ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်တွင် ဒေသကာကွယ်ရေး ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မေလ ၃၁ ရက်က တိုက်ပွဲဖြစ်ပွားပြီး သေဆုံးခဲ့သည့် စစ်သားအလောင်းများကို စစ်တပ်က ပြန်လည်ကောက်ယူခြင်း မရှိဘဲ စွန့်ပစ်ထားခဲ့မှုသည် စစ်တပ်၏ ၎င်းတပ်ဖွဲ့ဝင်များအပေါ် လက်ရှိသဘောထားကို ထင်ဟပ်နေခြင်းလော။
“အခုလိုမျိုး အလောင်း မကောက်နိုင်တဲ့အထိ ဖြစ်တာဟာ တပ်တွင်း မညီညွှတ်မှုကို ပြတယ်။ စစ်ခေါင်း ဆောင်တွေအနေနဲ့ အောက်ခြေ ရဲဘော်တွေကို လုံးဝ မကြည့်ရှု့တော့တဲ့ အနေအထားပေါ့နော်။ လုံးဝကို ပစ်လိုက်တဲ့ အနေအထားတခုကို ရောက်သွားတယ်လို့ ထင်တယ်”ဟု စစ်တက္ကသိုလ် အပတ်စဉ် ၅၄ မှ CDM ပြုလုပ်လာသူ ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။
စစ်ရေးသုံးသပ်ချက်များကို ၎င်း၏ ကိုယ်ပိုင် ဖေ့ဘွတ်စာမျက်နှာတွင် ပုံမှန်ရေးသားနေသူ စာရေးဆရာ ငြိမ်းအေးအိမ်ကလည်း “တိုက်ပွဲတပွဲမှာ ဆုတ်ရပြီဟေ့ဆို လက်နက်နဲ့ ကိုယ့်ရဲဘော် (ဒဏ်ရာဖြစ်ဖြစ် ကျဆုံးဖြစ်ဖြစ်)ကို တက်ဆွဲ ပြန်ယူဖို့က ကျန်သူတွေအတွက် အဓိက အလုပ်ပဲ။ ဘယ်လိုမှ ပြန်ဆွဲလို့ မရလောက်အောင် အကြီးအကျယ်ရှုံးနေခဲ့တဲ့ ပွဲတွေမျိုးလည်း အများကြီး ရှိပါတယ်။ ဒီအခါမျိုးမှာတော့ လက်နက်လည်းဆုံး အလောင်းလည်းဆုံးပေါ့။ ခုအခြေနေက လေယာဉ်ပစ်ကူ၊ လက်နက်ကြီးပစ်ကူအပါ လူသူလက်နက်၊ ယန္တရားအင်အား အဆမတန်သာနေတဲ့ တပ်က ကိုယ့်ရဲဘော် အလောင်းတောင် ကိုယ် ပစ်ထားရလောက်တဲ့အထိ အခြေအနေမျိုးဆိုတာကို စဉ်းစားလို့ မပေါက်တော့ဘူး။ ဒီအခြေအနေကို ပေါ်လွင်အောင် ခြုံငုံပြောရမယ်ဆိုရင်တော့ ‘တပ်ပျက်နေပြီ’ လို့များ တခွန်းတည်း ပြောရမလားပဲ။ တော်တော်ဆိုးဆိုးပါပဲ” ဟု ရေးသည်။
အခြားစစ်ရေး လေ့လာသူများကမူ မိမိ တိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဘက်၏ အလောင်းကိုပင် မကောက်ယူနိုင်တော့ဘဲ ပစ်ထားခဲ့ရခြင်းနှင့် ယှဉ်ပြိုင်ဘက် တူမီးသေနတ်ကိုပင် မယှဉ်နိုင်ဘဲ စစ်ပွဲတိုင်းတွင် အကျအဆုံး များနေသည့် မြန်မာစစ်တပ်သည် စစ်အာဏာသိမ်းပြီးနောက် လူထုထောက်ခံမှု မရှိသဖြင့် စိတ်ဓါတ်ကျဆင်းသွားရခြင်း၏ အကျိုးဆက်ဟု ဆိုသည်။
