၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်း ဆောင်ရွက်ရာတွင် ပါတီအစုအဖွဲ့ တခု၏ ပြင်ဆင်ချက်များကို ရှေ့ တန်းမတင်ဘဲ စေ့စပ်ညှိနှိုင်းမှုဖြင့် ရရှိလာသည့် ဘုံသဘောတူညီမှုတခု ရရှိရန်လိုကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။
“သူ့အဖွဲ့ ကိုယ့်အဖွဲ့ ၊ သူ့ပါတီ ကိုယ်ပါတီ မဟုတ်ဘူး။ ဒီနိုင်ငံရဲ့ အနေအထားပေါ်မှာ မူတည်ပြီး ပြင်ကို ပြင်သင့်တယ်ဆိုတဲ့ ဘုံသဘောတူညီချက်ကို ရဖို့လိုတယ်လို့ ကျနော်တော့ အဲလိုပဲမြင်တယ်။ အဲလိုမရဘဲနဲ့ လျှောက်ပြီးလုပ်မယ်ဆိုရင်တော့ ဒီပုံစံဟာ ကိုယ်ပြင်ချင်လည်း သူကမပေးဘူး။ ပြင်လို့မရဘူး မူလအတိုင်းပဲ။ သူပြင်ချင်လည်း ကိုယ်ကမပေးဘူး မူလအတိုင်းပဲ ဖြစ်နေလိမ့်မယ်”ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောသည်။
ထို့ပြင် NLD ပါတီက ပြင်ဆင်လိုသည့် အချက် ၁၁၄ ချက်ကို ထောက်ခံရမည် ဖြစ်ပြီး မထောက်ခံသူများကို ရန်သူအဖြစ် သတ်မှတ်၍ ထိခိုက်အောင် တိုက်ခိုက်၊ ပုတ်ခတ်မည် ဆိုပါက အန္တရာယ်ရှိလာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“အဲလိုအဖွဲ့အစည်းမျိုးကိုလည်း ဒီမိုကရေစီစနစ်မှာ ပြည်သူများအနေနဲ့ကတော့ သတိထားပြီး ချင့်ယုံကြဖို့လိုတယ်လို့ တင်ပြလိုပါတယ်။ ဒီလိုပြင်ဆင်တဲ့ကာလမှာ ငါပြင်ချင်တာကို မရတာ သူတို့ကြောင့်ဆိုပြီးတော့မှ လက်ညိုးထိုးပြီးတော့မှ ပြည်သူနဲ့ အထင်အမြင်လွဲအောင် တိုက်မပေးပါနဲ့လို့ မပေးသင့်ပါဘူးလို့ ကျနော့်အနေနဲ့ ဆွေးနွေးလိုပါတယ်”ဟု ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောသည်။
လက်ရှိ အခြေအနေမှာ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးငြင်းခုံအပြီး မဲခွဲကြရာ အာဏာရ NLD ပါတီမှ ပြင်ဆင်လိုသည့် အချက်များမှာ တပ်မတော်နှင့် အတိုက်အခံ ကြံ့ခိုင်ရေးပါတီတို့က သဘောမတူသဖြင့် ပြင်ဆင်၍ မရသလို တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီတို့က ပြင်ဆင်လိုသည့် အချက်များမှာလည်း အာဏာရပါတီက သဘောမတူသဖြင့် ပြင်ဆင်နိုင်ခြင်း မရှိပါ။
NLD ပါတီက ဘုံသဘောတူညီမှု ရရှိနိုင်ရေး ပြည်ထောင်စု လွှတ်တော်တွင် အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီကို ဖွဲ့ စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ လျှပ်တပြက် လုပ်ဆောင်လိုပါက ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း စုစည်း၍ တင်ပြနိုင်သည့် လမ်းကို ရွေးချယ်နိုင်ကြောင်း NLD ပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြောသည်။
“အဲဒီလို ပူးပေါင်းကော်မတီဖွဲ့ ဖို့ အမိန့်ကျပြီးတဲ့ အခါကျမှ အပြိုင်အဆိုင် စင်ပြိုင် ဥပဒေကြမ်းတွေ တင်လာပြီးတော့ ဆွေးနွေးစဉ် တလျှောက်လုံးမှာလည်း ဘာသဘောထား မှတ်ချက်မှ မပေးဘဲနဲ့ လာထိုင်နေကြတာလေ။ အဲလို အနေအထားမျိုးတွေ ဖြစ်သွားတာ။ ဆွေးနွေးညှိနှိုင်းမှုတွေက အခွင့်မီအောင် ပေါ်ခဲ့တယ်ဆိုတာ လူတိုင်းသိတဲ့ ကိစ္စပါ”ဟု ၎င်းက ပြောသည်။
