ကိုဗစ်ရောဂါ ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများကို ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနှင့် ရန်ကုန် ပြည် သူ့ ဆေးရုံကြီးတို့တွင် သီးခြားထားရှိ ကုသမည်ဖြစ်ရာ အထူးကြပ်မတ်ကုသဌာနနှင့် အခြား လိုအပ်သည်များကို အမြန်ဆုံး ဖြည့်ဆည်း ပြင်ဆင်ဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က စက်တင်ဘာ ၂၉ ရက်နေ့ ညပိုင်း က သတင်း ထုတ်ပြန်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “ကျန်းမာရေးဝန်ထမ်းတွေ နေကောင်းကျန်းမာမှ၊ သူတို့တွေ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာမှ ပြည်သူတွေကို ကျန်းမာ ရေး စောင့်ရှောက်မှု မြန်မြန်ဆန်ဆန် ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေကို ပိုပြီး စနစ်တကျ၊ တနေရာတည်း စုစု စည်းစည်း ကုသပေးခြင်းအားဖြင့် စီမံခန့်ခွဲရေး ကိစ္စရပ်တွေ၊ အုပ်ချုပ်မှု ကိစ္စရပ်တွေ၊ ထောက်ပံ့ပို့ဆောင်ရေး ကိစ္စရပ်တွေ အဆင်ပြေမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဆရာဝန်များ၊၊ သူနာပြုများနှင့် အထောက်အကူပြု ဝန်ထမ်းများသာမက အခြားကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ အဆင့်ဆင့် မည်သူမဆို ကိုဗစ်ကူးစက်ခံရလျှင် အဆိုပါ နေရာနှစ်ခုတွင် သီးခြားထားရှိ ကုသမည်ဖြစ်ကြောင်း၊ လတ်တ လောတွင် ကျန်းမာရေးဝန်ထမ်း ၁၀၀ ကျော် ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာ ဆိုးဝါးပြင်းထန်သူ မရှိဘဲ သာမန်နှင့် အသင့်အတင့် လက္ခဏာ ပြသူများသာရှိကြောင်း ဒေါက်တာခင်ခင်ကြီးက ရှင်းပြသည်။
ယခုလက်ရှိတွင် ကိုဗစ်ကူးစက်ခံထားရသည့် ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံ၊ မြောက်ဥက္က လာပဆေးရုံ၊ အင်းစိန် အထွေထွေရောဂါကုဆေးရုံ ၊ သင်္ဃန်းကျွန်းစံပြ ဆေးရုံ၊ ဝေဘာဂီဆေးရုံ၊ ဖောင်ကြီး၊ တောင်ဥက္က လာပ ဆေးရုံတို့တွင် ကုသမှုခံယူလျက် ရှိကြောင်း သိရသည်။
မတ်လ၂၃ ရက်မှ စက်တင်ဘာလ ၂၉ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၂,၄၂၇ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၂၈၄ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၃,၃၉၁ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ရန်ကုန်မြို့တွင် ကိုဗစ်လူနာထားရန် ယာယီ ဆေးရုံများ ထပ်မံ တည်ဆောက်
ကိုဗစ်-၁၉ ကူးစက်မှု ၁ သောင်းကျော်လာပြီး ကျန်းမာရေးဝန်ထမ်းများ မဲဆွယ်ပွဲများကို သတိပေး
ကမ္ဘာတဝှမ်း COVID-19 ကြောင့် သေဆုံးသူ ၁ သန်းကျော်ပြီ