တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွင် ခေါင်းဆောင်အဖြစ်ပေါ်ပေါက်လာသော်လည်း ကမ္ဘာ့အင်အားကြီးအဆင့်အတန်းအဖြစ် ဩဇာသုံးလာပြီး နယ်နိမိတ်အငြင်းပွားမှုတွင် အသုံးပြုလာနိုင်ခြေကြောင့် လုံခြုံရေးအပေါ် စိုးရိမ်မှုများဖြစ်နေသည်။
တရုတ်နိုင်ငံတွင် လက်ရှိစမ်းသပ်နေသော ကာကွယ်ဆေး ၉ မျိုးရှိပြီး ၎င်းတို့အနက် ၅ ခုမှာ အတည်ပြုရန် အဆင့် ၃ စမ်းသပ်မှုအဆင့် ရောက်နေပြီဖြစ်သည်။ ထိုအောင်မြင်မှုသည် နှစ်ပေါင်းများစွာကြာပြီဖြစ်သည့် နိုင်ငံတော်ကဦးဆောင်သော ကူးစက်ရောဂါ သုတေသနကြောင့်ဖြစ်သည်။ ဆော်ဒီအာရေးဗီးယားမှ စေတနာ့ဝန်ထမ်း ၅၀၀၀ ဖြင့် ကာကွယ်ဆေးကို အဆင့် ၃ စမ်းသပ်မည်ဖြစ်ကြောင်း တရုတ်ဆေးဝါးလုပ်ငန်း CanSino Biologics က လွန်ခဲ့သောအပတ်က ကြေညာခဲ့သည်။
ကမ္ဘာတဝန်း စမ်းသပ်နေသည့်ကာကွယ်ဆေး ၂၉ မျိုးအနက် ၉ မျိုးမှာ တရုတ်နိုင်ငံတွင်ရှိနေပြီး အခြားမည်သည့် နိုင်ငံထက်မဆို ပိုမိုများပြားသည်။ အဆင့် ၃ သို့ရောက်နေသော ဆေး ၇ မျိုးအနက် ၅ မျိုးမှာ တရုတ်နိုင်ငံမှဖြစ်သည်။ တရုတ်ကာကွယ်ဆေးများကို လာမည့် လအနည်းငယ်အတွင်း လက်တွေ့ အသုံးပြုနိုင်မည်ဟု မျှော်လင့်ရသည်။
ထိုသို့ကြီးမားသောတိုးတက်မှုမှာ ဆေးဝါးလုပ်ငန်းများနှင့် သုတေသနအဖွဲ့အစည်းများအကြား နက်ရှိုင်းသောဆက်ဆံရေး၏ ရလဒ်ဖြစ်သည်။ CanSino Biologics သည် ပုဂ္ဂလိကပိုင် လုပ်ငန်းသစ်ဖြစ်သော်လည်း စစ်ဖက်အထောက်အပံ့ဖြင့် ပူးတွဲသုတေသနပြုလုပ်နေသည်။ နောက်ဆုံးအဆင့် ကာကွယ်ဆေး စမ်းသပ်နေပြီဖြစ်သော Sinopharm သည် အစိုးရပိုင်လုပ်ငန်းဖြစ်ပြီး Sinovac Biotech သည် ပီကင်းတက္ကသိုလ်နှင့် ဟောင်ကောင်လုပ်ငန်းများအကြား ဖက်စပ်လုပ်ငန်းဖြစ်သည်။
ထိုလုပ်ငန်းများအားလုံးသည် ဗဟိုအစိုးရနှင့် နီးကပ်ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနသည် နိုင်ငံ၏ ကာကွယ်ဆေးသေနင်္ဂဗျူဟာကို ဦးဆောင်နေသည်ဟု မြင်ကြသည်။
ကာကွယ်ဆေးထုတ်လုပ်ခြင်းကို နည်းလမ်း ၅ ခုဖြင့် တပြိုင်နက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဇွန်လက ထုတ်ပြန်သည့် ကိုရိုနာဗိုင်းရပ်ကာကွယ်ရေး စီမံချက်တခုတွင် ထိုဝန်ကြီးဌာနကဖေါ်ပြသည်။ မည်သည့် ကာကွယ်ဆေးအမျိုးအစားကို လက်တွေ့အသုံးပြုနိုင်မည်ကို မသိရသေးသော်လည်း တနိုင်ငံလုံးအတွက် ဆေးအလုံအလောက်ရရန် တရုတ်နိုင်ငံသည် ဆေးအားလုံးကို စမ်းသပ်နေခြင်းဖြစ်သည်။
