ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19)ကြောင့် မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးလမ်းများဖြစ်သည့် စစ်ကိုင်းတိုင်း – မဏိပူရ် နယ်စပ်ဂိတ်ဖြစ်သည့် တမူး- မိုးရေးဂိတ်နှင့် ချင်းပြည်နယ် ရိဒ်နယ်စပ်ဂိတ်များ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့က မတ် ၁၀ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တမူး- မိုးရေး ဂိတ်ကို ရက် အကန့် အသတ်မရှိ ပိတ်လိုက်ကြောင်း ကြေညာချက်ထုတ်ကာ ဂိတ်တံခါးများအား သော့ခတ် ပိတ်သိမ်းသွားခြင်းဖြစ်ကြောင်း၊ ပြန်ဖွင့်မည့်ရက်ကို မသိရသေးကြောင်း ကလေး -တမူးနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးလှမောင်ထံမှ သိရသည်။
တမူး နယ်စပ်ကုန်သွယ်ရေးဇုန်သို့ ကလေး၊ အောင်လံဘက်မှလည်း ကုန်သွယ်မှု လုပ်ကြသည့်အတွက် နေ့စဉ် လူဦးရေ သောင်းဂဏန်းအထိ လာရောက် အလုပ်လုပ်ကိုင်ကြကြောင်း၊ ယခုအခါ ထိုကုန်သွယ်မှု ဇုန်အတွင်း၌ ပို့ကုန်၊ သွင်းကုန် သယ်ဆောင်သည့် မော်တော်ယာဉ် တစီးမှ မရှိခြင်းကြောင့် ကုန်သွယ်မှုရပ်သွားပြီဖြစ်ကြောင်း ဦးလှမောင်က ဆိုသည်။
မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးဂိတ်သည် ယခင်က ၁ ရက်၊ ၂ ရက်သာ ပိတ်လေ့ရှိသော်လည်း ယခုကဲ့သို့ ကြေညာချက်ထုတ်ကာ ပိတ်ခြင်း မရှိသဖြင့် ရက်ရှည်ပိတ်၊ မပိတ်ကို စောင့်ကြည့်ကြမည်ဟု သိရသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်ကလည်း “တမူးနယ်စပ် ကုန်သွယ်ရေးဂိတ် နေ့စဉ်ပျမ်းမျှ ကုန်သွယ်မှုက အမေရိကန် ဒေါ်လာ ၁ သိန်းလောက်ရှိတယ်။ တမူး နယ်စပ်ကတော့ ပို့ကုန် အဓိကထားပြီး သွင်းကုန်က နည်းတယ်။ မြန်မာက စားတော်ပဲ၊ သကြား စတာတွေ ပို့ပြီး သွင်းကုန်အနေနဲ့က ဓာတ်မြေသြဇာတို့၊ အချိုရည်တို့ကတော့ နေ့စဉ်ဒေါ်လာ ထောင်ဂဏန်းလောက်ပဲ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အတူ ချင်းပြည်နယ်၊ ရိခေါဒါမြို့ရှိ ရိဒ်နယ်စပ်ဂိတ်ကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယအစိုးရက မတ်လ ၁၀ ရက်နေ့တွင် ပိတ်လိုက်ကြောင်း၊ အိန္ဒိယအစိုးရက ဂိတ်ပိတ်ကြောင်း စာထုတ်ပြန်ပြီးနောက် မည်သို့မှ ဝင်ထွက် သွားလာ ခြင်း ခွင့်မပြုခဲ့သော်လည်း ယနေ့တွင် နယ်စပ်ဂိတ်၌ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပြီး ဆေးအောင်သူများကို သွားလာ ခွင့်ပြုမည်ဟု စာတစောင် ထပ်မံ ထုတ်ထားကြောင်း သိရသည်။
ချင်းစည်ပင်ဝန်ကြီး ဦးစိုးထက်က “ရိဒ်နယ်စပ်ဂိတ်ကို မနေ့က ညနေက ပိတ်လိုက်တယ်။ တရားဝင်ဂိတ်ကတော့ ရိဒ်တခုပဲ ရှိတာ။ အခု သူတို့ထုတ်ပြန်တာက ကိုရိုနာဗိုင်းရပ်စ်ကြောင့်လို့ ထုတ်ပြန်ထားတယ်။ ဒီလိုပိတ်လိုက်တော့ ကျနော်တို့ ခရီးသွား လုပ်ငန်းလည်း ရပ်သွားတယ်။ ကျနော်တို့က ပို့မယ့် ကုန်စည်၊ သူတို့ဘက်က ပို့မယ့်ကုန်စည်တွေ ရှိတဲ့အတွက် ထိခိုက်မှုတော့ရှိမှာပဲ” ဟု ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်က တကမ္ဘာလုံးတွင် ပြင်းထန်လာခြင်းကြောင့် ထိုရောဂါအပေါ်တွင် အိန္ဒိယအစိုးရ၏ လုပ်ထုံး လုပ်နည်း အရ တားဆီးခြင်းကို ၎င်းတို့အနေဖြင့် လိုက်ရမည်ဖြစ်ပြီး မြန်မာဘက်ကလည်း လုပ်ထုံးလုပ်နည်းအရ တားဆီးမည်ဆိုပါက အိန္ဒိယဘက်မှ လိုက်နာရမည်ဖြစ်ကြောင်း ဦးစိုးထက်က ထောက်ပြသည်။
တမူးနန့်ဖာလုံဈေးမှ ဈေးရောင်းချသူ မပန်းချယ်ရီကလည်း “နှစ်နိုင်ငံ ချစ်ကြည်ရေး နယ်စပ်တံတားကနေ ယာဉ်၊ လူနဲ့ ကုန်ပစ္စည်း တွေ သွားလာလို့ မရတော့ဘဲ ဂိတ်ပိတ်လိုက်တော့ နန်းဖာလုံဈေးမှာ အရောင်းအဝယ်တွေ ရပ်သွားတယ်” ဟု ပြောသည်။
နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် COVID-19 ဗိုင်းရပ်စ်ကြောင့် ချင်းပြည်နယ်အတွင်း၌ သင်္ကြန်ပွဲတော်အပါအဝင် အခြားဘာသာရေးပွဲတော်များလည်း မကျင်းပရန် ချင်းပြည်နယ်အစိုးရက မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန္တလေး စီးပွားရေးဖိုရမ် ရက်ရွှေ့
တရုတ်-မြန်မာ ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်း၂၀၀ ကျော် ကျဆင်း
မန္တလေး-မဏိပူ အင်ဖာ တိုက်ရိုက်ဘတ်စ်ကားခရီးစဉ် ပြေးဆွဲရန် စီစဉ်