ပြည်နယ်မြို့တော် ဝူဟန်မှအပ တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် ၂၄ နာရီအတွင်း ကူးစက်မှုအသစ် မတွေ့ရတော့ကြောင်း သိရသည်။ တရုတ်အာဏာပိုင်များသည် အခြားနေရာများမှ ဝင်ရောက်လာသော ကူးစက်မှုများကို ထိန်းချုပ်ရန်ဆက်လက် ကြိုးစားနေကြသည်။
ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်တွင်မူ ကြာသပတေးနေ့က ကူးစက်မှုအသစ် ၁၂၆ ခု အတည်ပြုနိုင်ခဲ့သော်လည်း ပြည်နယ်၏ ကျန်နေရာများတွင် ကူးစက်မှုအသစ်မတွေ့ရကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင်က သောကြာနေ့တွင်ပြောသည်။
တရုတ်နိုင်ငံကျန်နေရာများမှ ပြည်နယ်များတွင် ရောဂါကူးစက်မှုအသစ်မတွေ့သည်မှာ ရက်အတန်ကြာပြီဖြစ်သည်။ ကျောင်းများသည် ကျောင်းပြန်ဖွင့်မည့် ရက်ကို သတ်မှတ်လာသောကြောင့် နိုင်ငံသည် ပုံမှန်အခြေအနေ ပြန်ရောက်လာသည့် လက္ခဏာဖြစ်သည်။
မတ်လ ၁၁ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အတွင်း ရက်အသီးသီးတွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မတ်လ ၅ ရက်နေ့အထိ ကူးစက်မှု အသစ်မတွေ့ရသည်မှာ ၂၉ ရက်ကြာပြီဖြစ်သော တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်ဟိုင်ပြည်နယ်က ကြေညာသည်ဟု သောကြာနေ့က တရားဝင် ဝက်ဘ်ဆိုက်တခုတွင် တွေ့ရသည်။
ကျောင်းများကို မတ်လ ၁၆ ရက်နေ့တွင် ပြန်ဖွင့်မည်ဖြစ်ကြောင်း ကူးစက်မှုသစ် မတွေ့ရသည်မှာ ၁၈ ရက်ရှိပြီဖြစ်သည့် အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်က ဖေဖော်ဝါရီလကုန်က ကြေညာခဲ့သည်။
ဟူဘေးပြည်နယ်ပြင်ပတွင် ကူးစက်မှုအသစ် ၁၇ ခုတွေ့ရပြီး တရုတ်ပြည်မကြီး တခုလုံးတွင် ကြာသပတေးနေ့က ကူးစက်မှုသစ် ၁၄၃ ခု ဖြစ်ပွားသဖြင့် ယခင်တရက်က ကူးစက်မှု ၁၃၉ ခုထက် ပိုမိုများပြားလာသည်။
ထိုဖြစ်ပွားမှု ၁၇ မှုအနက် ၁၆ ခုမှာ တရုတ်နိုင်ငံပြင်ပမှ ကူးစက်လာခြင်းဖြစ်သည်။ ထို ၁၇ ဦးအနက် ၁၁ ဦးသည် ကန်ဆူမှဖြစ်ပြီး လေးဦးမှာ ဘေ့ဂျင်းမှဖြစ်ကာ ကျန်တဦးမှာ ရှန်ဟိုင်းမှဖြစ်သည်။
ကန်ဆူပြည်နယ်မြို့တော် လန်ကျိုးသို့ အီရန်မှ ရောက်လာသည့် ခရီးသည် ၃၁၁ ဦးကို သီးခြားခွဲထားကြောင်း အစိုးရ ရုပ်သံက ကြာသပတေးနေ့တွင်ပြောသည်။
ဘေ့ဂျင်းဖြစ်ပွားသော ကူးစက်မှုလေးခုမှာ အီတလီမှဖြစ်သည်။
