ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး မကျင်းပမီ ရှမ်းနှင့် ရခိုင်တွင် လူမျိုး အလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခွင့်ရရေး အစိုးရဘက်သို့ အဆိုပြုလွှာ တင်ထားသည်ဟု သတင်း ရရှိသည်။
အဆိုပါ သတင်း အချက်အလက်ကို ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်ထိ ကျင်းပ ပြုလုပ်ခဲ့သည့် အစိုးရနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့တို့ကြား ညှိနှိုင်းရေး အစည်းအဝေး အပြီးတွင် အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ ဘက်မှ ပြောဆိုခြင်း ဖြစ်သည်။
အစိုးရဘက်မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က “၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေး သွားတော့မယ်ဆိုရင် အမျိုးသားအဆင့် ဆွေးနွေးပွဲ မလုပ်ရသေးတဲ့ အဖွဲ့တွေ ရှိတယ်။ ဒီ အဖွဲ့တွေကလည်း လုပ်ဖို့ အဆိုပြုပါတယ်။ နောက် တချို့လူထုတွေ့ဆုံပွဲတွေ လုပ်ချင်တာလည်း အဆိုပြုပါတယ်။ ဒါ က EAOs (အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့) ဘက်က အဆိုပြုတာပါ” ဟု ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်ကို လာမည့် ဧပြီလတွင် ကျင်းပနိုင်ရန် အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ကြား ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိသည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့ ၁၀ ဖွဲ့ အနက် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) တို့သည် အစိုးရနှင့် တပ်မတော်တို့၏ တားမြစ်ချက်များကြောင့် ယနေ့ထိ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ များ ကျင်းပနိုင်ခြင်း မရှိသေးပါ။
ဦးဇော်ဌေး က “အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ခဲ့တာ RCSS ရှိတယ်။ လင်းခေးမှာ လုပ်ဖို့ သဘောတူထားပြီးပြီ။ ဒီညီလာခံကို သွားမယ်ဆိုရင် RCSS အနေနဲ့ မဖြစ်မနေ လုပ်ရမယ့် သဘောရှိပါတယ်” ဟုလည်း ပြောသည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ဆုံးဖြတ်ချက်အရ လုပ်ဆောင်ရမည် ဖြစ်သဖြင့် အပစ်ရပ် ၁၀ ဖွဲ့ဘက်မှ တင်ပြထားသည့် အဆိုပြုလွှာများကို UPDJC က ဆုံးဖြတ်မည် ဖြစ်သည်။
အပစ်ရပ် ၁၀ ဖွဲ့၏ ညှိနှိုင်းရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး ကလည်း ရှမ်းနှင့် ရခိုင်အပြင် အခြားအဖွဲ့များ ကလည်း ၎င်းတို့ ဒေသအတွင်း တမျိုးသားလုံး ဆိုင်ရာ သဘောထား စုစည်းချက် အစည်းအဝေးများ ပြုလုပ်ရန် အဆို ပြုလွှာ တင်ထားပါသည်ဟု ပြောသည်။
နိုင်အောင်မငေးက “ကျနော်တို့ကတော့ အဆိုပြုတယ်။ သူတို့က ဘယ်လို ဆုံးဖြတ်မလဲ မသိသေးဘူး။ UPDJC အစည်းအဝေး တခုမှာ ဆုံးဖြတ်ချက် ချပါလိမ့်မယ်။ ရခိုင်ပြည်နယ်မှာလည်း သံတွဲမှာ လုပ်ဖို့ အဆိုပြုထားပါတယ်။ မရ ရင်တော့ တနေရာမှာမဟုတ် တနေရာမှာ လုပ်ခွင့်ပြုမလားဆိုတာ သူတို့အပေါ်မှာ မူတည်ပါတယ်” ဟု ပြောသည်။
RCSS သည် ၂၀၁၈ ခုနှစ်အတွင်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရန် UPDJC နှင့် ရှမ်းပြည်နယ် အစိုးရထံမှ ခွင့်ပြုချက် ရရှိပြီး ဖြစ်သော်လည်း ဆွေးနွေးပွဲအတွက် ရှမ်းနိုင်ငံ ပါတီ ကိုယ်စားလှယ်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် RCSS ကိုယ်စားလှယ်များက လူထုနှင့် တွေ့ဆုံကာ သဘောထားများ ကောက်ယူ ရန် မြို့နယ် ၁၄ မြို့နယ်တွင် စီစဉ်ရာ ကျောက်မဲ၊ ပင်လုံ၊ တာချီလိတ်နှင့် ကာလိမြို့တွင် တပ်မတော်က တားမြစ်ခဲ့သ ဖြင့် ပွဲပျက်ခဲ့ရသည်။
လူထုတွေ့ဆုံပွဲများ လုပ်ခွင့်မပြုတော့ကြောင်းကိုလည်း တပ်မတော်ဘက်မှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် RCSS ကို အကြောင်းကြားပြီး ရှမ်းပြည်နယ် အစိုးရကလည်း ခွင့်ပြုမိန့်ကို ရုတ်သိမ်းထားသည်။
ဆွေးနွေးပွဲများ ပျက်ပြီးနောက် RCSS နှင့် တပ်မတော်ကြားလည်း စစ်ရေး တင်းမာမှုများ ရှိခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင်လည်း လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် တားမြစ်ရသည်မှာ ဒေသတွင်း မွတ်စလင် အသိုင်း အဝိုင်းနှင့် ဖြစ်ပွားသည့် မတည်မငြိမ်မှုများကြောင့် ထိလွယ်ရှလွယ်ဒေသဟု သတ်မှတ်ကာ ပိတ်ပင်ထားခြင်း ဖြစ် သည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။
အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တားမြစ်သည့် အပြင် ရခိုင်လူထုများနှင့် တွေ့ဆုံရန်အတွက်ကိုလည်း အစိုးရ ဘက်မှ ခွင့်မပြုခဲ့ပါ။
ထို့ကြောင့် ALP နှင့် ရခိုင်ပြည်နယ်တွင် အများဆုံး အနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီ (ANP) တို့ ပါဝင် ဖွဲ့စည်း ထားသည့် ရခိုင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီနှင့် ရခိုင်လူထုတွေ့ဆုံပွဲ ကျင်းပရေး ကော်မတီတို့ကို ၂၀၁၈ ခုနှစ် မတ် ၂၀ ရက်က ဖျက်သိမ်းထားသည်။
ANP ၏ နိုင်ငံရေးနှင့် မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဦးထွန်းအောင်ကျော် က “တိုင်းရင်းသားတွေက ဖော်ထုတ် လာမယ့် ဆန္ဒကို ရဲရဲဝံ့ဝံ့ နားထောင်ဖို့အတွက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ခွင့်ပြုပေးသင့်တယ်။ နောက်တောင် ကျနေပြီလို့ ပြောချင်တယ်” ဟု ပြောသည်။
ရှမ်းနှင့် ရခိုင်တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အတွက် လူထု တွေ့ဆုံပွဲများကို ပိတ်ပင် သည့် လုပ်ရပ်မှာ အစိုးရ အနေဖြင့် မလုပ်ဆောင်သင့်ဟုလည်း ဦးထွန်းအောင်ကျော်က ဆိုသည်။
ဆက်လက်၍ ဦးထွန်းအောင်ကျော် က “ဒီအမျိုးသားအဆင့် ဆွေးနွေးပွဲတွေကို အခြေခံပြီးတော့ လူမျိုးတမျိုးရဲ့ နိုင်ငံ ရေး အသံကို ပုံဖော်နိုင်မှာ ဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအသံ မပြည့်စုံရင် တကယ့် ပြည်ထောင်စုတခုကို ဘယ်လိုမှ ပြည့်ပြည့်စုံစုံ ရောက်နိုင်မှာ မဟုတ်ဘူး” ဟုလည်း ဆိုသည်။
NCA စာချုပ်နှင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပါ အချက်များအရ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ ချမှတ်ပေးသည့် အခြေခံ လမ်းညွှန်ချက်များ အတိုင်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပခွင့် ရှိသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးများတွင် ဆွေးနွေးသည့် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံ ရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ဟူသည့် ကဏ္ဍ ၅ ရပ်အနက် လုံခြုံရေးကဏ္ဍမှ လွဲ၍ ကျန်ကဏ္ဍ ၄ ရပ်ကို အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးခွင့် ပြုထားသည်။
လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို မိမိတို့၏ သက်ဆိုင်ရာ ပြည်နယ်များတွင် ကျင်းပပြီး ထို ဆွေးနွေးပွဲများမှ ရရှိလာသည့် ကဏ္ဍ ၄ ရပ်အလိုက် စာတမ်းများကို UPDJC လုပ်ငန်းကော်မတီများသို့ ပြန်လည် တင် ပြရသည်။
UPDJC လုပ်ငန်း ကော်မတီများမှ စာတမ်းများကို ပြန်လည် စိစစ် ဆွေးနွေးပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ ညီလာခံ အစည်းအဝေးများတွင် ဆွေးနွေး အတည်ပြုနိုင်ရန် ဆောင်ရွက်မည် ဖြစ်သည်။
NCA ထိုးထားသည့် အပစ်ရပ် ၁၀ ဖွဲ့အနက် ကရင် အမျိုးသား အစည်းအရုံး (KNU/KNLA)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် အမျိုးသားတပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအို့ဝ် အမျိုးသား အစည်း အရုံး (PNLO)၊ ချင်းအမျိုးသား လွတ်မြောက်ရေးတပ်ဦး (CNF) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့သည် ၎င်းတို့ ဒေသအသီးသီးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီး ဖြစ်သည်။
လားဟူ အမျိုးသား ဒီမိုကရက်တစ် အစည်းအရုံး (LDU) သည် ထိန်းချုပ်နယ်မြေ မရှိသဖြင့် အမျိုးသား အဆင့် နိုင်ငံ ရေး ဆွေးနွေးပွဲများ မပြုလုပ်ရန် အစိုးရနှင့် NCA ရေးထိုးစဉ်က သဘောတူထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) သည်လည်း ၂၀၁၈ ခုနှစ် ဇန်နဝါရီအတွင်း က ပဲခူးတိုင်းဒေသအတွင်း လူထုတွေ့ဆုံပွဲလုပ်ရာ အာဏာပိုင်များမှ တားမြစ်မှု ရှိခဲ့သည်။
You may also like these stories:
ပွင့်လင်းမြင်သာမှုရှိရန် ရန်ကုန်တိုင်းအစိုးရကို နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း
မြို့သာဆေးခြောက်စိုက်ခင်း အမှု လာမည့်ရုံးချိန်းတွင် စွဲချက်တင်ရန် သင့်မသင့် အမိန့်ချမည်
ရသေ့တောင်တွင် မူလတန်းပြ ဆရာမ ၁ ဦး လက်နက်ကြီး ထိမှန်