ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် နိုင်ငံတဝှမ်းလုံး ငြိမ်းချမ်းစေရန် ဆုတောင်းပေးခဲ့သည့် ခရစ်ယာန် အသင်းတော်များမှ သိက္ခာတော်ရဆရာတော်ကြီး ၃ ပါး အများပြည်သူ အကျိုးဆိုင်ရာ ပျက်စီးစေမှု ပုဒ်မဖြင့် အမှုဖွင့် ဖမ်း ဆီးခံထားရကြောင်း သိရသည်။
စစ်ကောင်စီနှင့် နီးစပ်သူတဦးက နောင်မွန်မြို့နယ်၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) မှ သိက္ခာတော်ရ ဆရာတော် ဂိုရှန်ဆင်ဆားရ်၊ ခရစ်တော်၏ အသင်းတော်မှ သိက္ခာတော်ရ ဆရာတော် ဇဂေါန်ထီနနှင့် ရဝမ်နှစ်ခြင်း အသင်းတော်မှ သိက္ခာတော်ရ ဆရာတော် မဟောင်ဒီးတို့ ၃ ဦးကို အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ဆရာတော်များသည် ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က နောင်မွန်မြို့နယ်၊ နောင်မွန် ရိုးရာယဉ်ကျေးမှု ခန်းမဆောင်၌ ကျင်းပ ပြုလုပ်သည့် ဂိုဏ်းပေါင်းစုံ အထူးဆုတောင်းခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းစေရန် ဦးဆောင် ဆုတောင်းပေးခဲ့သည်။
ထိုသို့ ဆုတောင်းပေးခဲ့သည့်အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဝမ်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးမရစ်ယောရှုက တရားလိုလုပ်ကာ ဆရာတော် ၃ ပါးကို အများပြည်သူအကျိုးပျက်စီးစေမှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဇွန်လ ၁၄ ရက်နေ့တွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ပူတာအိုဒေသခံတဦးက “ဒီနေ့ ပူတာအိုတရားရုံးမှာ ရမန်ယူပါတယ်။ ၁၂ ရက်နေ့မှာ ရုံးပြန်ထုတ်မယ်တဲ့။ တရားစွဲတာ ၅၀၅-က နဲ့ စွဲထားတယ်။ မတ်လ ၃ ရက်နေ့မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဝတ်ပြုအခမ်းအနားမှာ ပါဝင်ခဲ့ တယ်။ ဘာသာပေါင်းစုံဆရာတော်တွေကို ခေါ်ပြီး အစီအစဉ်လုပ်တာပေါ့” ဟု ပြောသည်။
ပုဒ်မ ၅၀၅-က သည် နိုင်ငံသားအစုအဖွဲ့၊ အများပြည်သူကို ကြောက်ရွံ့စေရန် ဆောင်ရွက်ခြင်းနှင့် ကြောက်ရွံ့စေရန် ကြံစည် ခြင်း၊ မဟုတ်မမှန် သတင်းအမှား ဖြန့်ခြင်းနှင့် ဖြန့်ရန် ကြံစည်ခြင်း၊ အစိုးရဝန်ထမ်း၊ အစိုးရဝန်ထမ်း အစုအဖွဲ့များကို ပြစ်မှု ကျူးလွန်စေရန် ဆောင်ရွက်လျှင် တရားစွဲဆိုနိုင်သည့် ပုဒ်မဖြစ်ကာ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
ဦးမရစ်ယောရှုသည် ဆရာတော် ၃ ပါးအား တရားစွဲဆိုနိုင်ရေး ဇွန် ၁၄ ရက်မှစ၍ ပူတာအိုခရိုင်အဆင့် စစ်ကောင်စီထံ စာ တင်ထားပြီး တရားစွဲနိုင်ရေးကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နောင်မွန်မြို့နယ် ရဲတပ်ဖွဲ့က ဇွန် ၂၈ ရက်တွင် ဆရာတော် ၃ ပါးကို မေးမြန်းစရာရှိသည်ဟုဆိုကာ နောင်မွန်မြို့မှ ပူတာအို မြို့သို့ ခေါ်ဆောင်လာခဲ့ပြီး ပူတာအိုမြို့မရဲစခန်းအရောက်တွင် အမှုဖွင့်ထားကြောင်း ပြောကာ နမ်ဟော့ အကျဉ်းထောင်တွင်း ချုပ်နှောင်ထားလိုက်ခြင်း ဖြစ်သည်။
လက်ရှိ အကျဉ်းထောင်တွင်း ချုပ်နှောင်ခံထားရသည့် ဆရာတော် ၃ ပါးအနက် သိက္ခာတော်ရဆရာတော် ဂိုရှန်ဆင်ဆားရ် နှင့် သိက္ခာတော်ရဆရာတော် မဟောင်ဒီးသည် အသက် ၆၀ ကျော်နှင့် ၇၀ ကျော် အရွယ်များဖြစ်ပြီး ကျန်းမာရေးမကောင်း သူများဖြစ်သည်။