စစ်တပ်က ဒီမော့ဆိုတွင် အလောင်းလာမကောက်ခြင်းမှာ အလောင်းသွားကောက်ရန် ကြောက်ရွံ့ စိတ် ဖြစ်ပေါ်နေပြီး အလောင်းကောက်ပါက တဖက်က ပစ်ခတ်လိမ့်မည်ဟု ထင်မြင်နေခြင်း ဖြစ်ကြောင်း ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။
“တဖက်က တိုက်ပွဲတွေကို စစ်ပွဲ ဥပဒေအတိုင်းပဲ တိုက်နေတာ။ စစ်ပွဲ ဥပဒေသအတိုင်း မတိုက်တာက တပ်မတော်ဘက်က မတိုက်တာ။ အဲလို မတိုက်လို့ ကျရှုံးတယ်။ ကျရှုံးတဲ့အချိန်မှာ သူတို့ အလောင်းကောက်တဲ့အချိန်မှာ တိုက်ခိုက်မှုများ လုပ်မလားဆိုပြီး မကောက်ဘူး။ အမှန် တဖက်က အဲလို မလုပ်ဘူး”ဟု ၎င်းက ပြောသည်။
တိုက်ပွဲတွင် ကျဆုံးခဲ့သည့် စစ်သားများ၏ အလောင်းကို ပြန်လာကောက်နိုင်ရန် ကရင်နီ ပြည်သူ့ ကာကွယ်ရေးတပ်များ ဘက်က ယင်းနေရာမှ နောက်ဆုတ်ပေးခဲ့ပြီး အချိန်တရက်ပေးခဲ့ကြောင်း၊ သို့သော် အလောင်းလာမကောက်သဖြင့် ၎င်းတို့ကိုယ်တိုင် ဇွန်လ ၂ ရက်နေ့တွင် မီးရှို့ ပေးခဲ့ကြောင်း PDF အဖွဲ့ မှ ခေါင်းဆောင်တဦးက ပြောသည်။
“အလောင်းကတော့ အတိအကျ မပြောချင်ဘူး။ ၁၀ လောင်း အထက်မှာ ရှိတယ်။ မီးရှို့ ပေးလိုက်ရတာက လူမြင်ကွင်းကြီး မှာလည်း ဖြစ်တယ်။ ပြီးတော့ သူတို့လည်း လူသားပဲ ဆိုပြီးတော့ ရေတို ဖြေရှင်းတဲ့ နည်းနဲ့ပဲ အမြန် မီးသဂြိုတ်ပေး လိုက်တယ်”ဟု ၎င်းက ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ဘက်က တိုက်ပွဲကျရင် သေချာ သဂြိုလ်ပေးတယ်။ လူမကျန်အောင်လည်း ရအောင်ဆွဲတယ်။ သူတို့က ကျသွားတဲ့ ရဲဘော်ကို အလေးမထားတာလည်း တန်ဖိုး မထားတာလည်း ဖြစ်နိုင်တယ်။ အောက်ခြေက စစ်သား ရဲဘော်တွေကို သူတို့ အလေးမထားဘူး”ဟု ပြောသည်။
ယခုလို စစ်တပ်က မေလ ၃၁ ရက်နေ့တွင် ကျဆုံးသွားခဲ့သည့် မိမိ၏ ရဲဘော်များကို အလောင်းမကောက်သော်လည်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နောက်တရက် ဇွန်လ ၁ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တွင် ပြုလုပ်သည့် တံတားဖွင့်ပွဲတခုကို တက်ရောက်ခဲ့ခြင်းမှာ ဝေဖန်စရာတခု ဖြစ်စေခဲ့သည်။
ရှေ့တန်းရောက် စစ်သားများသည် အင်တာနက် မရသော်လည်း ည ၈ နာရီထိုးလျှင် မြန်မာ့အသံ အစီအစဉ်ကို တရုတ် ရေဒီယိုလေးများဖြင့် နားထောင်လေ့ ရှိသဖြင့် ၎င်းတို့ ရှေ့တန်းတွင် အသက်ပေးတိုက်နေချိန် ၎င်းတို့၏ စစ်ခေါင်းဆောင်မှာ တံတားဖွင့်ပွဲတက်နေသည်ကို သိရှိရပါက စိတ်ကောင်းလိမ့်မည် မဟုတ်ကြောင်း တပ်မတော် အရာရှိတချို့က ပြောသည်။
