ရှမ်းတိုင်းရင်းသား အများစုက ၂၀ ရာစု နောက်ပိုင်း ရှမ်းခေါင်းဆောင်အဖြစ် ယုံကြည်ကိုးစားခြင်းခံရသူ ဦးခွန်ထွန်းဦးသည် ၎င်းတည်ထောင်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ နှုတ်ထွက်ပါသည်ဟု စက်တင်ဘာလ ၂၇ ရက်တွင် ရန်ကုန်အခြေစိုက် 7 Day News သတင်းစာမှ တဆင့် ကြေညာထည့်သွင်းကာ အသိပေးခဲ့သည်။
ဝါရင့် နိုင်ငံရေးသမား ၁ ဦးဖြစ်သည့် ဦးခွန်ထွန်းဦးသည် နှစ်ပေါင်း ၃၀ ခန့် ၎င်းဦးဆောင်ခဲ့သော ပါတီမှ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် အလွန်နီးကပ်နေသည့်ကာလတွင် အဘယ်ကြောင့် နှုတ်ထွက်ရန် ကြေညာရသနည်း ဆိုသည့် မေးခွန်းက ယခုရက်ပိုင်းအတွင်း မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းတွင် စိတ်ဝင်စားဖွယ် ဆွေးနွေးစရာ အကြောင်းအရာတခု ဖြစ်လာသည်။
SNLD တွဲဖက် အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်ကမူ ဦးခွန်ထွန်းဦးသည် အသက်အရွယ်ကြီးရင့်လာသဖြင့် နိုင်ငံရေး လောကမှ အနားယူချင်နေပြီ ဖြစ်ကြောင်း ယခင်ကပင် ပြောဆိုနေမှုရှိသော်လည်း ယခုကဲ့သို့ ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက် ကြောင်း ကြေညာချက်ကို 7 Day News သတင်းစာတွင် ပါလာမှသာ သိရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
စိုင်းကျော်ညွှန့် က “ကျနော်တို့ လူငယ်အဖွဲ့တွေ တခါတလေပေါ့။ ကျနော်အပါအဝင် သွားတွေ့ရင်တော့ သူနည်းနည်းပါးပါး နားချင်ပြီ။ ပြုချင်ပြီလို့ ပြောတာ ကြားဖူးပါတယ်။ ဒီလိုမျိုး လုပ်တာတော့ ကျနော်တို့လည်း သတင်းထဲတွေ့မှ သိတာလေ” ဟု ဧရာဝတီသို့ ပြောသည်။
စိုင်းကျော်ညွန့်က ဥက္ကဋ္ဌကြီး ဦးခွန်ထွန်းဦးသည် အသက်အရွယ် ကြီးရင့်လာသဖြင့် ယခင်ကကဲ့သို့ ကျန်းမာရေး မကောင်း တော့သည်က တကြောင်း၊ မိသားစုအရေးကိစ္စများ ဆောင်ရွက်ရန် အပါအဝင် လူငယ်မျိုးဆက်သစ်များကို တာဝန်များ လွှဲပြောင်း ပေးလိုသဖြင့် နှုတ်ထွက်သည်ဟု ကြေညာခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ အောင်နိုင်ရေး အရေးကြီးနေသည့် SNLD အတွက် ဦးခွန်ထွန်းဦး ကဲ့သို့ ဝါရင့် နိုင်ငံရေးခေါင်းဆောင် လိုအပ်နေသည့် အချိန်တွင် ပါတီထိပ်ပိုင်းခေါင်းဆောင်များပင် မသိလိုက်ဘဲ နှုတ်ထွက် မည်ဟု ကြေညာလိုက်ခြင်းမှာ ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေသည်ဟု နိုင်ငံရေးလေ့လာသူအချို့က ဆိုကြသည်။
