ပြည်တွင်းပြည်ပ ပြေးဆွဲနေသော လေကြောင်းလိုင်းတခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAI ကို အစိုးရက ချေးငွေထုတ်ချေးပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAI ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက စီးပွားရေး ချေးငွေ (Commercial Loan) အစီအစဉ်ဖြင့် ထုတ်ချေးသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့် က ဧရာဝတီသို့ ပြောသည်။
၎င်းက “MAI အတွက်ကို ဘဏ်ချေးငွေပုံစံမျိုးနဲ့ စီမံဘဏ္ဍာဘက်က သီးခြားစဉ်းစားနေတာ ဖြစ်ပါတယ်။ ကိုဗစ်ကုစားရေး ချေးငွေထဲကနေ ထုတ်ချေးမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
ထိုချေးငွေကို အသုံးချမည့် ပုံစံများနှင့် ပြန်ဆပ်မည့် ပုံစံစသည့် ချေးငွေဆိုင်ရာအချက်အလက်များကို စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း MAI တို့ ဆွေးနွေးညှိနှိုင်း သွားရမည်ဖြစ်ကြောင်း ဦးဝင်းခန့်က ရှင်းပြသည်။
လက်ရှိအချိန်တွင် လေကြောင်းလိုင်းများသည် လုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်းထားနေရသော်လည်း လေယာဉ်ငှားရမ်းခ များနှင့် ဝန်ထမ်းလစာစသည့် ကုန်ကျစရိတ်များရှိနေ၍ အစိုးရထံသို့ ချေးငွေ တင်ပြတောင်းခံရခြင်းဖြစ်ကြောင်း MAI လေကြောင်းလိုင်း၏ အထွေထွေမန်နေဂျာ ဦးတင်မောင်သန်းက ပြောသည်။
၎င်းက“ ဒီကိုဗစ်ကာလမှာက ဝန်ထမ်းလစာပေးဖို့နဲ့ လေယာဉ်ငှားခတွေက ရပ်ထားလည်း အကြွေးတွေပေး နေရတယ် လေ။ အဓိကက ဝန်ထမ်းတွေရဲ့ လစာပေးဖို့အတွက်ချေးတာပါ ကျနော်တို့မှာက ဝန်ထမ်းက ၂ထောင် လောက်ရှိနေတာ ” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးစတင်တွေ့ရှိသော ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှ စတင်ကာ နိုင်ငံတကာလေကြောင်းလိုင်း များကို ဆင်းသက်ခွင့် ရပ်နားထားခဲ့သလို ပြည်တွင်းလေကြောင်းလိုင်းများကလည်း နိုင်ငံတကာခရီးစဉ်များပြေးဆွဲမှုကို ရပ်နားထားခဲ့ရပြီး ကူညီကယ်ဆယ်ရေးခရီးစဉ်များကိုသာ ပြေးဆွဲနေလျက်ရှိသည်။
ယင်းအပြင် မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ဒုတိယလှိုင်း ဖြစ်ပေါ်ခဲ့သည့် စက်တင်ဘာလလယ်ပိုင်းမှ စတင်ကာ ပြည်တွင်း ခရီးစဉ်များ ပြေးဆွဲမှုကိုလည်း လက်ရှိအချိန်အထိ ရပ်နားထားလျက်ရှိသည်။
MAI လေကြောင်းလိုင်း၏ လုပ်ငန်းတူ ပြည်တွင်းခရီးစဉ်များပြေးဆွဲသော Air KBZ လေကြောင်းလိုင်းသည် ရခိုင်ပြည်နယ် အတွင်း လိုအပ်နေသည့် ဆေးဝါးနှင့် Swab Test Sample များ သယ်ယူပို့ဆောင်ရေးများနှင့် ကျန်းမာရေးဆိုင်ရာ အကူ အညီလိုအပ်ချက်များအတွက် ကူညီလုပ်ဆောင်ပေးလျက်ရှိသည်။
အလားတူ MAI လေကြောင်းလိုင်းသည် ကိုဗစ် ၁၉ ရောဂါကြောင့် အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများတွင် ပိတ်မိ နေသော မြန်မာနိုင်ငံသားများကို ထိုင်း၊ စင်ကာပူ၊ အိန္ဒိယနှင့် ကိုရီးယားနိုင်ငံများကို ဆုံရပ် နိုင်ငံများအဖြစ် သတ်မှတ်ပြီး ကူညီကယ်ဆယ်ရေး ခရီးစဉ်များဖြင့် ပြန်လည် ခေါ်ယူပေးလျက် ရှိသည်။
လက်ရှိ ယင်းလေကြောင်းလိုင်းများကို ပိုင်ဆိုင်သည့် ကမ္ဘောဇလုပ်ငန်းစုသည် အစိုးရ၏ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ် ကာကွယ်ရေး အထောက်အကူဖြစ်စေရန် ပိုးတွေ့လူနာများ တက်ရောက်ကုသနိုင်မည့် အင်းယားစင်တာ၊ အစိုးရဆေးရုံများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် PPE ဝတ်စုံနှင့် ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အပါအဝင် အစိုးရ၏ ကိုဗစ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအတွက် ငွေကျပ် ၈ဘီလီယံ နီးပါး လှူဒါန်းမှုများ ပြုလုပ်ပေး လျှက်ရှိသည်။
MAI လေကြောင်းလိုင်းအနေဖြင့် အစိုးရထံသို့ ချေးငွေပမာဏ အမေရိကန်ဒေါ်လာ သန်း ၂၀ ဝန်းကျင် လျှောက်တင်ထားပြီး Airbus လေယာဉ်အမျိုးအစား ၈ စီး ဖြင့် လေကြောင်းလိုင်းဝန်ဆောင်မှုများ လုပ် ဆောင်လျက်ရှိသည်။
လတ်တလောတွင် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနက မြန်မာအမျိုးသားလေကြောင်း MNA ကို လေယာဉ်ငှားရမ်းခများ၊ ဝန်ထမ်းလစာ နှင့် အခြားကုန်စရိတ်များ သုံးစွဲနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၂၄ သန်း ထုတ်ချေးပေးထားလျက်ရှိသည်။
You may also like these stories:
ချေးငွေ အတိုး အရင်းများကို အတင်းအကြပ် ကောက်ခံပါက လိုင်စင်ပိတ်မည်
ပညာရေးမှာ ကမော္ဘဇဘဏ်ရဲ့ ရင်းနှီးမြှုပ်နှံမှု
ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး မည်မျှထိခိုက်သည်ကို ကမ္ဘာ့ဘဏ် အစီရင်ခံ