ဗိုလ်ကြီး လင်းထက်အောင်က “ဒီလိုတွေကြောင့် အောက်ခြေက ရဲဘော်တွေလည်း တော်တော်စိတ်ဓာတ်ကျနေပြီ။ တိုက်ပွဲတပွဲကို ကြံကြံခံပြီး တိုက်နိုင်တဲ့ စိတ်ဓါတ်မျိုး မရှိတော့ဘူး။ အလျော့ပေးမယ်။ အသေခံလိုက်မယ်ဆိုပြီး ဖြစ်သွားပြီ။ အဲဒါကြောင့် တူမီးနဲ့ ပစ်ခတ်တာကို အသေခံနေရတာ”ဟု ပြောသည်။
မိမိ၏ ရဲဘော်ရဲဘက်၏ အလောင်း မဆိုထားနှင့် စစ်တပ်တွင် “တပ်ဆောင်ငွေ”ဆိုသော ခေါင်းစဉ်ဖြင့် ရန်သူ့အလောင်းကိုပင် သဂြိုလ်ပေးရန် စရိတ်ခွင့်ပြုထားကြောင်း၊ စခန်းသိမ်းတိုက်ပွဲကြောင့် ဆုတ်ခဲ့ရခြင်းမျိုး မဟုတ်သဖြင့် အလောင်းပြန်ကောက်ရန် ကြိုးစားခဲ့သင့်ကြောင်း တပ်မတော် အရာရှိဟောင်းများက ပြောသည်။
“ကိုယ့်ရဲဘော်ရဲဘက်တွေ ဒီလို ကျဆုံးသွားရင် ကောင်းမွန်စွာ သဂြိုလ်ဖို့ ဆိုတာက စနစ်လည်း ရှိပြီးသား။ လုပ်ထုံး လုပ်နည်းလည်း ရှိပြီးသား။ အမိန့်စာပြန်ရတယ်။ သေနတ် မြေစိုက်ပြီးတော့မှ အလေးပြုရတယ်။ ဒီလိုမျိုး လုပ်ရတာ”ဟု အမည် မဖော်လိုသည့် တပ်မတော် အရာရှိဟောင်းတဦးက ပြောသည်။
၎င်းတို့ တပ်မတော်တွင် ရှိခဲ့သည့် ကာလက တိုက်ပွဲပြင်းထန်သည့် ပစ်ခတ်မှုများကြားတွင် မိမိစစ်သည်များ ကျဆုံးပါက အလောင်းကို သက်စွန့်ဆံဖြား တက်ကောက်ပြီး ရအောင် ဆွဲယူကြလေ့ရှိပြီး နိုင်ငံတော်အလံပတ်၍ သဂြိုလ်ပေးရပြီး တပ်ခွဲမှူး၊ တပ်ရင်းမှူးကိုယ်တိုင် လက်တင် အလေးပြုရကြောင်း ဆိုသည်။
“ဘယ်လိုမှ မတတ်သာမှ ရန်သူ့လက် အပါမခံဘဲ အခြေအနေပေးတဲ့နေရာမှာ မြုပ်ထားခဲ့ရတာ။ အခုကိစ္စကတော့ အထက်က ညွှန်ကြားတဲ့ မူဝါဒတော့ မဖြစ်နိုင်ဘူး။ အဲဒီမှာ မြေပြင်မှာ ရှိတဲ့ တပ်မှူးရဲ့ အဆုံးအဖြတ်၊ တနည်းအားဖြင့် သူ့ရဲ့ပျက်ကွက်မှုလို့ပဲ ပြောချင်တယ်။ မူဝါဒအရ ရန်သူ့အလောင်းတောင် မြေမြုပ်ပေးရမယ်ဆိုတာ ရှိပြီးသားပါ”ဟု ယင်းတပ်မတော် အရာရှိက ပြောသည်။
၎င်းတို့ ပါဝင်တိုက်ခိုက်ခဲ့သည့် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ် လောက်ကိုင် တိုက်ပွဲများတွင်လည်း စစ်တပ်မှ အကျအဆုံးများ ရှိခဲ့ကြောင်း၊ သို့သော် အလောင်းများကို နောက်တန်းသို့ ရအောင် ပြန်သယ်ပြီး လားရှိုးမြို့ မြို့ ရှောင်လမ်း၏ ဘေးတွင် စစ်သချိုင်း ပုံစံ ပြုလုပ်ပြီး အုတ်ဂူ ၂၀၀ ကျော် တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။