ထို့ပြင် လွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ရေး မဲခွဲ ဆုံးဖြတ်ရာ၌ ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် ပြင်ဆင်၍ မရသည့်အပေါ် များစွာ အံ့သြမိကြောင်း အာဏာရ NLD လွှတ်တော်ကိုယ်စားလှယ်တဦး၏ ထုတ်ဖော် ပြောဆိုမှုကိုလည်း တပ်မတော်အပေါ် နိုင်ငံရေး အောက်လုံးထိုးခြင်း ဖြစ်သည်ဟု တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။
ယခုအခါ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်တွင် အာဏာရပါတီ NLD က ဦးဆောင်ကြိုးစားနေသည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များ လွှတ်တော်တွင်း ဆက်လက် ဆောင်ရွက်စဉ် နိုင်ငံရေးအရ အရေး ကြီးသည့် ပုဒ်မများသာမက အရေးမကြီးသည့် ပုဒ်မများပါ မပြင်ဆင်နိုင်သည့်အပေါ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက “အလွန် အံ့အားသင့်မိသည်”ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။
ယင်းအချက်ကို ဗိုလ်မှူးချုပ်မောင်မောင်က “ဒါကို တချို့ လွှတ်တော်ကိုယ်စားလှယ်တွေက တချို့ ပုဒ်မတွေက ပြင်ဆင်လို့ရမယ်လို့ ထင်ပေမယ့် ပြင်ဆင်လို့ မရနိုင်တဲ့အတွက် များစွာအံ့သြကြောင်း၊ မူလအတိုင်းထားရှိရန်ဆိုတဲ့ ယိမ်းတိုက်သလိုဖြစ်နေကြောင်းစတဲ့ လူပြိန်းကြိုက် နိုင်ငံရေးအောက်လုံးထိုးတာတွေလည်း တွေ့ရပါတယ်။ ဒါဟာ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ အခြေအနေမှန်ကို သိရဲ့ သားနဲ့ မပြောသင့်မပြောအပ် မလုပ်သင့်မလုပ်ထိုက်တဲ့ ကိစ္စဖြစ်နေတယ်ဆိုတာ ကျနော် အနေနဲ့ ပြောလိုပါတယ်”ဟု ပြောသည်။
ထို့ပြင် တပ်မတော်က ၎င်းတို့ကို လာရောက်ထောက်ခံသည့် အမျိုးသားရေး အဖွဲ့ များက ၎င်းတို့ နေထိုင်ရာ တည်းခို ရိပ်သာသို့ လာရောက် အားပေးခြင်း၊ နုတ်ဆက်ခြင်းကိုလည်း “အိုးစည် ဒိုးပတ်ဝိုင်းနှင့် အောင်ပွဲခံနေသည့် ပုံများ” လူမှု ကွန်ရက်တွင် တက်လာသည်မှာလည်း နိုင်ငံရေး အောက်လုံးထိုးခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။
ယင်းအိုးစည်၊ ဒိုးပတ်ဝိုင်းများဖြင့် အောင်ပွဲခံနေသည်မှာ မုံရွာမြို့ အခြေစိုက် တပ်မတော် တပ်ရင်းတခုက ပုံများသာ ဖြစ်ပြီး မစိစစ်ဘဲ လူမှုကွန်ရက်တွင် ဝေဖန်မှုများ၊ မျှဝေမှုများ ပြုလုပ်ခဲ့ကြသည်ဟု တပ်မတော်၏ ပြောဆိုချက်အရ သိရသည်။
လွှတ်တော်တွင်း၌ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရန် မမြင်ဘဲ တဖက်နှင့် တဖက် စကားလုံး တိုက်ပွဲများနှင့်သာ အချိန် ကုန်နေသည်ဟု ရခိုင်အမျိုးသား ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောဆိုထားသည်။
ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်ရေး ကန့်သတ်ချက်အဖြစ် ဝေဖန်မှုများ ရှိနေသည့် ပုဒ်မ ၅၉ (စ) ပြဌာန်းချက်ကို ပြည်ထောင်စုဝန်ကြီးများနှင့် ဝန်ကြီးချုပ်များအထိ ကန့်သတ်ရန် တပ် မတော်၏ ပြင်ဆင်အား ထုတ်မှုကို မဲခွဲဆုံးဖြတ်ရာတွင်လည်း ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်သဖြင့် မအောင်မြင်ခဲ့ပေ။
You may also like these stories
ဝန်ကြီးနှင့် ဝန်ကြီးချုပ်များအား ၅၉ (စ) ပြဌာန်းချက်နှင့် ကန့်သတ်ရန်ပြင်ဆင်ချက် မအောင်မြင်
ပုဒ်မ ၄၃၆ မဲခွဲမှု ရှုံးနိမ့်၊ ပြင်ဆင်ရေး အဆုံးအဖြတ်အာဏာ တပ်မတော်မှာသာ ဆက်ရှိမည်
အရေးပေါ်ကာလ တပ်ချုပ်ထံ အာဏာလွှဲရမည့်အချက် ပယ်ဖျက်ရေး ရှုံးနိမ့်