တရုတ်မီဒီယာများ၏ အဆိုအရ CanSino နှင့် Sinovac တို့သည် အစိုးရအကူအညီဖြင့် နှစ်စဉ် ကာကွယ်ဆေး သန်း ၁၀၀ မှ ၂၀၀ အထိထုတ်လုပ်နိုင်ရန် ပြင်ဆင်နေသည်။
တရုတ်နိုင်ငံ၏ အားသာချက်မှာ ရောဂါဖြစ်စေနိုင်သော်လည်း စွမ်းရည်မရှိတော့မည့် ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားများအဖြစ် မွေးမြူကြီးထွားအောင် အသုံးပြုသော မတက်ကြွသည့် ဗိုင်းရပ်စ်ကို အသုံးပြုသည့် နည်းလမ်းဖြစ်သည်။ တရုတ်နိုင်ငံ၏ ကာကွယ်ဆေး ၃ မျိုးသည် ထိုနည်းကိုအသုံးပြုပြီး အဆင့် ၃ သို့ရောက်နေခြင်းဖြစ်ပြီး ထိုသို့ ရောဂါဖြစ်စေသော စွမ်းရည်မရှိတော့သည့် ဗိုင်းရပ်ကို အသုံးပြုသည့် ကမ္ဘာတဝန်းမှ ကာကွယ်ဆေး ၅ မျိုးအနက် ၄ မျိုးမှာ တရုတ်နိုင်ငံမှဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးများကို အသုံးပြုနေသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး ၎င်းတို့၏ ထိရောက်မှုနှင့် လုံခြုံမှုကိုလည်း သက်သေပြပြီးဖြစ်သည်။ သို့သော် ထိုဗိုင်းရပ်စ်များကို ကြက်ဥများ သို့မဟုတ် တိရိစာ္ဆန်ဆဲလ်များ အသုံးပြုမွေးမြူသောကြောင့် လုပ်အားလွန်စွာ လိုအပ်ပြီး ထုတ်လုပ်ရာတွင် စွမ်းရည်နည်းသည်။ ဥရောပနှင့် အမေရိကန် ဆေးဝါးထုတ်လုပ်သူများသည် ထိုနည်းလမ်းကို အသုံးမပြုသော်လည်း တရုတ်လုပ်ငန်းများက ဆေးဝါးထုတ်လုပ်ရာတွင် လူသားလှိုင်း အလုံးအရင်းသုံးသော နည်းလမ်းပေါ်တွင် ပုံအောထားသည်။
ထိုသို့ရောဂါဖြစ်ပွားစေခြင်း မရှိတော့သော ဗိုင်းရပ်စ်များတွင် တရုတ်နိုင်ငံ၏ ကျွမ်းကျင်မှု မြင့်မားခြင်းမှာ ပြင်းထန်သောအသက်ရှူလမ်းကြောင်းရောဂါ – SARS နှင့် ကြက်ငှက်တုတ်ကွေး ကဲ့သို့ အဓိက ကူးစက်ရောဂါဖြစ်ပွားသည့် အတွေ့အကြုံကြောင့်ဖြစ်သည်။
ရောဂါဖြစ်စေနိုင်ခြင်းမရှိအောင် ဗိုင်းရပ်စ်များကိုပြုလုပ်သည့် နည်းပညာသည် တရုတ်နိုင်ငံ၏ ရောဂါကူးစက်မှု တားဆီးရေးအားထုတ်မှုများတွင် အဓိက ဖြစ်သောကြောင့် တရုတ်နိုင်ငံသည် ၂၀၀၈ ခုနှစ်ကပင် ကမ္ဘာ့ခေါင်းဆောင်ဆက်တိုက် ဖြစ်နေသည်။
သို့သော် တရုတ်ကာကွယ်ဆေးများကို ပြည်ပသို့ ဖြန့်ချိခဲပြီး ၎င်းတို့အမှန်တကယ် မည်မျှ ထိရောက်သည်ကို မသိရပေ။ ကာကွယ်ဆေးစမ်းသပ်မှုများတွင် အလျှင်အမြန်လုပ်ဆောင်ရေးကို အာရုံစိုက်သော်လည်း ထိရောက်မှုနှင့် ဘေးထွက် ဆိုးကျိုးများကိုလည်း မသိရပေ။ စမ်းသပ်မှုများနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိရပြီးသည့်တိုင် ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဆက်လက်ရှိနေသည်။