၁၉၈၈ ခုနှစ် မတိုင်ခင်က စစ်တပ်သည် ပြည်သူလူထု၏ ထောက်ခံအားပေးမှု ရရှိသဖြင့် စီစီဝမ်တာပန်၊ ကြူကုတ်-ပန်ဆိုင်း ကဲ့သို့သော် စစ်ပွဲကြီးများကို ရှမ်းမြောက်ဒေသတွင် အနိုင်ရအောင် တိုက်နိုင်ခဲ့ကြောင်း၊ ထိုစဉ်က အနုပညာရှင်များကိုယ်တိုင် စစ်ရှေ့တန်းစခန်းများအထိ လာရောက်ပြီး အနုပညာဖြင့် ဖျော်ဖြေပေးခဲ့ဖူးကြောင်း တပ်မတော်အရာရှိဟောင်းတဦးက ပြောသည်။
“အဲဒီကာလမှာ ရှေ့တန်းပြန်ရင် မြို့ ခံတွေက ကြိုဆိုတာတို့ ရှေ့တန်းကြုံရင်လည်း နောက်ကနေ ပစ္စည်းတွေ ထည့်ပေးတာတို့ လုပ်ပေးတယ်။ မြင်းခြံတို့ ဘာတို့ဘက်က တပ်တွေဆိုရင် ဆေးလိပ်ခုံတွေကနေပြီးတော့ လကုန်တဲ့အခါ ထည့်ပေးရင်း စာတိုလေးတွေ ပေးတယ်။ ဦးတို့က ရှေ့တန်းမှာ တိုက်လေလေ၊ သားတို့က ပညာကို ကြိုးစားပြီး သင်ယူလေလေ ဆိုတာမျိုးလေးတွေ ပါတယ်”ဟု တပ်မတော် အရာရှိဟောင်းတဦးက ပြောပြသည်။
စစ်တပ်တွင် စစ်အောင်ရခြင်း အကြောင်းရင်း ၁၂ ချက် ပြဌာန်းထားရာ နံပါတ် ၁၂ သည် ပြည်သူလူထု၏ အားပေး ကူညီ ထောက်ခံခြင်း ဖြစ်ကြောင်း၊ ပြည်သူ၏ အားပေးထောက်ခံမှသာ စစ်အောင်နိုင်လေ့ရှိကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။
ယခုမူ ရှေ့တန်းတွင် စစ်သားများ ကျဆုံးသည့် သတင်းများ ဖေ့ဘွတ်လူမှုကွန်ရက်တွင် တက်လာလျှင် ပျော်ရွှင်ဝမ်းသာကြကြောင်း ရေးသားချက်များက အများစု ဖြစ်နေလေပြီ။
ကျဆုံး စစ်သားဦးရေ မည်မျှရှိကြောင်း မြန်မာစစ်တပ်က မည်သည့်အချိန်မျှ ထုတ်ပြန်ကြေညာခြင်း မရှိပါ။ ယင်းသည် တိုက်ပွဲကျ စစ်သည်တဦးချင်းစီ၏ အသက်စွန့်လွှတ် တိုက်ပွဲဝင်ခဲ့မှုကို အလေးအနက် မထား၊ မှတ်တမ်းမတင်ကြောင်း ထင်ရှားစေသည်။
လက်ရှိတွင် စစ်အာဏာသိမ်းမှုကို လက်မခံဘဲ တနိုင်ငံလုံးရှိ ပြည်သူများက ခုခံကာကွယ်ရေး စစ်ပွဲဆင်နွဲနေသဖြင့် စစ်တပ်မှာ တောရောမြို့ပါ မကျန် စစ်ထွက်တိုက်နေရပြီး အကျအဆုံးလည်း အများဆုံး အချိန်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ တောရော မြို့ ပါ စစ်တပ်မှာ အဝိုင်းခံထားရသည့် အခြေအနေဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
