြောကြားသည်။
ဖေဖော်ဝါရီလ၂၁ ရက်မှ ၂၄ ရက် အထိ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်းတွင်၂၀ ကြိမ်မြောက် နှစ်ပတ်လည် အစည်း အဝေးကျင်းပခဲ့ပြီးနောက် RCSS က ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်း အဝေးကို သတ်မှတ်ကာလအတွင်း ကျင်းပနိုင်ရေးနှင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ဗိုလ်မှူး စိုင်းခမ်းစံက “လင်းခေးမှာ လုပ်ဖို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် အကြို ပြင်ဆင်တာကျတော့ တောင်ကြီးမှာ ပြင်ဆင်မှာ၊ ပြင် ဆင်တဲ့ အဆင့်ကတော့ မတ်လလောက် လုပ်မှာပါ” ဟု ဧရာဝတီသို့ ပြောကြားသည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုသည်မှာ အပစ်ရပ် လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် ဒေသခံ လူထုကြား တွေ့ဆုံကာ နိုင်ငံရေး ဆိုင်ရာ သဘောထားနှင့် အမြင်များ တရားဝင် ဖလှယ်ကြခြင်း ဖြစ် သည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ပါက ရှမ်းလူမျိုးများ၏ နိုင်ငံရေးဆိုင်ရာ သဘောထားများ ထွက်ပေါ်လာ နိုင်ကြောင်း ဗိုလ်မှူး စိုင်းခမ်းစံက ဆက်လက်ပြောကြားသည်။
“အဓိကက သဘောထား တင်နိုင်ဖို့ပေါ့။ ရှမ်းလူမျိုးအတွက် ကိုယ်စားပြုပြီးမှ ကျနော်တို့ RCSS အနေနဲ့ NCA အရ ND (အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ) ကျင်းပပိုင်ခွင့် ရှိတယ်လေ။ RCSS အနေနဲ့ မဟုတ်ဘဲ ရှမ်းတမျိုးသားလုံး အ တွက် ကျင်းပတယ်ဆိုတော့ ရှမ်းလူမျိုးရဲ့ သဘောထား စာတမ်းတွေ ထွက်လာမှာပေါ့” ဟု ၎င်းက ဆိုသည်။
နိုင်ငံရေး ဆွေးနွေးပွဲများကို မည့်သည့် ရက်တွင် လူအင်အား မည်မျှသုံးကာ ကျင်းပမည်ဆိုသည့် အချက်နှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့သော်လည်း RCSS ၏ ဗဟိုကော်မတီတွင် အသေးစိတ် ဆွေးနွေးပြီးမှသာ တရားဝင် ပြောကြားနိုင် မည် ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းခမ်းစံက ပြောဆိုသည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ကိစ္စသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ဆုံးဖြတ်ချက်အရ လုပ်ဆောင်ရမည် ဖြစ်သည်။
လာမည့် မတ်လဆန်းတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ် ထိုးထား သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံရန်ရှိနေပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့် ကော် မတီ (JMC) အစည်းအဝေးများ ကျင်းပရန်လည်း ရှိနေသည်။
သို့ဖြစ်ရာ ရှမ်းလူမျိူးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးမှာ ဖြစ်နိုင်သည့် အလားအလာ ကောင်း ရှိနေကြောင်း တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောကြားသည်။
“တကယ်လို့သာ UPDJC သာ ဖြစ်ခဲ့တယ်ဆိုရင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲဟာ ရှမ်းအဖို့ကတော့ မဖြစ်စရာ အကြောင်းမရှိပါဘူး။ လင်းခေးမှာ လုပ်ဖို့ ဆိုတာကတော့ အမှန်ကတော့ တပ်မတော်ဘက်က သဘောတူထားတာပါ။ အရင်ကလည်း တပ်မတော်ဘက်က သဘောတူထားတာ” ဟု ၎င်းက ဆိုသည်။
RCSS သည် ၂၀၁၈ ခုနှစ်အတွင်း ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရန် ဆွေးနွေးပွဲ အတွက် ရှမ်းနိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် RCSS ကိုယ်စားလှယ်များက လူထုနှင့် တွေ့ဆုံကာ သဘောထားများ ကောက်ယူရန် မြို့နယ် ၁၄ မြို့နယ်တွင် စီစဉ်ခဲ့သော်လည်း တပ်မတော်က တားမြစ်ခဲ့သဖြင့် နှစ်ဖက် တင်းမာမှု အချို့ရှိခဲ့ပြီး ဆွေးနွေးပွဲလည်း မလုပ်ဖြစ်ခဲ့ပေ။
ယင်းနောက် ၂ နှစ်ကျော်ခန့် အကြာတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရန် RCSS ဘက်က တကျော့ပြန် ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး ကမူ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို လင်းခေးမြို့တွင် ကျင်းပလျှင် ဆွေးနွေးပွဲဖြစ်မြောက်နိုင်ကြောင်း မှတ်ချက်ပေး သည်။
“အစိုးရဘက်က ပြောတာက လင်းခေးပေါ့။ RCSS ကပြောတာက တောင်ကြီးပေါ့။ အဲဒီမှာ ညှိလို့မရတဲ့ အတွက်ကြောင့် မလုပ်ဖြစ်ခဲ့တာပေါ့။ အခုတော့ ကျနော်ကြားတာက နေရာ ကိစ္စက သဘောတူညီမှု ရပြီကြားတယ်။ လင်းခေးပေါ့။ ဒါပေ မယ့် တောင်ကြီးကတော့ သဘောတူညီမှုထဲမှာ ပါတယ်လို့တော့ မကြားဘူး” ဟု ၎င်းက ဆိုသည်။
ရှမ်းပြည် ညီညွတ်သော တော်လှန်ရေးတပ် (SURA)နှင့် အစိုးရတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို လက်မခံ လိုသည့် ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ၁၉၉၆ ခုနှစ်တွင် ရှမ်းပြည် တပ်မတော် (SSA) ကို တည်ထောင်ခဲ့သည်။
ထို့နောက် SSA ၏ နိုင်ငံရေး အဖွဲ့အစည်းအဖြစ် RCSS ကို ၂၀၁၀ ခုနှစ် မေလ ၂၇ ရက်တွင် ဗဟိုအမှုဆောင်ကော်မတီဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
RCSS သည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်လာခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ပြည်နယ်အဆင့်၊၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ရယူခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် NCA လက်မှတ်ရေးထိုးခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
ရှမ်းလူထု အကြိုတွေ့ဆုံပွဲတွေကို တပ်မတော် ဘာကြောင့် ဟန့်တားခဲ့သလဲ
RCSS ဦးဆောင်ပြုလုပ်မည့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ယာယီရွေ့ဆိုင်း
ရှမ်းနှင့် ရခိုင်တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်နိုင်ရန် အဆိုပြုထား