သတင်း

အာဏာသိမ်းမှုနောက်ပိုင်း သေဒဏ်ပေးမှု လွန်စွာမြင့်မား

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်း သေဒဏ်ပေးမှု အနည်းဆုံး ၈၆ ခုကို ချမှတ်ခဲ့ကြောင်း မီဒီယာသတင်းများနှင့် စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်မီဒီယာ အပါအဝင် အခြားရနိုင်သမျှ ရင်းမြစ်များအပေါ်အခြေခံပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International-AI ကပြောသည်။ သေဒဏ်ပေးခံရသူအများစုသည် စစ်ကောင်စီဆန့်ကျင်ရေး ခုခံမှု အဖွဲ့ဝင်များ သို့မဟုတ် ခုခံရေးလှုပ်ရှားမှုနှင့်ပတ်သက်သူများ ဖြစ်သည်။

စစ်ကောင်စီကို ပြည်သူလူထုက ဆန့်ကျင်သောခုခံမှုကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတွင် လူမှုနှင့် နိုင်ငံရေး မငြိမ်သက်မှုများ ဖြစ်ပေါ်နေသည်။ စစ်ကောင်စီသည် ထိုလှုပ်ရှားမှုကို ပြင်းထန်သော နည်းလမ်းများဖြင့် တုံ့ပြန်နေသည်။

မြန်မာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ အာဏာရနေသည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း သေဒဏ်ပေးသည့် အရေအတွက်မှာ ပျမ်းမျှအားဖြင့် တနှစ်လျှင် ဆယ်မှု အောက်သာ ရှိသည်။ အာဏာသိမ်းမှုနောက်ပိုင်းတွင်မူ ထိုအရေအတွက်သည် ၈ ဆ ခန့်တိုးလာသည်။ ၂၀၂၀ ခုနှစ်က သေဒဏ်ပေးမှု တမှုသာ ရှိသည်။

အာဏာသိမ်းပြီးနောက် မကြာမီ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် စစ်အုပ်ချုပ်ရေး ချမှတ်ခဲ့သည်။ သေဒဏ်အများစုကို ထိုမြို့နယ်များတွင် ချမှတ်ခြင်းဖြစ်သည်။

စစ်ကောင်စီသည် အရပ်ဘက်အမှုများကို တရားခံများ အယူခံမဝင်နိုင်သည့် အကျဉ်းနည်းဖြင့် အထူးစစ်ခုံရုံးများသို့ လွှဲပြောင်းပေးသည်။ သေဒဏ်အများစုကို အငြင်းပွားဖွယ်ရာ ချမှတ်ခြင်းဖြစ်ပြီး တရားခွင်သို့ တရားခံတက်ရောက်ခွင့်ပင် မရကြောင်း AI က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြထားသည်။

“ တရားရုံး လုပ်ထုံးလုပ်နည်းတွေ အကျဉ်းချုပ်ပြီး တရားခံကို ရှေ့နေနှင့်ပင် တွေ့ခွင့် မပေးဘူးလို့ ရနိုင်သမျှ သတင်းတွေက ဖေါ်ပြနေတယ်”ဟုလည်း ထိုလူ့အခွင့်အရေးအဖွဲ့ပြောသည်။

ထိုသို့ သေဒဏ်ချမှတ်ခံရသူများတွင် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီလည်း ပါဝင်သည်။ ၎င်းတို့ကို လွန်ခဲ့သောနှစ် ရန်ကုန်တွင် ဖမ်းဆီးခဲ့ပြီး မြို့တွင်းလက်နက်ကိုင် ခုခံမှုအတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သေဒဏ်ပေးသည်။

မြန်မာစစ်အုပ်စုအတွက် သေဒဏ်သည် ဆန္ဒပြသူများနှင့် သတင်းသမားများအပေါ် ဆက်လက်ကျူးလွန်နေသည့် ကျယ်ပြန့်သော ညှင်းပမ်းနှိပ်စက်မှု၊ ခြိမ်းခြောက်မှု၊ ထိပါးမှုနှင့် အကြမ်းဖက်မှုများထဲ လက်နက်သဖွယ်ဖြစ်လာသည်ဟုလည်း AI က ဖေါ်ပြသည်။

ထိုသေဒဏ်ချမှတ်ခံရသူများအနက် အနည်းဆုံး ၂၆ ဦးကို ၎င်းတို့၏ မျက်ကွယ်တွင် စီရင်ချမှတ်ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်ဟု AI က ဖေါ်ပြသည်။ အနည်းဆုံး ၂ ဦးမှာ အမှုအတွက် စွပ်စွဲခံရချိန်တွင် ဆယ်ကျော်သက်များဖြစ်သည်။ တဦးမှာ စိတ်ပိုင်းဆိုင်ရာ အပြင်းအထန် ထိခိုက်နေသူတဦးဖြစ်သည်။

မြန်မာ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလနောက်ပိုင်းတွင် စစ်ကောင်စီက လူ ၁၀၈၅ ဦးခန့်ကို ထောင်ချခဲ့ပြီး ၁၈၆၄ ဦးခန့်ကို သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီတပ်များ၏ သတ်ဖြတ်ဖမ်းဆီးမှုများကို မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အချက်အလက်များအရ သိရသည်။

You may also like these stories:

လုံခြုံမှုကို ခြိမ်းခြောက်လာတဲ့ အငြိုးထားသတ်ဖြတ်မှုများ

ဒေါ်အောင်ဆန်းစုကြည်အား တရားမဲ့ဖမ်းထားမှု ကုလသမဂ္ဂတွင် တိုင်ကြား

ယင်းမာပင်ခရိုင်မှ လူ ၁ သောင်းကျော် ထွက်ပြေးနေရ

စစ်ဘေးရှောင်များ စားနပ်ရိက္ခာ လိုအပ်ချက်အပြင် ရာသီဥတုဘေးပါ ရင်ဆိုင်နေရ

Loading