စစ်တပ်က အာဏာသိမ်းထားသည့် နှစ်လအတွင်း စစ်သားနှင့်ရဲများ၏ အကြမ်းဖက် ပစ်ခတ်မှုများကြောင့် ကလေး ၄၃ ဦးထက်မနည်း သေဆုံးခဲ့ပြီဖြစ်ကြောင်း Save The Children က ယနေ့ သတင်းထုတ်ပြန်သည်။
သေဆုံးခဲ့သူများအနက် အသက်အငယ်ဆုံးမှာ ၇ နှစ်အရွယ် မိန်းကလေးငယ် တဦးဖြစ်ပြီး ကလေးများ သေဆုံးရမှုသည် ပြီးခဲ့သည့် ၁၂ ရက်အတွင်း နှစ်ဆမြင့်တက်ခဲ့ကာ လက်နက်ကိုင် အင်အားစုများ အနေဖြင့် ကလေးငယ်များ၏ အသက် အား လုံးဝ လေးစားမှုမရှိကြောင်း ပြသနေသည်ဟုလည်း ထုတ်ပြန်ပြောဆိုထားသည်။
“ကလေးသူငယ်များအား အန္တရာယ်ကျရောက်မှုမှ အကာအကွယ်ပေးရန် ထပ်ခါတလဲလဲ တောင်းဆိုမှုများ ပြုလုပ်နေသော် လည်း ကလေးများသည် အသက်သေစေနိုင်လောက်သော ပစ်ခတ်မှုများ၏ ပစ်မှတ်များတွင် ဆက်လက်ရှိနေသည် ကို ကျွန်ုပ်တို့ ထိတ်လန့်တုန်လှုပ်မိသည်။ အထူးသဖြင့် အဆိုပါ ကလေးများသည် ၎င်းတို့အတွက် အန္တရာယ် မကျရောက် သင့်သော နေရာဖြစ်သည့် နေအိမ်တွင်ရှိနေစဉ်ပင် ပစ်ခတ်ခံရခြင်းမှာ ထိတ်လန့်ကြောက်ရွံ့ဖွယ်ဖြစ်သည်” ဟု ၎င်းတို့က ဆိုသည်။
စစ်အာဏာသိမ်းမှုအား ဆန့်ကျင် ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများအား စစ်ကောင်စီတပ်များက အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းလျက်ရှိရာတွင် မတ် ၃၁ ရက်နေ့အထိ ပြည်သူ ၅၃၆ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ထားသည်။
ထိုအထဲတွင် အသက်မပြည့်ဘဲ သေဆုံးခဲ့သည့် ကလေးငယ်များလည်း အပါအဝင် ဖြစ်သည်။
ယင်းသို့ အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်ပစ်ခတ်မှုများ ဆက်လက် ပြုလုပ်နေမှု ကြောင့် ကြောက်ရွံ့ထိတ်လန့်မှုများ၊ စိတ်ဖိစီးမှုနှင့် ဝမ်းနည်းမှုများသည် မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ကလေး သူငယ်များ၏ စိတ်ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်စေသည်ဟုလည်း Save the Children က ဆိုသည်။
၎င်းတို့က “ကလေးများသည် အကြမ်းဖက်များမှုနှင့် ထိတ်လန့်ဖွယ်ဖြစ်ရပ်များကို မျက်မြင်ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံ သည် ကလေးများအတွက် ဘေးကင်းလုံခြုံသောနေရာ မဟုတ်တော့ကြောင်း သိသာထင်ရှားနေသည်” ဟု ပြောထား သည်။
ထို့ပြင် အာဏာသိမ်းမှု နောက်ပိုင်း အကြမ်းဖက်မှုများကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိသည့် အရေအတွက်အား မသိရသေးသော်လည်း သိသာထင်ရှားသည့် ပမာဏ ဖြစ်ဖွယ်ရှိနေပြီး ပြီးခဲ့သည့် မတ် ၂၇ ရက် တရက်တည်း၌ပင် မရမ်း ကုန်းမြို့နယ်အတွင်းမှ အသက် ၁ နှစ်အရွယ် ကလေးတဦး၏ မျက်လုံးအား ရာဘာကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။
မြန်မာနိုင်ငံရှိ ကလေးငယ်များအား ကာကွယ်နိုင်မည့် တခုတည်းသော နည်းလမ်းမှာ သေစေနိုင်လောက်သည့် အကြမ်း ဖက်မှုများ အားလုံး လုံဝ ရပ်တန့်လိုက်ခြင်းပင်ဖြစ်ပြီး ဆန္ဒပြသူများအပေါ် သေစေနိုင်လောက်သည့် တိုက်ခိုက်မှုများ ပြု လုပ်နေခြင်းအား ချက်ချင်းရပ်တန့်ရန်လည်း Save the Children က ထပ်မံ တောင်းဆိုထားသည်။