လွန်ခဲ့သောလက ကန်ဆူသည် အရေးပေါ်တုန့်ပြန်မှု အစီအမံများကို အဆင့် ၁ မှ ၃ သို့လျှော့ချခဲ့သည့် ပထမဆုံးပြည်နယ်ဖြစ်လာပြီး ရောဂါကူးစက်မှုအသစ်မရှိသည့် သဘောဖြစ်သည်။ တိဗက်ပြည်နယ်သည် သောကြာနေ့က အရေးပေါ်အခြေအနေအဆင့် လျှော့ချခြင်းကို အချို့နေရာများတွင် အဆင့် ၂ နှင့် အချို့နေရာများတွင် အဆင့် ၃ သို့ လျှော့ချကြောင်း တရားဝင် အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ထိုသို့ လုပ်ဆောင်သော နောက်ဆုံးပြည်နယ်ဖြစ်လာသည်။
ရှန်ဟိုင်းတွင် သောကြာနေ့ ပထမပိုင်း ၁၂ နာရီအတွင်း ကူးစက်မှုအသစ် ၃ ခုတွေ့ရကြောင်း ထိုမြို့မှ ကျန်းမာရေး အာဏာပိုင်များက ကြေညာသည်။ ထိုသုံးဦးစလုံးမှာ အီရန်တွင် ပညာသင်ကြားခဲ့သူများ ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ကြေညာသည်။
မတ်လ ၃ ရက်နေ့တွင် ထိုသုံးယောက်စလုံးကို သီးခြားခွဲထားရန် ရှန်ဟိုင်း အကောက်ခွန်ဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း ရှန်ဟိုင်းမြို့မှ ကျန်းမာရေးကော်မရှင်က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
တရုတ်နိုင်ငံတွင် ကူးစက်မှုသစ်များ ကျဆင်းလာသောကြောင့် ပြည်ပမှ ပြန်လည်ရောက်ရှိသူများကို ရောဂါကူးစက်ခံရနိုင်ခြေရှိသူများအဖြစ် အာရုံစိုက်လာရသည်။
ဘေ့ဂျင်း၊ ရှန်ဟိုင်းနှင့် ကွမ်တုံမှ အာဏာပိုင်များသည် ကိုရိုနာဗိုင်းရပ် အပြင်းထန်ဆုံးဖြစ်ပွားသော နိုင်ငံများမှ ခရီးသည်များအားလုံးကို သီးခြားထားမည်ဟု ကတိပြုထားသည်။ ထိုသို့ အပြင်းထန်ဆုံး ကူးစက်သော နိုင်ငံများအဖြစ် တရုတ်နိုင်ငံက တောင်ကိုရီးယား၊ ဂျပန်၊ အီရန်နှင့် အီတလီတို့ကို သတ်မှတ်ထားသည်။
တရုတ်နိုင်ငံပြည်မကြီးတွင် ကူးစက်ခံသည်ဟု အတည်ပြုခံရသူ အရေအတွက်မှာ ကြာသပတေးနေ့က ၈၀၅၅၂ ဦးရှိသည်။
တရုတ်ပြည်မကြီးတွင် ရောဂါကူးစက်ခံရသောကြောင့် သေဆုံးသူ အရေအတွက်မှာ ကြာသပတေးနေ့ အကုန်အထိ ၃၀၄၂ ဦးရှိပြီး ယခင်နေ့ကထက် ၃၀ ပိုမိုလာသည်။
ဟူဘေးတွင် ၂၉ ဦးသေဆုံးပြီး ဝူဟန်တွင် ၂၃ ဦးသေဆုံးသည်။
ကိုးကား။ ။ Reuters
You may also like these stories:
တရုတ်ထောင်၌ ဗိုင်းရပ်စ် ကူးစက်ခံရသူ၂ ဦး မြန်မာ ဟုတ်မဟုတ် စစ်ဆေးနေ
စင်ကာပူနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရေးပစ္စည်းများ မြန်မာနိုင်ငံကို လှူဒါန်း
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာ ထက်ဝက်ကျော် ကျန်းမာရေး ပြန်ကောင်းလာ