ပူတာအို ဒေသခံက “ဆရာတော် မဟောင်ဒီးက အသက် ၇၀ ကျော်ပြီ။ သူက ကျောက်ကပ်တခြမ်း ပျက်စီးနေတာ။ သူ့ မှာ သွေးတိုးရောဂါ၊ အစာအိမ်ရောဂါရှိတယ်။ သွားလာရေးတောင် လှုပ်ရှားဖို့ခက်တယ်။ ထောင်မှာ ရောက်သွားပြီဆိုတော့ အစားအစာနဲ့တော့ သူ့အစာအိမ်က ပိုဆိုးဝါးနိုင်တယ်။ ကျန်းမာရေးအတွက် တော်တော်လေး စိုးရိမ်ပါတယ်။ ကျန်ဆရာ ကြီးတပါးဖြစ်တဲ့ ဆရာဆင်ဆားရ်က လေဖြန်းထားတာ အခုမှ သက်သာကာစ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
ဆရာတော် ၃ ပါးအား အမှုဖွင့်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးမရစ်ယောရှု သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် (USDP) တဦးဖြစ်သလို အာဏာသိမ်း စစ်ကောင်စီက ဖွဲ့စည်းထား သည့် အုပ်ချုပ်ရေးယန္တရားတွင် ရပ်မိရပ်ဖ တဦးအဖြစ် ကိုယ်စားပြု ပါဝင်နေသူလည်း ဖြစ်သည်။
၎င်းသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရဝမ်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနေရာတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ သူဖြစ်ပြီး ရဝမ်လူထု တသောင်းကျော်၏ ဆန္ဒမဲလက်မှတ်ကို ရခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်လောင်းထက် မဲလက်မှတ် ၂၀၀၀ ကျော် နည်းနေသဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်က “ပူတာအိုနဲ့ နောင် မွန်နယ်က ခရစ်ယာန်အသင်းတော်များကတော့ သက်ဆိုင်ရာအဖွဲ့အစည်း(စစ်ကောင်စီ) တွေကို သွားပြီး အကူအညီ တောင်းတယ်လို့ ကြားရတယ်။ ကျနော်တို့ KBC ကတော့ သတင်းအတိအကျတော့ ကြားပြီ။ ဘာမှ လုပ်ဆောင် မှုတော့ မရှိသေးပါဘူး” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းခြင်းကြောင့် နိုင်ငံတွင်း မတည်မငြိမ်မှုများ ဖြစ်နေရာ KBC သည် ပြည်တွင်း၌ ငြိမ်းချမ်းရန်၊ စစ်မှန် သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်စေရန် နေ့စဉ် ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်လျက် ရှိသည်။
နေ့စဉ် မနက်ခင်းတိုင်းတွင် KBC အဖွဲ့ချုပ် အပါအဝင် တနိုင်ငံလုံးရှိ KBC အသင်းသူအသင်းသားများက ဝတ်ပြု ဆုတောင်းခြင်း ပြုလုပ်သည့်အပြင် တနင်္ဂနွေ ရက်သတ္တပတ် အချို့တွင်လည်း ၂၄ နာရီပတ်လုံး အစာရှောင် ဆုတောင်းခြင်း များ ပြုလုပ်လျက်ရှိသည်။
နောင်မွန်မှ ဆရာတော် ၃ ပါး ဆုတောင်းခြင်းကြောင့် တရားစွဲဆိုခံရသည့်အပေါ် ဒေါက်တာခလမ်ဆမ်ဆွန်က “ဒီလို စွပ်စွဲ ပြီး အမိန့်ချမယ်ဆို မဖြစ်သင့်ဘူး။ သူတို့ကို ပြန်လွှတ်လိုက်ရင်တော့ အဖြေတော့ ကောင်းမှာပါ။ အထောက်အထား မရှိဘဲ ကြားရုံလောက်နဲ့ ထောင်ချမယ်ဆို ဒီနေ့ မြန်မာပြည်မှာ ထောင်တောင် ဆံ့မှာမဟုတ်ဘူး။ အမှန်တရားကို ပြောသူတွေ၊ ဓာတ်ပုံမိတာတွေကတော့ ဗမာပြည်တပြည်လုံး ကင်းလွတ်တဲ့လူတောင် ရှိမယ်မထင်ပါဘူး”ဟု ပြောဆိုသည်။
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင်း ဆရာတော် ၃ ပါး ဖမ်းဆီးခံထားရသည့်အပြင် ဇွန် ၂၈ ရက် နေ့လယ်ပိုင်းကလည်း မြို့ နယ်တွင်း ရပ်ကွက်များကို စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များက ဝင်ရောက်ရှာဖွေခြင်းများ ပြုလုပ်ခဲ့သည်။
