ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ ဒေသတွင်း ထုတ်ပြန် ထားသည့် တားမြစ်မိန့်များအားလုံးကို ပြန်လည် ပယ်ဖျက်လိုက်ကြောင်း ဧပြီ ၇ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ပြည်နယ်နှင့်တိုင်း အားလုံး တပြေးညီ ဖြစ်စေရန်၊ တတိုင်းတမျိုး မဖြစ်စေရန် ပြည်ထောင်စုက ညွှန်ကြားလာသဖြင့် ထို ကဲ့သို့ ပြန်လည် ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
စစ်ကိုင်းတိုင်း အစိုးရအဖွဲ့၏ ဧပြီ ၅ ရက်က ထုတ်ပြန်ထားသော တားမြစ်မိန့်တွင် အစားသောက်နှင့် ဆေးဝါးရောင်းချခြင်း လုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများ၊ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း၊ ဘဏ်၊ စက်သုံးဆီ ရောင်းချခြင်းတို့ မှလွဲ၍ ခရီးသည် ပို့ဆောင်ရေး မော်တော်/ရေယာဉ်လိုင်းများ ပြေးဆွဲခြင်း၊ ဟိုတယ် မိုတယ်နှင့် ကစားကွင်း၊ ပန်းခြံများကို ယာယီ ရပ်ဆိုင်း ပိတ်ထားရန်နှင့် အခြား ပြည်နယ်/တိုင်းဒေသကြီးသို့ ခရီးသွားလိုပါက ထောက်ခံစာယူရေးတို့ပါ ဝင်သည့် အချက် ၇ ချက် ဖော်ပြထားကာ လိုက်နာရန် ပျက်ကွက်ပါက ဥပဒေအရ အရေးယူခံရမည် ဟု ပါရှိသည်။
အထက်ပါ အချက်များ ပါဝင်သည့် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့၏ တားမြစ်မိန့်ကို ပြန်လည် ပယ်ဖျက်လိုက်ကြောင်း ဧပြီ ၇ ရက်စွဲဖြင့် လက်မှတ်ထိုးကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက “၅ ရက်နေ့က ထုတ်လိုက်တဲ့ အမိန့်ကို ၇ ရက်နေ့မှာ ပယ်ဖျက်လိုက်တာပါ။ တိုင်းဒေသကြီး ပြည်နယ်တွေက ထူးခြားတဲ့ အမိန့်တရပ်ရပ် ထုတ်ပြန်မယ်ဆိုရင် အမျိုးသားအဆင့်ကို တင်ပြရမှာ။ အမျိုးသားအဆင့်နဲ့ ညှိနှိုင်းပြီးမှ ဆောင်ရွက်ရမှာ။ နောက် တပြေးညီတည်းဖြစ်အောင် ထုတ်ပြန်ရမှာ ဖြစ်တဲ့အတွက် ပယ်ဖျက်လိုက်တာပါ” ဟု ဧရာဝတီကို အတည်ပြုသည်။
ယခုအခါ ထိုအမိန့်ကို ပယ်ဖျက်လိုက်ပြီ ဖြစ်သည့်အတွက် အကျုံးမဝင်တော့သော်လည်း COVID-19 ဖြင့် သေဆုံးသည့် ဦးရေကလည်း တက်လာပြီဖြစ်ရာ ပေါ့ဆမနေဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ် ပြန်ထားသည့် ညွှန်ကြားချက် (မိမိအိမ်တွင်သာ နေထိုင်ရန်၊ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုရန်၊ လူစုလူဝေး ရှောင်ရှားရန်) တို့ကို သေချာစွာ လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ယင်းသို့ ပယ်ဖျက်လိုက်ခြင်းကြောင့် လတ်တလော၌ ယခင်ကဲ့သို့ လိုင်းကားများ ပြန်သွားလို့ရသည့်အနေအထား ဖြစ်သွားသော်လည်း ယာဉ်လိုင်းအားလုံးနီးပါး ပိတ်ထားပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ကွန်ပျူတာ ပညာရှင်များ အသင်း ဥက္ကဋ္ဌ ကိုဇော်သူရိန်ထွန်းက ပြောသည်။
“ကျနော်တို့ အမြင်ကတော့ မကြိုက်ဘူး။ ဘာကြောင့်လဲဆို ကိုယ့်တိုင်း/ပြည်နယ် အခြေအနေကို ကိုယ့်တိုင်း/ပြည် နယ် အစိုးရကပဲ အသိဆုံး။ ပြည်ထောင်စု အစိုးရက ဘယ်လိုမှ စေ့စေ့စပ်စပ် မသိနိုင်ဘူး။ တနိုင်ငံလုံး တပြေးညီ စည်း ကမ်းချက် ထုတ်မယ်ဆိုရင် မတူတာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။
ယခုလို တားမြစ်မိန့်အား ပြန်ရုပ်လိုက်သည့်အပေါ် အခုတမျိုး တော်ကြာတမျိုးဟူ၍ ပြည်သူများက ထင်မြင်နိုင်ကြောင်း၊ ပြည်ထောင်စုက ဆောင်ရွက်မည် ဆိုလျှင်လည်း ထိရောက် မြန်ဆန်စွာဖြင့် သတင်း အချက်အလက်များ၊ လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို ထုတ်ပေးစေလိုကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