“သူ့ရဲ့ တပ်အင်အားတွေ တပ်မတွေ နယ်ခံတပ်တွေ အားလုံးဟာ ပြဿနာမျိုးစုံ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ သူတို့မှာလည်း အလောင်းကောက်ယူဖို့လည်း မတတ်နိုင်ဘူး။ အဲဒါတွေကို ကောင်းမွန်စွာ မြေမြုပ်ပေးဖို့လည်း မတတ်နိုင်တဲ့ အခြေ အနေနဲ့ စစ်ကောင်စီဟာ အကြပ်စိုက်နေတာပဲ။ ဒီလို အခြေအနေမှာ အလောင်းမကောက်နိုင်တဲ့ အနေအထားကတော့ သိပ်ပြီးတော့ မဆန်းဘူး”ဟု ၎င်းက ပြောသည်။
ကမာ္ဘ့ စစ်အင်အား တွက်ချက်မှုတွင် စစ်အင်အား အင်္ဂါစဉ် စာရင်း၌ အဆင့် ၃၇ ရှိသည့် အင်အား ၄ သိန်းကျော် ရှိ မြန်မာစစ်တပ်သည် ပြည်သူလူထု၏ ထောက်ခံမှုကို မရတော့ဘဲ နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင် တိုက်ခိုက်ခံရသည့်အခါ စစ်တပ်က အာဏာသိမ်းသည့်နေရာမှ စ၍ ယခုအချိန်အထိ သေဆုံး စစ်သားပေါင်း ၄၀၀ ထက် မနည်း ရှိနေပြီ ဖြစ်သည်။
ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် တိုက်ပွဲများတွင် စစ်တပ်က ကျဆုံးသူ အများဆုံး ရှိခဲ့ပြီး KNU နှင့် တိုက်ပွဲများတွင် ဒုတိယ အများဆုံး ဖြစ်ကြောင်း၊ တခြား ကျဆုံးမှုများသည့် နေရာများမှာ ကယားပြည်နယ်နှင့် ရှမ်းတောင်ပိုင်းတို့တွင် ဒေသခံ ကာကွယ်ရေး တပ်များနှင့် တိုက်ပွဲများတွင် ဖြစ်သည်။
ထို့ပြင် ချင်းပြည်နယ် မင်းတပ်နှင့် ဟားခါးဒေသ၊ စစ်ကိုင်းတိုင်း၊ ကလေးနှင့် တမူးဒေသ၊ ကနီ၊ ယင်းမာပင်ဒေသတို့တွင်လည်း တိုက်ပွဲများတွင်သာမက လက်လုပ်မိုင်းဖြင့် အတိုက်ခံရခြင်း၊ ကားမိုင်းမှာ အဆွဲခံရခြင်းတို့ကြောင့် စစ်တပ်မှ စစ်သားနှင့် ရဲများပါ ကျဆုံးလျက် ရှိသည်။
“တပ်မတော်ကြီးဟာလည်း အခုလို သန်းပေါင်းများစွာသော ပြည်သူလူထုရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့အခါ ဒီလို ပြဿနာ မျိုးတွေ ကြုံနေရတာပဲ။ ကြုံရဦးမှာပဲ။ ရှေ့ဆက်ပြီးလည်း ကြုံရဦးမယ်လို့ ကျနော် ရဲရဲကြီး ပြောရဲပါတယ်”ဟု နိုင်ငံရေး လေ့ လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောဆိုခဲ့သည်။
You may also like these stories:
သဲအိတ်နှင့် သံဇကာများ နောက်ကွယ်ရောက် စစ်ကောင်စီတပ်များ
စစ်တပ် လူသစ် စုဆောင်းရေး ပိုခက်ခဲလာနေ
ဗိုလ်ချုပ်မှူးကြီး၏ သမ္မတအိပ်မက်က အဖြစ်ဆိုးများသာ သယ်ဆောင်လာသည်