ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှုမှာ မေလဆန်းအထိ ဆက်လက် ဖြစ်နေမည်ဆိုပါက ယခုနှစ် ကျောင်းဖွင့်ရာသီကို နောက်ဆုတ်ရနိုင်ဖွယ်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။
အဆင့်မြင့်ပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက “ဧပြီလကုန်ထိ ဘာဖြစ်မလဲကို ကြည့် ရဦးမယ်။ မေလဆန်းမှာ အားလုံး တည်ငြိမ်သွားပြီ ဆိုရင်တော့ ဖြေပြီးသားတွေအတွက် အောင်စာရင်းတွေ ထွက်လာနိုင် တယ်။ ကျောင်းတွေ ပြန်ဖွင့်လာနိုင်တယ်။ အခြေအနေက မငြိမ်ဘဲနဲ့ ဆိုးဆိုးဝါးဝါး ဆက်ဖြစ်နေမယ်ဆိုရင် အဲဒီအခြေအနေ အရ နောက်ဆုတ်ရင် ဆုတ်ရမှာပေါ့။ ဘယ်သူမှ မပြောနိုင်သေးဘူး” ဟု ဆိုသည်။
၎င်းက ဆက်၍ “သင်ရိုးညွှန်းတမ်းက စာသင်နှစ် တနှစ်စာ အချိန်နဲ့ ဆွဲထားတယ်ဆိုပေမယ့် အဲဒီကာလ ကျော်လွန် လာမှသာ ကျနော်တို့ ဘယ်လို လုပ်မလဲကို အကျေအလည် ပြန်ဆွေးနွေးရလိမ့်မယ်။ နောက် နောက်ဆုတ်ရင် ဘယ်လို လုပ်မလဲ ဆိုတဲ့ တခြားနည်းလမ်း ရှာမှာပေါ့။ စာသင်နှစ် တနှစ်လုံး ရပ်ချင်ရပ်မလားလဲ အခု ပြောလို့မရသေးဘူး” ဟု ပြော သည်။
ယခုအချိန်တွင် အခြေခံပညာ အောင်စာရင်းများ မထုတ်ပြန်နိုင်သလို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုထားသူများ၏ အဖြေလွှာများကိုပင် စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း၊ တက္ကသိုလ် စာမေးပွဲတွင်လည်း ဖြေဆိုရန် ဘာသာရပ်များ ကျန်ရစ် ခဲ့သလို အချို့ မဖြေဆိုခဲ့ကြသူများကိုလည်း ရှိခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးကိုလေးဝင်းက ပြောသည်။
မိမိတို့အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ နိုင်ငံတော် အစိုးရအဖွဲ့၏ လမ်းညွှန်မှုများ အတိုင်းသာ လုပ်ဆောင် ရမည် ဖြစ်ပြီး ကျောင်းဖွင့်ရာသီအတွက် လုပ်ဆောင်ရန်မှာ ယခင် စာသင်နှစ်မှ အဆင့်များစွာ ဆက်လက်လုပ် ဆောင်ရန် ကျန်ရစ်နေခဲ့ကြောင်း၊ ယနေ့အချိန်အထိ မိမိတို့ ပညာရေးဝန်ကြီးဌာနသို့ နိုင်ငံတော် အစိုးရ အဖွဲ့မှ ထိုကိစ္စ အတွက် မည်သည့် ညွှန်ကြားချက် တစုံတရာမှ မရရှိသေးဟု ၎င်းက ဆက်ပြောသည်။
နှစ်စဉ် ကျောင်းဖွင့်ရာသီကာလမှာ ဇွန်လတွင် စတင်၍ ကျောင်းအပ်နှံခြင်း၊ ကျောင်းဖွင့်လှစ်ခြင်းတို့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။
ပညာရေးဝန်ကြီးဌာန အနေဖြင့် တက္ကသိုလ်များကို COVID-19 ကူးစက်မှုလူနာ တယောက် စတင်တွေ့ရှိကတည်းက ပိတ်လိုက်ရပြီး ထိုကဲ့သို့ မပိတ်ခင်ကတည်းက ကျောင်းသားများ၏ စာမေးပွဲ ရပ်နားရန် တောင်းဆိုမှုများကို တွေ့ကြုံခဲ့ရ ကြောင်း ဒေါက်တာ သိန်းဝင်းက ဆိုသည်။