ပူတာအိုခရိုင်အတွင်း နေထိုင်သည့် ဦးဘွမ်ရှဂေါင့်က “သူတို့လာရှာတဲ့ PDF တပ်ဖွဲ့ဝင်ဆိုတဲ့ လူငယ်ကို မတွေ့လို့ အဲဒီ လူငယ်ရဲ့ အဖေနဲ့ အမျိုးတယောက်ကို မနေ့က ဖမ်းသွားတယ်။ စဖမ်းတုန်းက မိသားစု ၇ ယောက်လုံးကို ဖမ်းတာ။ ၁ နှစ် ကလေးပါ ဖမ်းခံရတယ်။ ည ၁၀ နာရီကျော်မှာ ကျန်တဲ့သူတွေကို ပြန်လွှတ်ပေးပြီး အမျိုးသား၂ ဦးကိုတော့ ဆက်ဖမ်းထား တယ်” ဟု ပြောသည်။
ပူတာအိုခရိုင်အတွင်း နေထိုင်သည့် ဒေသခံများ အများစုသည် စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်မှုများကို လက်မခံနိုင်ကြောင်း၊ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန့်ကျင်မှုများ ပြုလုပ်ထားခြင်းကြောင့် စစ် ကောင်စီ၏ ဖိနှိပ်မှုကို ရင်ဆိုင်နေရသည့် ဒေသတခု ဖြစ်သည်။
ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီက မြို့အဝင်အထွက်ဂိတ်များတွင် စခန်းထိုင်ကာ ဒေသခံ လူငယ်များကို စစ်ဆေးခြင်း၊ စစ်သင်တန်းတက်ပြီး ပြန်လာသူများ ဟုတ်မဟုတ် စိစစ်ခြင်းများကိုလည်း တင်းတင်းကျပ်ကျပ် ပြုလုပ်လျက် ရှိသည်။
ထို့ပြင် ဧပြီ နှင့်မေလတို့အတွင်း ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့တွင် ရဝမ်ပြည်သူ့စစ်တပ်ဖွဲ့မှ ဦးဒါဇွမ်ယော်ရာမ်နှင့် ရဝမ်ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ ဒုဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်တို့က တရွာဝင်တရွာထွက် ဒေသခံများ ကို လိုက်လံတွေ့ဆုံပြီး ရဝမ်ပြည်သူ့စစ်တပ်ဖွဲ့ထံ၌ အခြေခံစစ်ပညာများ လာရောက် သင်ယူထားရန် လှုံ့ဆော်ခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့၏ တိုက်ခိုက်မှုများ ရှိလာပါက စစ်ကောင်စီနှင့် ရဝမ်ပြည်သူ့စစ်ဘက်မှ ဒေသခံများ ဝင်ကူတိုက်ပေးနိုင်ရန်ဟူ၍ ပြောဆိုစည်းရုံခဲ့သလို နောင်မွန်မြို့နယ်၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) မှ ဓမ္မဆရာများသည် KIA သင်တန်းဆင်းများ ဖြစ်သည်ဟုလည်း ဦးဒါ ဇွမ်ယော်ရာမ်နှင့် ဦးထုံဖူးဒဂုဏ်တို့က ပြောဆိုခဲ့သည်။
အဆိုပါ ပြောဆိုချက်များကြောင့် နောင်မွန်နယ်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့က အသင်းတော်သည် ၁၉၂၆ ခုနှစ် တွင် စတင်တည်ထောင်ခဲ့သည့် ဘာသာရေး အသင်းတော် တခုဖြစ်ကာ ဓမ္မဆရာများသည်လည်း နိုင်ငံတော်အစိုးရ သာ သနာရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှ ကျမ်းစာကျောင်းများကော်မတီ (ATSBA)က အသိအမှတ်ပြုထားသည့် ကျမ်း စာကျောင်းများ၊ ဓမ္မတက္ကသိုလ်များတွင် ဓမ္မပညာ ဆည်းပူးထားကြောင်း၊ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (MBD) ၏ အမှုတော်ဆောင်ကတ် (Minister card) ရရှိထားသူများ ဖြစ်ကြောင်း စာတစောင်ထုတ်ပြီး တုန့်ပြန်ခဲ့ရသည်။
You may also like these story:
အာဏာသိမ်းပြီးနောက် စက်ရုံအလုပ်ရုံများ ပိတ်သိမ်းမှု များလာ
ဘော်တွင်းသတ္တုစီမံကိန်းအတွက် နေရာပြောင်းရန် ပြောဆိုမှု ဒေသခံများ လက်မခံ
အမေရိကန် ဒေါ်လာသန်း ၅၀ ကျော်တန်ဖိုးရှိ သတ္တုပစ္စည်းများ စစ်ကောင်စီထုတ်ရောင်း