ကာကွယ်ဆေး သံတမန်နည်းလမ်းအဖြစ် ကာကွယ်ဆေးကို သြဇာကြီးမားရေးအတွက် တရုတ်က အသုံးချမည်ကိုလည်း စိုးရိမ်နေကြသည်။
“ကာကွယ်ဆေး ဖေါ်ထုတ်နိုင်တဲ့အခါ တရုတ်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်မှုနဲ့ ဖြန့်ချိမှုဟာ တကမ္ဘာလုံးက အများပြည်သူကောင်းကျိုးဖြစ်တယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကာကွယ်ဆေး ရရှိနိုင်မှုနဲ့ ဝယ်ယူနိုင်မှုကို အာမခံဖို့ တရုတ်က အကျိုးဆောင်မှုဖြစ်တယ်” ဟု သမ္မတ ရှီကျင့်ဖျင်က မေလကကျင်းပသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးတခုတွင်ပြောပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပြည်ပနိုင်ငံများသို့ မျှဝေမည့် သူ၏ ရည်မှန်းချက်ကို ပြသခဲ့သည်။
တချိန်တည်းတွင် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေက တောင်တရုတ်ပင်လယ်တွင် နယ်နိမိတ်အငြင်းပွားမှုဖြစ်နေသော်လည်း ကာကွယ်ဆေးဖြန့်ချိရာတွင် သူ၏နိုင်ငံကို ဦးစားပေးရန် တရုတ်နိုင်ငံကို တိုက်တွန်းနေသည်။ တရုတ်နိုင်ငံအနေဖြင့် ထိုကာကွယ်ဆေးကို သြဇာဖြန့်ကျက်သည့် ကိရိယာအနေဖြင့် အသုံးချနိုင်သည်။
တချိန်တည်းတွင် ရုရှားနိုင်ငံကလည်း ကာကွယ်ဆေး စတင်ထုတ်လုပ်နေပြီး ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးအဖြစ် ဂုဏ်ယူပြောဆိုနေသည်။ အမေရိကန်ပြည်ထောင်စုကလည်း ကာကွယ်ဆေး သန်းရာပေါင်းများစွာရရှိရန် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားသည်။ လက်တွေ့ အသုံးပြုမည့် အဆင့်သို့ အလျှင်အမြန် ချဉ်းကပ်လာပြီး ဝယ်ယူရရှိရေးက ကမ္ဘာ့ပြဿနာတခု အလျှင်အမြန်ဖြစ်လာနေသည်။
ကိုးကား။ ။ Nikkei Asian Review ၏ China’s lead in coronavirus vaccines raises concern as well as hope
You may also like these stories:
ကလေးတွေဆီကလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနိုင်သလား
အရှေ့တောင်အာရှမှာ ကိုဗစ် အလုံခြုံဆုံးနိုင်ငံ ဖြစ်နေသေးတဲ့ လာအို
ကူးစက်မှု ၁၀ ဆမြန်တဲ့ ပုံစံပြောင်း ကိုဗစ်ပိုးတမျိုး မလေးရှားမှာ တွေ့ရှိ