တရုတ်အစိုးရမှ မြန်မာနိုင်ငံဘက်မှ ပြောင်း (သကြားပြောင်း) တင်ပို့ခွင့်ကို ပိတ်ထားသဖြင့် နေ့စဉ် ပြောင်းတန်ချိန် ရာနှင့် ချီ၍ ရွှေလီမြစ်ထဲသို့ စွန့်ပစ်နေရကြောင်း ကုန်သည်များထံက သိရသည်။
မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က “ပြောင်းဖူးတွေက တရုတ်ဘက်က ထွက်ပေါက်ပိတ် တော့ ရောင်းစရာ မရှိတော့ဘူး။ ပစ်စရာနေရာကလည်း ရှားတော့ ရွှေလီမြစ်ထဲ သွားပစ်တာ။ နှစ်စဉ် တရုတ်ဘက်ကို တန်ချိန် ၁ သိန်းလောက် သွားတယ်။ အခုက လုံးဝ သွားမရတာ။ နေ့စဉ် ပြောင်းတန်ချိန် လေးရာ ငါးရာလောက် အဝင် ရှိပြီး တန် ၁ ရာလောက်ကတော့ နေ့စဉ် ပစ်နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံက နယ်စပ်ဖြတ်ကျော်ကူးသန်း သွားလာမှုများကို ပိတ်ပင်ထားကာ မြန်မာဘက်မှ ပြောင်းပေါ်ချိန်၌ နှစ်စဉ် တရုတ်သို့ တင်ပို့နေရသော ပြောင်းစို (သကြားပြောင်း) တို့မှာ ယခုနှစ်တွင် တင်ပို့ခွင့် မရဘဲ စွန့်ပစ်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နယ်စပ်ဒေသ တလျှောက်ရှိ ရှမ်းရွာများတွင် မြန်မာ တောင်သူများမှာ ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နေရပြီး ပြောင်းစိုက် ပျိုးမှုမှာ ဧက ၅ ထောင် ဝန်းကျင် ရှိကြောင်း သိရသည်။
ဦးစိုင်းခင်မောင်က “ဒီဘက်ကလည်း ရောင်းဝယ်လို့ ရအောင် ညှိပေမယ့် ညှိနှိုင်းလို့ မရဘူး။ စိုက်တာက မြန်မာဘက်က ဒေသခံတွေ ဖြစ်တယ်။ သူတို့ တရုတ်နိုင်ငံက သူတွေသာ လာစိုက်ရင် ဖွင့်ပေးမှာ။ ငှက်ပျောဆို ဖွင့်ပေးတယ်လေ” ဟု အခြေအနေကို ရှင်းပြသည်။
လက်ရှိတွင် မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ တရားဝင် ခွင့်ပြုထားသော လယ်ယာထွက်ကုန်များ ဖြစ်သည့် ဆန်၊ ဖရဲ၊ သခွား၊ သရက်သီးများပင်လျှင် ကုန်ပစ္စည်းသာ အဝင်ခံသည့် အခြေအနေနှင့် တင်ပို့နေရပြီး ပြောင်းဖူးအစိုမှာ တရုတ်မှ တရားဝင် လက်ခံထားသည့် သီးနှံ မဟုတ်သည့်အတွက် တင်ပို့ခွင့် မရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုး ထုတ်လုပ် ရောင်းဝယ်သူများအသင်း အတွင်းရေးမှူး ဦးသန့်စင်ထွန်းက “ပြောင်းက သုံး လေးမျိုးလောက် ရှိတယ်။ အခု စွန့်ပစ်တဲ့ ပြောင်းက ဈေးထဲမှာ ရောင်းတဲ့ ပြုတ်စားတဲ့ ပြောင်း ဖြစ်တယ်။ ဒါက တရား ဝင် ရောင်းဝယ်တဲ့ ဈေးကွက်လည်း မဟုတ်တော့ ဒီဘက်မှာ စိုက်တယ်။ ဟိုဘက်မှာ အဆင်ပြေသလို သွားရောင်းကြ တယ်။ ကိုဗစ်ကြောင့် တရုတ်က အဝင်မခံတဲ့အတွက် ပြောင်းတွေကို