ဧရာဝတီတိုင်းဒေသကြီးတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရန် ထုတ်ပြန် ထားသည့် ဒေသန္တရအမိန့်ကို ချိုးဖောက်သူ ၂၁၂ ဦးကို သက်ဆိုင်ရာ မြို့နယ်တရားရုံးများက ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ ထောင်ဒဏ်များ အပြစ်ပေးချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က “ဧရာဝတီတိုင်းမှာCOVID–19 ကာကွယ်ရေး အတွက် ညမထွက်ရအမိန့် ထုတ်ပြန်ထားရာမှာ အဲဒီအမိန့်ကို မလိုက်နာဘဲ ချိုးဖောက်သူက ဧပြီလ ၂၉ ရက်နေ့အထိဆိုရင် အမှုပေါင်း ၁၀၃ မှု၊ လူပေါင်း ၂၁၂ ဦး ရှိပါတယ်။ သူတို့ကို သက်ဆိုင်ရာ မြို့နယ်တရားရုံးတော်များက ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် COVID – 19 ရောဂါ ကာကွယ်တားဆီးရေးအတွက် ဝန်ကြီးချုပ် ဦးလှမိုးအောင်ဦးဆောင်သည့် ဧရာဝတီတိုင်း ဒေသကြီးအဆင့် COVID – 19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်အရ တိုင်းအတွင်းရှိ မြို့နယ် ၂၆ ခုမှ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဧပြီလ ၁၈ ရက်နေ့တွင် ညမထွက်ရသော ဒေသန္တရအမိန့်များကို ထုတ်ပြန်ခဲ့သည်။
အဆိုပါအမိန့်အရ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ပြည်သူများ အပြင်မထွက်ရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အမိန့်ကြေညာသည့် ဧပြီလ ၁၈ ရက်မှ ၂၉ ရက်နေ့ အထိ ၁၂ ရက်တာ ကာလအတွင်း ဧရာဝတီတိုင်းရှိ ခရိုင် ၆ ခုစလုံးမှ အမိန့်ချိုးဖောက်သူ ၂၁၂ ဦးကို မြို့နယ် တရားရုံးများက ထောင်ဒဏ် ၁ လနှင့် ထောင်ဒဏ် ၂ လပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း၌ ညမထွက်ရအမိန့် စတင်ထုတ်ပြန်သည့် ဧပြီလ ၁၈ ရက်နေ့ညပိုင်းမှ စတင်ကာ ရဲတပ်ဖွဲ့ဝင်များက မြို့နယ် ၂၆ ခုတွင် လှည့်ကင်း၊ ရပ်ကင်းများ ဆောင်ရွက်၍ အမိန့်မလိုက်နာသူများအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်ဆီးရာတွင် ပုသိမ်ခရိုင်တွင် အမိန့်ချိုးဖောက်သူ ၈၄ ဦး၊ ဟင်္သာတခရိုင်တွင် ၄၈ ဦး၊ ဖျာပုံခရိုင်တွင် ၂၈ ဦး၊ မြောင်းမြခရိုင်တွင် ၂၂ ဦး၊ လပွတ္တာခရိုင်တွင် ၂၀ ဦးနှင့် မအူပင်ခရိုင်တွင် ၁၀ ဦးစသဖြင့် လူပေါင်း ၂၁၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
ပုသိမ်တမြို့တည်းမှာပင် အမိန့်ချိုးဖောက်သူ တရားခံ ၅၉ ဦးနှင့် ဟင်္သာတမြို့မှ တရားခံ ၄၅ ဦး ဖမ်းဆီး ရမိခဲ့ကာ ဧရာဝတီတစ်တိုင်းလုံးတွင် ပုသိမ်နှင့်ဟင်္သာတမြို့များက အမိန့်ချိုးဖောက်သူအများဆုံး ဖမ်းမိသည့် မြို့များအဖြစ် ရပ်တည်နေကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။
ပုသိမ်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတဦး က“ညမထွက်ရအမိန့် ထုတ်ထားပေမယ့် အပြင်ထွက်တဲ့လူက ထွက်နေတာပဲ။ တချို့ကျတော့လည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ ခိုးဆိုးလုနှိုက်တွေ ပါနေတယ်။ သူတို့က အခုလို ညမထွက်ရအမိန့်ထုတ်ချိန်မှာ လူမိရင်ခံမယ်၊ မမိရင် စားမယ် ဆိုတဲ့ပုံစံမျိုးနဲ့ လှုပ်ရှားကြတာတွေရှိတယ်။ တချို့ကျလည်း ဘာမှမဖြစ်ပါဘူးကွာဆိုပြီး ပေါ့ပေါ့တန်တန်နဲ့ သွားလာနေကြတာလည်း ရှိတယ်။ အပြင်ထွက်လို့ တကယ်လည်းဖမ်းရော ထောင်ကျကုန်တာပေါ့”ဟု ပြောသည်။
ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူများကို နောက်တနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများက တရားလိုပြုလုပ်၍ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခဲ့ရာ မြို့နယ်တရားသူကြီးများက ထောင်ဒဏ်များ
