ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ၂၆ မြို့နယ်၏ မြို့အဝင် စစ်ဆေးရေးဂိတ်များ၌ ပရဟိတ အဖွဲ့များကို တာဝန်ပေးအပ်ခြင်း မပြုရန် တိုင်းဒေသကြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ညွှန်ကြားသည့်အတွက် ပရဟိတ အဖွဲ့ ၃၀၀ ကျော်မှ စစ်ဆေးရေး ဂိတ်များတွင် ကူညီပေးခြင်းကို ရပ်ဆိုင်းခဲ့ကြောင်း သတင်းရသည်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး) ၏ သြဝါဒစရိယဆရာတော် ဦးစန္ဒာသီရိက“တတိုင်းလုံးမှာ ရှိတဲ့ ဦးဇင်းတို့ ကွန်ရက်အဖွဲ့ပေါင်း ၃၀၀ ကျော်ကို သြဝါဒ ပေးလိုက်ပါပြီ။ မြို့အဝင် စစ်ဆေးရေးဂိတ်တွေမှာရှိတဲ့ ပရဟိတ အသင်းအဖွဲ့တွေ အကုန်ရုပ်သိမ်းပေးပါလို့ သြဝါဒ ပေးထားပါတယ်။ အားလုံးကလည်း ဒီကနေ့မှာပဲ စစ်ဆေးရေးဂိတ် တွေမှာ ကူညီမှုတွေ ရပ်နားထားလိုက်ကြပါပြီ”ဟု ဧရာဝတီကို မိန့်ကြားသည်။
ဧရာဝတီတိုင်းရှိ ပရဟိတအဖွဲ့များအနေဖြင့် အစိုးရက လက်မခံသည့်အတွက် စစ်ဆေးရေးဂိတ်များတွင် ကူညီပေးမှု ရပ်ဆိုင်းခဲ့သော်လည်း ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဆက်လက်ကူညီပေးသွားရန် ဆုံးဖြတ်ထားကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး) ၏ သြဝါဒစရိယ ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားသည်။
ဆရာတော် ဦးစန္ဒာသီရိက “ဦးဇင်းတို့က မြို့အဝင် စစ်ဆေးရေးဂိတ်တွေမှာ မကူညီတော့ပေမယ့် တခြားသော ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ၊ သံသယလူနာတွေ ကွာရန်တင်းစင်တာ ပို့တာ၊ ပိုးတွေ့ လူနာတွေ ဆေးရုံပို့ပေးတာ၊ ပိုးတွေ့နေရာတွေ ဆေးဖြန်းတာ၊ ကွာရန်တင်းဝင်သူတွေ နေရေးထိုင်ရေး စားသောက်ရေး အဆင်ပြေဖို့ကိစ္စတွေကအစ ဆက်လက်ကူညီဆောင်ရွက်ပေးသွားဖို့ ဦးဇင်းတို့ ဆုံးဖြတ်ထားပါတယ်။ လက်ရှိလည်း အားလုံးက ဒီလိုဆုံးဖြတ် ဆောင်ရွက် နေကြပါတယ်”ဟု မိန့်ကြားသည်။
ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက စက်တင်ဘာ ၁၅ ရက်နေ့ ရက်စွဲသည့် ထုတ်ပြန်သည့် ညွှန်ကြားစာတွင် နေပြည်တော်ရှိ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မတီ၏ စက်တင်ဘာ ၁၄ ရက်တွင် ပေးပို့သည့် ညွှန်ကြားစာအရ ယခုလို ညွှန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