နှုတ်ထွက်ရသည့် အကြောင်းအရင်း၊ ပါတီတွင်းပြဿနာ တစုံတရာ ရှိ၊ မရှိတို့က သံသယပွားစရာဖြစ်နေသည့်အပေါ် SNLD ဘက်က ယခုကဲ့သို့ ငြင်းချက်ထုတ်သည်။
စိုင်းကျော်ညွန့် က “တခြား အထွေအထူးအကြောင်းတော့ မရှိပါဘူး။ ကျနော်တို့ပါတီမှာက ခေါင်းဆောင်တွေ အကုန်လုံးက တက်ညီ အလုပ် လုပ်ကြတာလေ။ ဒါမျိုး ပါတီတွင်းပြဿနာရယ်တော့ မရှိပါဘူး” ဟု ဆိုသည်။
ဦးခွန်ထွန်းဦး၏ ဇာတိမြို့ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် နေထိုင်သည့် နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးရဲထွန်းကမူ ဦးခွန်ထွန်းဦး နှုတ်ထွက်ရန်ကြေညာခြင်းသည် ၎င်း၏ မိသားစု အရေးကိစ္စများ ဆောင်ရွက်ရန်နှင့် ပါတီတွင်း ကိစ္စရပ်အချို့ကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
မိသားစုအရေးကိစ္စ ဆိုသည်မှာ အခြားမဟုတ် သီပေါစော်ဘွား စဝ်ကြာဆိုင်၏ အမွေအနှစ်များ ကိစ္စဖြစ်သည်။ ဦးခွန်ထွန်း ဦး သည် သီပေါနယ်ကို နောက်ဆုံးအုပ်ချုပ်ခဲ့သော သီပေါစော်ဘွား စဝ်ကြာဆိုင်၏ တူတော်စပ်သူ ဖြစ်သည်။
လက်ရှိ သီပေါဟော်နန်းကို ထိန်းသိမ်းနေသည့် သီပေါစော်ဘွား၏ နောင်တော် စဝ်အုံကြာ၏ သားအရင်း စဝ်ဦးကြာ နှင့် ဆိုလျှင် ဦးခွန်ထွန်းဦးသည် ဝမ်းကွဲ ညီအကို တော်စပ်သည်။
လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ဦးခွန်ထွန်းဦးသည် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့ပြီး သီပေါစော်ဘွား စဝ်ကြာ ဆိုင်၏ မဟာဒေဝီဖြစ်သည့် စဝ်သုစန္ဒီ(ခေါ်) Inge Eberhard နှင့် တွေ့ဆုံခဲ့သည်။
မဟာဒေဝီ က သီပေါဟော်နန်းအပြင် ၎င်းတို့ပိုင်ဆိုင်သည့် ပစ္စည်းများ စီမံခန့်ခွဲပိုင်ခွင့်ကို ဦးခွန်ထွန်းဦးအား ပေးအပ်ခဲ့ရာ ယင်းစီမံပိုင်ခွင့်အရ သီပေါဟော်နန်းကို လက်ရှိနေထိုင်နေသည့် စဝ်ဦးကြာထံမှ တောင်းယူခဲ့သည်။
သီပေါဟော်နန်းသည် စဝ်ဦးကြာ၏ ဂရံ အမည်ပေါက်ဖြစ်နေပြီး၊ ဟော်နန်းကြီး ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည်မှာ နှစ်ပေါင်း ၆၀ နီးပါး ရှိခဲ့သဖြင့် စဝ်ဦးကြာက ဟော်နန်းကို မပေးဘဲရှိရာ ဦးခွန်ထွန်းဦးက တရားစွဲဆိုခဲ့ကြောင်း ဦးရဲထွန်းက ပြောပြသည်။
၎င်းက “အဲဒီတရားစွဲတဲ့ ကိစ္စကို မလုပ်ပါနဲ့ ဆိုပြီး သူ့(ဦးခွန်ထွန်းဦး) ပါတီက ကျန်တဲ့ ခေါင်းဆောင်တွေက တားတယ်။ ဒါနဲ့ ပတ်သက်လို့ ကြီးကြီးကျယ်ကျယ် သဘောထားကွဲကြတယ်ပေါ့။ သူက ခင်ဗျားတို့ပြောပေမယ့်လည်း သူ့အဒေါ်ကခိုင်းတာ လုပ်ရမှာပဲ ဆိုပြီးတော့ ပြောတယ်။ အဲဒါနှုတ်ထွက်မယ်ဆိုတာ ဖြစ်တော့။ အဲဒါကို ပါတီထဲက လူတွေက သူ့ကို တောင်းပန် ထားတာ တခါတွေ့ရတယ်” ဟု ဆိုသည်။