အခြေအနေ ကောင်းမွန်၍ နိုင်ငံတော် အစိုးရမှ ကျောင်းရာသီ ပြန်စတင်မည် ဆိုလျှင်တောင် ယနေ့အချိန်တွင် စာမေးပွဲ ဖြေဆိုရန် ဘာသာရပ် ကျန်ခဲ့မှု၊ မဖြေဆိုခဲ့သည့် ကျောင်းသားများ ရှိခဲ့ခြင်းတို့ အတွက် ကျောင်းသားများကို ပြန်ခေါ်ခြင်း၊ ပြန်လှန် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းတို့ကို ပြုလုပ်ရဦးမည် ဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ ကျောင်းပြန်ဖွင့်ရန် ညွှန် ကြားချက် ရရှိပါက အမြန်ဆုံး လုပ်ဆောင်သွားရန်ရှိသည်ဟု ၎င်းက ပြောသည်။
ယနေ့အချိန်တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားနေမှုကို ထိန်းချုပ်နိုင်ရန် ဦးစားပေး လုပ်ရဦးမည်ဖြစ်ပြီး ရောဂါကင်း စင်ပြီး တည်ငြိမ်မှု အဆင့်ဆင့် ကဏ္ဍများကို ဖော်ဆောင်ပြီးမှသာ ကျောင်းဖွင့်ရာသီကို အကောင်အထည်ဖော်ခြင်းက အသင့်တော်ဆုံး ဖြစ်သည်ဟု ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ အာကာမိုးသူက ပြောသည်။
ထို့ပြင် ယနေ့ COVID-19 ဖြစ်ပေါ်လာခဲ့မှုသည် မြန်မာနိုင်ငံ အနေဖြင့် ယခင်က ကျောင်းသား၊ ကျောင်းသူများကို စာသင် ခန်းအတွင်း ပိတ်လှောင်ကာ သင်ကြားရေး ပြုလုပ်ခဲ့သည့် စနစ်အစား အွန်လိုင်းမှ သင်ကြားရေး စနစ် တခုကို အကောင် အထည်ဖော်သင့်ပြီဟု ၎င်းက ဆက်ပြောသည်။
ဒေါက်တာ အာကာမိုးသူက “အခုချိန်မှာ အရင်ကလို သင်ရိုးညွှန်းတမ်းတွေနဲ့ အချိန်ဇယားဆွဲ သတ်မှတ်ချက်တွေထက် အွန်လိုင်းကို တက်ဖို့ ပြန်သုံးသပ်သင့်ပြီး အရင်က တာဝန်တွေက ပိနေတာ။ နည်းစနစ်ပုံစံ ပြောင်းလဲဖို့ လိုပြီ။ အခု COVID-19 ကလည်း အဲ့ဒီ ပြောင်းလဲမှုတခုအတွက် စိန်ခေါ်မှု ဖြစ်လာပြီ” ဟု ဆိုသည်။
ထို့ပြင် ၎င်းက “ကျနော်တို့လို ဆင်းရဲတဲ့ နိုင်ငံတွေမှာ မူလတန်းတို့၊ အလယ်တန်းတို့ စသဖြင့် ဆင်းရဲသား ပြည်သူတွေနဲ့ ထိစပ်နေတဲ့ အတန်းတွေမှာ တကယ်တမ်း တွက်ကြည့်ပါ။ ဖုန်းလေးတလုံး ရှိရုံနဲ့ ကလေးတွေ သင်ကြားရေး လုပ်လို့ မရဘူးလား။ တက်ပလပ် တလုံးဖိုးဆိုတာ တကယ်တမ်း စာသင်နှစ် တနှစ်လုံး သုံးခဲ့ရတဲ့ စာအုပ်၊ စာတမ်းကြေးတွေနဲ့ တွက်ကြည့်ရင် ကွာခြားမှု မရှိပါဘူး” ဟု ဆက်လက် ပြောဆိုသည်။
မတ်လ ၂၄ ရက်တွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ကူးစက်ခံရသူ လူနာ စတင်တွေ့ရှိခဲ့ကြောင်း အစိုးရမှ ကြေညာပြီး သည့် နောက်ပိုင်း ကျင်းပဆဲဖြစ်သည့် တက္ကသိုလ် စာမေးပွဲများ၊ အဝေးသင်တက္ကသိုလ် စာသင်ခြင်းများနှင့် တက္ကသိုလ်ဝင် တန်း စာမေးပွဲ အဖြေလွှာများ စစ်ဆေးနေခြင်း လုပ်ငန်းတို့ကို အကန့်အသတ် မရှိ ရွှေ့ဆိုင်းခဲ့သည်။