စာတွင် မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များ၌ ပရဟိတအဖွဲ့များကို တာဝန်ပေးအပ်ခြင်း မပြုလုပ်ရန်နှင့် သက်ဆိုင်ရာဌာန များက တာဝန်ရှိသူများသာ အထက်ဌာနများ၏ ညွှန်ကြားချက်နှင့် အညီ စနစ်တကျ စစ်ဆေးကြပ်မတ်သွားရန် ရေးသား ဖော်ပြထားကြောင်း၊ ယင်းစာကို ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ညွှန်ကြားချက်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ခံ ကိုဇော်သစ်ဦးက “တကယ်တမ်း စစ်ဆေးရေးဂိတ်တွေမှာ အမြဲထိုင်ပြီး စစ်ဆေးမှု တွေ ဆောင်ရွက်ကူညီပေးနေကြတာက ပရဟိတအဖွဲ့တွေပါ။ ဌာနဆိုင်ရာတွေက သူတို့မှာလည်း မူလ ရုံးတာဝန်တွေ ရှိတဲ့အတွက် ဂိတ်တွေမှာ အမြဲထိုင်နိုင်၊ စစ်နိုင်ကြတာ မဟုတ်ဘူး။ အခုလို ကိုဗစ်က တကျော့ပြန် အပြင်းအထန် ဖြစ်လာ ချိန်မှ ဌာနဆိုင်ရာတွေပဲ စစ်ပါဆိုတော့ မြို့အသီးသီးအတွက် တကယ်စိုးရိမ်ဖို့ ကောင်းတယ်။ ဌာနဆိုင်ရာတွေက စစ်ဆေး မှုတွေ သေချာလုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ အဲဒီလို မဟုတ်ဘဲ ဟန်ပြလောက်လုပ်ပြီး စစ်ဆေးမှုတွေလစ်ဟင်းခဲ့ရင် ဒေသအတွက် အရမ်း အန္တရာယ်များတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းတွင် COVID -19 ကာကွယ်ရေးအတွက် ဧပြီလ၂၁ ရက်နေ့မှ စတင်၍ ကျန်းမာရေး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ခဲ့ပြီး အဆိုပါဂိတ်များတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အရပ်ဖက် လူမှုကူညီရေး ပရဟိတအဖွဲ့များက တာဝန်ယူ၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ပြည်တော်ပြန်နှင့် Stay at Home မြို့နယ်များမှ လာသောသူများကို ကွာရန်တင်း စင်တာသို့ ပို့ဆောင်ခြင်း၊ နှာခေါင်းစည်းများ ဝေငှခြင်း၊ ပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
နောက်ပိုင်းတွင် ပြည်တွင်း၌ COVID – 19 ဖြစ်ပွားမှု လျော့ကျလာသည့်အတွက် ဇူလိုင်လကုန်တွင် ကျန်းမာရေး စစ်ဆေး ရေးဂိတ်အားလုံးကို ပိတ်သိမ်းခဲ့ကြသည်။ သို့သော် သြဂုတ်လ ၁၆ ရက်နေ့ကစတင်၍ မြန်မာနိုင်ငံ ဒေသအနှံ့ အပြားတွင် COVID – 19 ရောဂါ တကျော့ပြန် ဖြစ်ပွားခဲ့သည့်အတွက် သြဂုတ် လကုန်ပိုင်းတွင် မြို့အသီးသီး၌ ကျန်းမာရေး စစ်ဆေး ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ COVID – 19 ကူးစက်မှုများ စတင်ဖြစ်ပွားလျှက်ရှိရာ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းအထိစာရင်းအရ တိုင်းအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်တွင် ကိုဗစ် ရောဂါအတည်ပြုလူနာ ၅၂ ဦး တွေ့ရှိခဲ့ကြောင်း၊ အဆိုပါလူနာများအနက် လူနာ ၂ ဦးမှာ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခဲ့ပြီဖြစ်ပြီး ကျန်လူနာ ၅၀ မှာ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေရဆဲ ဖြစ်သည်။
အစိုးရ Quarantine မူဝါဒ မေးခွန်းထုတ်မှုများ ရှိလာနေ
ဧရာဝတီတိုင်း မြို့နယ် ၁၃ မြို့နယ်တွင် COVID-19 ရောဂါ ဖြစ်ပွားနေ
ကျန်းမာရေးဝန်ထမ်း ၇၀ ကျော် ကိုဗစ်ပိုး ကူးစက်ခံထားရ