၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒတွင် နိုင်ငံတော်သမ္မတ အရည်အချင်း ကန့်သတ်ချက် တခုဖြစ်သည့် ၅၉ (စ) ကို မပြင် ဆင် သင့်ကြောင်း ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ် တချို့က အပြင်းအထန် ကန့်ကွက် ပြောဆိုသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဆွေးနွေးကြရာတွင် တပ်မတော်သား ကိုယ်စားလှယ်များအနက် ဗိုလ်မှူးချုပ် တင့်လွင်နှင့် ဗိုလ်မှူး မိုးဟန် တို့နှစ်ဦးက ၅၉ (စ) ပုဒ်မကို မူလ အတိုင်း ထားရှိရေးအတွက် အဓိကထား၍ အကျယ်တဝင့် ဆွေးနွေးကြသည်။
ဗိုလ်မှူးချုပ် တင့်လွင်က“ နိုင်ငံသား မဟုတ်သူတွေ အခြားနိုင်ငံသားနဲ့ အခြားနိုင်ငံသားတွေရဲ့ သစ္စာတော်ခံတွေကို အရေးကြီးတဲ့ လွှတ်တော် အမတ် နေရာတွေ ဒေသ အစိုးရ ရာထူးတွေနဲ့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ အကြီးအကဲ နေရာ တွေမှာ လုံး၀ တာဝန်မပေးသင့်ကြောင်းနဲ့ သမ္မတ ဒုတိယ သမ္မတ နေရာတွေဆိုရင် နိုင်ငံအတွက် မည်မျှ အန္တရာယ် ကျရောက်လာမှာကို လွှတ်တော် ကိုယ်စားလှယ်များ အားလုံး လေးလေးနက်နက် စဉ်းစား သုံးသပ်စေချင်ကြောင်း ဆွေးနွေးလိုပါတယ်”ဟု ပြောဆိုသည်။
၎င်းတို့နှစ်ဦးက မြန်မာနိုင်ငံ၏ သမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲခဲ့သည့် ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ၊ နိုင်ငံတကာတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေ၊ တို့တာဝန် အရေးသုံးပါး၊ စသည့် အချက်များကို ကိုးကား ၍ ပုဒ်မ ၅၉(စ)လုံးကို မပြင်ဆင်သင့်ကြောင်း အပြင်းအထန် ဆွေးနွေးသည်။
တပ်မတော်သား ကိုယ်စားလှယ် တဦးဖြစ်သူ ဗိုလ်မှူး မိုးဟန်ကလည်း“နိုင်ငံတော်ရဲ့ အနာဂတ်အတွက် အမျှော်အမြင် ကြီးမားစွာ ရေးဆွဲပြဌာန်းခဲ့တဲ့ ဒီဥပဒေပြဌာန်းချက်တွေကို လွယ်လွယ်ပြင်လိုက်မယ် ဆိုပါက အနာဂတ်မှာ တိုင်းပြည် အတွက် ကြီးမားသော အန္တရာယ်များနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
သမ္မတတာဝန် ပေးအပ်ခံရမည့်သူသည် မည်သည့် အားနည်းချက်များမှမရှိဘဲ ဖြူစင်ရိုးသားကာ အမျိုးချစ်သည့်၊ အမျိုး ဂုဏ်ကို ထိန်းသိမ်းသည့် ပုဂ္ဂိုလ်ဖြစ်ရန်လိုပြီး တိုင်းရင်းသားအားလုံးက လေးစားကြည်ညိုသော ပုဂ္ဂိုလ်မျိုးဖြစ်ရန် အရေး ကြီးကြောင်း ၎င်းက ဆက်ပြောသည်။
ထို ၅၉ (စ) မပြင်ဆင်ရေးရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီမှ လွှတ်တော် ကိုယ်စားလှယ် တချို့နှင့် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းတို့ကလည်း ပါဝင် ဆွေးနွေးကြသည်။
အဆိုပါပုဒ်မသည် နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတများ အနေဖြင့် အထူးသဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေသူများ ဖြစ်ရမည့်အပြင် ပြည်သူများက လုံးဝဥသုံ ချွင်းချက်မရှိ ယုံကြည် အားထားနိုင်သူဖြစ်ရေး၊ သံသယ မပွားနိုင်ရေး အထူးလိုအပ်သောကြောင့် ပြဌာန်းထားခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးက ဆွေးနွေးသည်။
ဦးတင်အေးက“ဖွဲ့စည်းပုံ အခြေခံဥပဒေကျမှ ထူးပြီး ပြဌာန်းထားတာ မဟုတ်ပါဘူး။ ဘယ်သူဘယ်ဝါ လူပုဂ္ဂိုလ် တဦး တယောက်ကိုမှ ရည်ရွယ်ပြီး ဆွဲခြင်း မဟုတ်ဘူး ဆိုတာကို နားလည်ဖို့ လိုပါတယ်”ဟု ပြောသည်။
သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကလည်း ပုဒ် ၅၉ (စ) သည် တိုင်းပြည်ခေါင်းဆောင်၏ မျိုးရိုးအစဉ်အဆက် တိုင်း တပါး၏ သြဇာခံ၊ အသုံးချခံမဖြစ်ရေး ပြဌာန်းချက်ဖြစ်သောကြောင့် ထိုပုဒ်မကို ပြင်ဆင်ခြင်းအား လက်မခံနိုင်သေး ကြောင်း ပြောဆိုသည်။
လက်ရှိ အာဏာရပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ ကမူ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်သင့်ကြောင်း ဆွေးနွေးကြသည်။
သမ္မတဖြစ်မည့်သူ တယောက်တည်းသာ သတ်မှတ်ထားသည့် သမ္မတအရည်အချင်း ပြည့်မီရန် လိုအပ်ကြောင်း၊ ၎င်း၏ မိသားစုဝင် ဆွေမျိုးများကို မကန့်သတ်သင့်ကြောင်းနှင့် ကန့်သတ်ထားသည့် အချက်များကို ပြန်လည် ဆန်းစစ် ပါကလည်း ယခုခေတ် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီတော့ကြောင်း NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်းစားလှယ် ဒေါ်မိကွန်ချမ်း က ပြောသည်။
“တိုင်းတပါးကနေ လွှမ်းမိုးခံရလို့ စိုးရိမ်လို့ ဒီဥပဒေကို ထည့်သွင်းတယ် ဆိုတာလည်း မဖြစ်သင့်ပါဘူး။ မိမိတို့ညံ့လို့ တိုင်း တပါးရဲ့ အလွမ်းအမိုးကို ခံရတာပဲဖြစ်ပါတယ်။ မိမိတို့သာ အရည်အချင်း ရှိမယ်ဆိုရင် တိုင်းတပါးကိုတောင် ခိုင်းစားလို့ရပါတယ်”ဟု ၎င်းက ပြောဆိုသည်။
ထိုပုဒ်မ ၅၉ (စ)သည် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေလို၍ ထည့်သွင်းထားသည့် ပုဒ်မတခု ဖြစ်ကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တချို့ပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ထောက်ခံသူများက ဝေဖန် ပြောဆိုကြသည်။
ပုဒ်မ ၅၉ (စ) မူလပြဌာန်းချက်မှာ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်း ကောင်း၊ တိုင်းတပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစား နိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပါရှိသည်။
ဦးထွန်းထွန်းဟိန် ဦးဆောင်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကမူ ထိုအချက်ကို ပယ်ဖျက်ရန် လွှတ်တော်သို့ တင်သွင်းခဲ့သည်။
ပုဒ်မ ၅၉ (စ)နှင့် ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်နိုင်ရေးအတွက် ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက် လွှတ်တော် သက်တမ်း အတွင်းက အတိုက်အခံအဖြစ် ရပ်တည်ခဲ့သော NLD ပါတီက ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ ပေ။
ထို့ပြင် NLD နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း တို့သည် ထိုပုဒ်မ ၂ ခုကို ပြင်ဆင်နိုင်ရန် လူထု လက်မှတ်ပေါင်း ၅ သန်းကို လွှတ်တော်သို့ တင်ပြခဲ့သေးသည်။
ထိုစဉ်က ပုဒ်မ ၅၉ (စ)ကို မပြင်ဆင်နိုင်ခဲ့သော်လည်း NLD ပါတီ ရွေးကောက်ပွဲနိုင်ပြီး အစိုးရဖွဲ့သည့် အချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူးတာဝန်ဆိုင်ရာ ဥပဒေကို ပြဌာန်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထိုရာထူး အပ်ကာ နိုင်ငံ့အရေးရာ ကိစ္စရပ်များကို ထိပ်ပိုင်းခေါင်းဆောင် ရာထူးတခု အနေဖြင့် ဆောင်ရွက်စေခဲ့သည်။
You may also like these stories:
အရေးပေါ်အခြေအနေ၌ သမ္မတကို အခွင့်အာဏာပေးရန် တပ်နှင့် ကြံ့ခိုင်ရေး သဘောမတူ
“ဝ” ရဟတ်ယာဉ် စစ်ဘက်သုံး မဟုတ်ဟု UWSA ပြော
မျိုးချစ်များအား တိုက်ခန်းနှင့် ကုန်ကျစရိတ် ကြံ့ခိုင်ရေး အမတ် ထောက်ပံ့