ချမှတ်ခဲ့ကြောင်း သိရသည်။
အမိန့်ချရာတွင် အခြားသောမြို့နယ်တရားရုံးများက ပုဒ်မ ၁၈၈ အရ ထောင်ဒဏ် ၁ လ ချမှတ်ခဲ့သော်လည်း ပုသိမ်မြို့နယ်တရားရုံးက ပုသိမ်မြို့၌ ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ ဖမ်းဆီးရမိသူများကို စံပြအနေဖြင့် ထောင်ဒဏ် ၂ လစီ ချမှတ် ခဲ့ကြောင်း သိရသည်။ နောက်ပိုင်းအမှုများတွင် ပုသိမ်တရားရုံးက အခြားသော မြို့နယ်တရားရုံး များနည်းတူ ထောင်ဒဏ် ၁ လစီ ပြောင်းလဲချမှတ်ခဲ့သည်။
ဒေသန္တရအမိန့် ချိုးဖောက်သဖြင့် ထောင်ဒဏ်ချမှတ်ခံရသူ ၂၁၂ ဦးမှာ လက်ရှိတွင် ပုသိမ်ထောင်၊ ဟင်္သာတထောင်၊ မအူပင်ထောင်၊ မြောင်းမြထောင်နှင့် ဖျာပုံအကျဉ်းထောင်များတွင် ထောင်ဒဏ်များ ကျခံနေရကြောင်း သိရသည်။
ရာဇသတ်ကြီးပုဒ်မ ၁၈၈ မှာ မည်သူမဆို ပြည်သူ့ဝန်ထမ်းမှ ထုတ်ပြန်ကြေညာသောအမိန့်ကို သိလျှက်နှင့် ဖီဆန်ပါက ထိုသူအအား အလုပ်မဲ့ထောင်ဒဏ် ၁ လ အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။ ထိုသို့အမိန့်ဖီဆန်ရာတွင် လူ့အသက်ကိုအန္တရာယ်ဖြစ်စေခြင်း၊ ရုန်းရင်း ဆန်ခတ်မှုဖြစ်စေခြင်း၊ သတ်ပုတ်နှောက်ယှက်ခြင်းများကို ကျူးလွန်ကြောင်းထင်ရှားပါက ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
ပုသိမ်မြို့ခံ အထက်တန်းရှေ့နေ ဦးဇော်ဝင်းအောင်က“လက်ရှိအချိန်ကာလမှာ ညမထွက်ရအမိန့်က တကယ်ကို ထုတ်ပြန်သင့်ပါတယ်။ ဘာလို့ဆိုတော့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်တဲ့အရေအတွက်လည်း တိုးလာတယ်၊ လွတ်ငြိမ်း ချမ်းသာနဲ့ ပြန်လွတ်လာတဲ့ ခိုးဆိုးလုနှိုက်တွေရန်ကလည်း ရှိနေတော့ ဒီအမိန့်ထုတ်ခြင်းအားဖြင့် ဒေသလုံခြုံရေးကို ပိုကောင်းစေပါတယ်။ ပြည်သူတွေကလည်း ခပ်ပေါ့ပေါ့ သဘောမထားဘဲ အလေးထား လိုက်နာသင့်ပါ တယ်”ဟု ပြောသည်။
ဧပြီလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ဒေသန္တရအမိန့် ၂/၂၀၂၀ (အမိန့်ဟောင်း) ကို ဧရာဝတီတိုင်းရှိ မြို့နယ် အုပ်ချုပ်ရေးမှူးများက ဧပြီလ ၂၃ ရက်နေ့တွင် ဒေသန္တရအမိန့် ၃/၂၀၂၀ (အမိန့်သစ်) ထုတ်ပြန်ကာ ပယ်ဖျက်ခဲ့ပြီး အမိန့်သစ်ထုတ်ပြန်ချက်အရ ညမထွက်ရကာလမှာ ဧပြီလ ၂၃ ရက်မှ ဇွန်လ ၂၃ ရက်နေ့ အထိဖြစ်ကြောင်း သိရသည်။
ညမထွက်ရအမိန့်အရ ဌာနဆိုင်ရာတာဝန်ဖြင့် သွားလာသူများ၊ ကျန်းမာရေးကိစ္စဆောင်ရွက်သူများနှင့် နာရေးကိစ္စ ဆောင်ရွက်သူများမှအပ အခြားမည်သူအဆို ည ၁၀ နာရီမှ နောက်တနေ့ နံနက် ၄ နာရီအတွင်း အပြင် မထွက်ရန် တားမြစ်ကြောင်းနှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများက ထုတ်ပြန်ကြေညာထားသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်ဆေးရုံ၊ ဟင်္သာတဆေးရုံ၊ လပွတ္တာတဆေးရုံနှင့် မြောင်းမြဆေးရုံတို့တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများ တက်ရောက်ကုသမှုများ ရှိခဲ့သော်လည်း ဓာတ်ခွဲစစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိသဖြင့် လက်ရှိအချိန်အထိ ဧရာဝတီတိုင်း၌ ဗိုင်းရပ်စ်ပိုးတွေ့သူ မရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံနှင့် လပွတ္တာဟူ၍ ခရိုင် ၆ ခုနှင့် မြို့နယ် ၂၆ မြို့နယ်ရှိပြီး လူဦးရေ ၆ ဒဿမ ၂ သန်းကျော် မှီတင်းနေထိုင်ကာ အများစုမှာ လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။