ဆက်လက်၍ ၎င်းက “အခုလိုမျိုး တားမြစ်အမိန့် ပယ်ဖျက်တဲ့အပေါ် ကျနော်တို့ကတော့ သဘောမတွေ့ဘူး။ ဒါပေမယ့် ခက်တာက ပြည်ထောင်စု ညွှန်ကြားချက် ဖြစ်နေတာရယ်။ တိုင်းအစိုးရ အနေနဲ့ကလည်း ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို သိပေမယ့် ပြည်ထောင်စုကို မလွန်ဆန်ရဲဘဲနဲ့ သတ္တိရှိရှိနဲ့ အသုံးမချရဲတာလည်း ပါတာပေါ့” ဟု မှတ်ချက်ပြုသည်။
စစ်ကိုင်းတိုင်း အစိုးရကဲ့သို့ တားမြစ်မိန့် ထုတ်ပြန်ထားသည့် ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း ပယ်ဖျက်သည့် ထုတ်ပြန်ချက်များ မရှေးမနှောင်း ပေါ်ထွက်လာလိမ့်မည်ဟု ကိုဇော်သူရိန်ထွန်းက ပြောသည်။
အလားတူ ကယားပြည်နယ် အစိုးရအဖွဲ့ကလည်း ဧပြီ ၆ ရက်က ထုတ်ပြန်ခဲ့သည့် တားမြစ်မိန့်ကို ဧပြီ ၇ ရက်စွဲ ဖြင့် ပြန်လည် ပယ်ဖျက်လိုက်သည်။
ကယားပြည်နယ် အစိုးရအဖွဲ့၏ တားမြစ်မိန့်တွင် ပြည်နယ်အတွင်း မရှိမဖြစ် လိုအပ်သော စားသောက်ကုန်၊ ဆေးဝါး ပစ္စည်း၊ ပုဂ္ဂလိက ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေးရေး၊ ဘဏ် အစရှိသည့် လုပ်ငန်းများမှလွဲ၍ ဟိုတယ်၊ မိုတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အဝတ်အထည်ဆိုင်များ စသည့် ကျန်လုပ်ငန်းများ အားလုံး ဧပြီ ၇ ရက် ၁၂ နာရီမှ ဧပြီ ၂၂ ရက် ၁၂ နာရီ အချိန်ထိ ယာယီ ပိတ်သိမ်းရမည်ဖြစ်ပြီး ပိတ်သိမ်းခြင်း မပြုပါက ဥပဒေအရ အရေးယူခြင်း ခံရမည်ဟု ဖော်ပြထားသည်။
ထို့ပြင် ကုန်စည်စီးဆင်းမှုအတွက် ဝင်/ထွက် သွားလာနေသည့် ကုန်တင်ယာဉ်များနှင့် သာမန် အိမ်စီးကား (ယာဉ်မောင်းအပါအဝင် ၇ ဦးထက်မပိုရ) များမှအပ ကျန်ရှိ ခရီးသည်ပို့ဆောင်ရေး၊ ဘုရားဖူး၊ အပန်းဖြေခရီးသွား ယာဉ်များ အားလုံး ပြည်နယ်အတွင်းသို့ ဝင်/ထွက် သွားလာခွင့်အား ယာယီ ပိတ်သိမ်းကြောင်းလည်း ပါရှိသည်။
သို့ရာတွင် ပြည်နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွား အခန်းကဏ္ဍများ ထိခိုက်နစ်နာမှု မရှိစေရေး၊ ပြည်သူများ စိုး ရိမ် ထိတ်လန့်မှု မလွန်ကဲစေရေးအတွက် ကယားပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပြန်ထားရှိပြီးသော အဆိုပါ အမိန့် ကြော်ငြာစာအမှတ် ၄/၂၀၂၀ အား အမိန့်အမှတ် ၆/၂၀၂၀ ဖြင့် လွှမ်းမိုးပယ်ဖျက် လိုက်ကြောင်း ဧပြီ ၇ ရက်စွဲပါ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်များအား ဧရာဝတီက မေးမြန်းရန် အတည်ပြုရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရပါ။
ပြည်ထောင်စု အဆင့်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် COVID-19 ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီတို့ ရှိပြီး ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့များက ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ဧပြီ ၈ ရက်ထိ သတင်း ထုတ်ပြန်ချက်များအရ COVID-19 ရောဂါပိုးရှိသူ ၂၂ ဦး အနက် ၃ ဦး သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဧရာဝတီတိုင်း ခရီးသည်တင်ယာဉ်လိုင်း အားလုံး ၁၀ ရက် ပိတ်သိမ်းမည်
ခရီးသည်တင်ယာဉ်လိုင်းများအား မန္တလေးမြို့တွင်းသို့ ဝင်ရောက်ခွင့် တားမြစ်