ဦးခွန်ထွန်းဦး နှုတ်ထွက်ရသည့် ဒုတိယအကြောင်းအရင်းမှာ ဦးခွန်ထွန်းဦးသည် အသက်အရွယ်ကြီးရင့်လာသဖြင့် ယခင် ကကဲ့သို့ စာဖတ်အားမကောင်းတော့ဘဲ လက်ရှိနိုင်ငံရေးအခင်းအကျင်းများနှင့် ပတ်သက်၍ အချိန်နှင့် တပြေးညီ သိရှိမှု အားနည်းလာခဲ့သည်။
ထိုအခါ ပါတီထိပ်တန်းခေါင်းဆောင်များသည် ဦးခွန်ထွန်းဦးထံတွင် ပါတီအရေးကိစ္စများကို တိုင်ပင်မှု နည်းပါးလာခဲ့ကြောင်း ဦးရဲထွန်းက ပြောပြသည်။
ဦးရဲထွန်းက “ပါတီအတွင်း အရေးကြီးတဲ့ကိစ္စတွေကို သူ့ကို မတိုင်ပင်ကြတော့ဘူး။ အဲဒါကလည်း ဖြစ်နိုင်ခြေတခုကတော့ သူက အသက်ကြီးလာတော့ စာတွေဘာတွေလည်း အရင်လောက် သိပ်မဖတ်နိုင်တော့ဘူးလို့ ယူဆရတယ်။ ကျနော့်အထင်ပေါ့။ ဒီ ၂ ချက်ကြောင့် နှုတ်ထွက်တာ ဖြစ်နိုင်တယ်” ဟု သုံးသပ်သည်။
ဦးရဲထွန်းပြောဆိုသည့် အကြောင်းအရင်း ၂ ချက်နှင့် ပတ်သက်၍ ဟုတ်၊ မဟုတ် ဆက်သွယ်မေးမြန်းနိုင်ရန် ဦးခွန်ထွန်းဦး ထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။
ထ့ိုပြင် ဦးခွန်ထွန်းဦး၏ မိသားစုဝင်များထံမှလည်း သီးခြားအတည်ပြုချက်ရယူနိုင်ခဲ့ခြင်း မရှိပေ။
ဦးခွန်ထွန်းဦး ပါတီဥက္ကဋ္ဌ အဖြစ်က နှုတ်ထွက်မည် ဆိုသည့် သတင်းများသည် ယခုမှသာ ပေါ်ပေါက်နေခြင်း မဟုတ်ဘဲ လွန်ခဲ့သည့် ၂ နှစ်ကလည်း ပေါ်ပေါက်ခဲ့ဖူးသည်။
၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက် BBC မြန်မာပိုင်းသတင်းဌာနတွင် ဦးခွန်ထွန်းဦး သည် SNLD ဥက္ကဋ္ဌ တာဝန်မှ အနားယူရန် SNLD ပါတီထံ အကြောင်းကြားထားကြောင်း ဖော်ပြခဲ့ဖူးသည်။
BBC မြန်မာပိုင်း၏ သတင်း၌ ဦးခွန်ထွန်းဦးသည် အသက် ၇၅ နှစ်ရှိလာပြီ ဖြစ်ပြီး ဘထွေးတော် သီပေါစော်ဘွား စဝ်ကြာဆိုင် အတွက် ဆောင်ရွက်စရာများ ရှိနေခြင်း စသည့် အခြေအနေများကြောင့် ပါတီဥက္ကဋ္ဌ တာဝန်မှ အနားယူရန် အကြောင်းကြားခြင်း ဖြစ်သည်ဟုလည်း ဆိုထားသည်။
သို့သော် ထိုစဉ်ကလည်း ဦးခွန်ထွန်းဦးနှုတ်ထွက်မည့် ကိစ္စကို SNLD ပါတီဘက်က အတည်မပြုခဲ့ပေ။
ယခုအခါ ပါတီ ဒုဥက္ကဋ္ဌ ဖြစ်နေပြီး ထိုစဉ်က SNLD ပါတီ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးစိုင်းညွန့်လွင်က “အဲဒီ သတင်းက ထွက်နေတာ ကြာပါပြီ။ ဘာမှ အရေးမကြီးပါဘူး။ ကျနော်တို့နဲ့ ရှိနေတာပါ။ သူက နဂိုတည်းက ရှိနေတာ သူ့နေရာ ဒီအတိုင်းပဲလေ”ဟု ဧရာဝတီသို့ ပြောဆိုဖူးသည်။