ဈေးတွေထဲမှာ သွားလို့ မရတော့ဘဲ ပုံသွားတာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အခြေအနေအရ တောင်သူများ အနေဖြင့် ဆုံးရှုံးမှုကို ကာမိစေရန်အတွက် ပြောင်းကို စတင်စိုက်ပျိုးသည့် ရက် မှ ၇၅ ရက်ပြည့် အချိန်တွင် စားသုံးရန် အသင့်ဖြစ်သော ပြောင်းဖူးများကို ခူးယူခြင်း မပြုလုပ်ဘဲ နောက် ငါးရက်၊ ဆယ် ရက်ခန့် အရင့်ခံထားကာ တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သည့် နည်းလည်း တခုသာ ရှိကြောင်း ၎င်းက ပြောဆို သည်။
“ကုန်သည်အနေနဲ့ကျတော့ ဒါတွေက ကုန်စိမ်းဖြစ်တဲ့ အတွက်ကြောင့် ထားလို့မရဘဲ စွန့်ပစ်ရတာတွေ သူတို့လည်း ဆက်ပြီး မထိန်းသိမ်းနိုင်တော့ဘူး။ ဟိုဘက်လည်း သွားလို့ မရတော့ဘူး။ ဒါကြောင့် ကားပေါ်မှာ ဒီအတိုင်းထားလည်း သယ်ဆောင် စရိတ် ထပ်တက်မယ့် အတူတူ ရွေးချယ်စရာ မရှိဘဲ စွန့်ပစ်ရတယ်”ဟု ဦးသန့်စင်ထွန်းက ပြောသည်။
တရားဝင် ရောင်းချနေသော ဖရဲသီးလိုမျိုးကပင် အကြောင်းကြောင်းကြောင့် စွန့်ပစ်ရပါက ဖရဲကား ၁ စီးလျှင် ကျပ် သိန်း ၄၀၊ ၅၀ ဖိုးခန့် ရှိပြီး ယခု ပစ်ရသည့် ပြောင်းဖူး အဖူးရေ ၁ သိန်း ရှိမယ်ဆိုရင် ၁ ဖူးကို မြန်မာကျပ် ၂၀၀ ဈေးရှိ သဖြင့် ကျပ်သိန်း ၄၀၀ ဖိုးခန့် ဆုံးရှုံးမှု ရှိနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
ယင်းပမာဏမှာ တောင်သူတဦး၊ ကုန်သည်တဦး အတွက်ဆိုလျှင် ပမာဏ ကြီးမားကြောင်းလည်း ၎င်းက ဆိုသည်။
ပြောင်း (သကြားပြောင်း)စိုက်ပျိုးရာတွင် ၁ ဧက ပျမ်းမျှ ကုန်ကျစရိတ်သည် ကျပ် ၁၃ သိန်းခန့် ရှိပြီး ၁ ဧကလျှင် ပြောင်းအထွက်နှုန်းမှာ ၅ တန် ဝန်းကျင် ထွက်ရှိကာ လက်ရှိ ပေါက်ဈေးမှာ ပြောင်း ၁ တန်လျှင် ကျပ် ၅ သိန်းမှ ၇ သိန်းရှိသည်။
ပြီးခဲ့သည့် နှစ်ကလည်း မြန်မာနိုင်ငံမှ နာနတ်သီးများကို တရုတ်ဘက်က တင်ပို့ခွင့်ကို ရုတ်တရက် ပိတ်လိုက်ခြင်း ကြောင့် တောင်သူများ ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ခဲ့ရသောကြောင့် တရုတ်သို့ တင်ပို့မည့် သီးနှံများကို နှစ်နိုင်ငံ တရား ဝင် ရောင်းချနိုင်ရန် အစိုးရ အနေဖြင့် ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်းလည်း ကုန်သည်များက ပြောဆိုကြ သည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။
You may also like these stories:
မန္တလေး ပဲနှမ်းကုန်စည်ဒိုင် ယာယီပိတ်မည်
အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များ မေလကုန်ထိ ပိတ်မည်