ယခုတခါ နှုတ်ထွက်သည် ဆိုသည့် ကိစ္စနှင့် ပတ်သက်၍မူ SNLD ပါတီဘက်က ပါတီဥက္ကဋ္ဌ နှုတ်ထွက်ခြင်းကိစ္စသည် ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီနှင့် ပါတီ ဗဟိုကော်မတီတို့ထံ ဆွေးနွေးဆုံးဖြတ်ပြီးမှသာ တရားဝင်မည် ဖြစ်ကြောင်း ပြောဆိုသည်။
ထို့ကြောင့် သတင်းစာမှ တဆင့် ပါတီဥက္ကဋ္ဌ အဖြစ်က နှုတ်ထွက်သည်ဟု ကြေညာခြင်းသည် အတည်ယူ၍ မရ သေးကြောင်း SNLD တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ပြောသည်။
၎င်းက “လက်ရှိအချိန်အထိ သူက ကျနော်တို့ ဥက္ကဋ္ဌပဲ” ဟု ဆိုသည်။
မည်သို့ပင်ဖြစ်စေ ဦးခွန်ထွန်းဦး နှုတ်ထွက်မည်ဟု ကြေညာခြင်းကြောင့် ရွေးကောက်ပွဲ အနိုင်ရရေး ကြိုးပမ်းနေသည့် SNLD အတွက် သက်ရောက်မှု တစုံတရာ ရှိလာမည်ဖြစ်သည်။
သို့ဖြစ်ရာ မည်သည့် သက်ရောက်မှုများ ဖြစ်နိုင်သည်ကို SNLD တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့် ထံ ဧရာဝတီက မေးမြန်းကြည့်သည့်အခါ ၎င်းက “ကြီးကြီးမားမား သက်ရောက်မှုတော့ မရှိပါဘူး။ ဥက္ကဋ္ဌကို ဥက္ကဋ္ဌအဖြစ်ပဲ ခံယူထားတယ် လေ။ တချို့ ပါတီဝင်တွေကတော့ နဲနဲပါးပါးတော့ စိတ်ပိုင်းဆိုင်ရာမှာ အားငယ်တာတော့ ရှိကောင်းရှိမှာပေါ့။ ဒါပေမယ့် သူတို့ ကျော်လွှားနိုင်ပါတယ်” ဟုပြောဆိုသည်။
ဦးခွန်ထွန်းဦးသည် ရှမ်းပြည်နယ် သီပေါမြို့နယ်တွင် ၁၉၄၃ စက်တင်ဘာလ၌ မွေးဖွားခဲ့ပြီး လက်ရှိတွင် အသက် ၇၇ နှစ်ရှိနေပြီဖြစ်သည်။
၎င်းသည် ၁၉၈၈ အရေးတော်ပုံကာလ နောက်ပိုင်းတွင် SNLD ကို ခေါင်းဆောင်ထူထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့သည်။ ထို့နောက် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် တဦးအဖြစ် ရွေးချယ်ခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) တွင် ပါဝင်ခဲ့ပြီး ၂၀၀၅ ခုနှစ် တွင် နိုင်ငံတော် ပုန်ကန်မှု(သစ္စာဖောက်မှု)ဖြင့် ထောင်ဒဏ် အနှစ် ၉၀ ကျော်ကျခံခဲ့ရာမှ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်လာသူလည်း ဖြစ်သည်။
You may also like these stories:
SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ရာထူးက နှုတ်ထွက်မှုအပေါ် သူတို့အမြင်
ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အနားယူမည့် သတင်း SNLD အတည်ပြုခြင်း မရှိ
ပစ်မှတ်ထားခံလာရတဲ့ ရှမ်းနိုင်ငံရေး