အိန္ဒိယနိုင်ငံသား ၃၀၀ ကျော်ကို ကရင်ပြည်နယ်၊ မြဝတီသို့ လူကုန်ကူးပြီးနောက် ဆိုက်ဘာရာဇဝတ်မှုများ အတင်းအကျပ် ကျူးလွန်ခိုင်းကြောင်း Times of India (TOI) သတင်းစာက ဖော်ပြသည်။
၎င်းတို့ကို တရားဝင်အလုပ်များဖြင့် ဖျားယောင်းခေါ်ယူပြီးနောက် လူကုန်ကူးဂိုဏ်းများက ဖမ်းဆီးချုပ်နှောင်ကာ ဆိုက်ဘာငွေကြေး လိမ်လည်သည့် လုပ်ငန်းများတွင် တနေ့လျှင် ၁၅ နာရီကျော် စေခိုင်းခဲ့ကြောင်း ထိုသို့ လူကုန်ကူးခံရသူ အိန္ဒိယနိုင်ငံသားတဦး ပေးပို့အကူအညီတောင်းသည့် ဗီဒီယိုကို ကိုးကား၍ အထက်ပါ သတင်းစာက ရေးသားသည်။
မြဝတီမြို့အနီး တည်ရှိသော ရွှေကုက္ကိုလ်မြို့သစ်သည် ထိုင်းနယ်စပ်တွင်တည်ရှိပြီး မြန်မာစစ်တပ်နှင့် ၎င်းတို့လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) က ထိန်းချုပ်ထားသော နေရာဖြစ်သည်။
၂၀၁၇ ခုနှစ်က ရွှေကုက္ကိုတွင် တည်ဆောက်မည့် ဒေါ်လာ ၁၅ ဘီလီယံတန် မြို့သစ် စီမံကိန်းတွင် ကာစီနိုနှင့် ဆိုက်ဘာရာဇဝတ်မှုများ အပါအဝင် လောင်းကစားလုပ်ငန်းများ ထူထောင်ရန် တရုတ် စီးပွားရေးသမားများ ရောက်လာပြီးနောက် ထိုနေရာသည် လူကုန်ကူးမှု အချက်အခြာနေရာ ဖြစ်လာသည်။ ထိုစီမံကိန်းမှာ BGF နှင့် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် Yatai အင်တာနေရှင်နယ် ဟိုးလ်ဒင်းအုပ်စု (IHG) တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သည်။
ထိုအချိန်မှစတင်ပြီး မြန်မာ၊ ထိုင်း၊ တရုတ်၊ မလေးရှား၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံသားများကို လူကုန်ကူးပြီး ဖမ်းဆီးထားကာ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်စေသည်ဟု ဆိုသည်။
အိန္ဒိယနိုင်ငံသားများကို လူကုန်ကူးသူအချို့သည် မလေးတရုတ်များဖြစ်ကြောင်း TOI က ဖော်ပြသည်။ တရားမဝင်လုပ်ငန်းများကို မလုပ်ဘဲ ငြင်းဆန်သည့် လူကုန်ကူးခံရသူများကို လျှပ်စစ်တုတ်များဖြင့် ရိုက်နှက်ညှဉ်းပန်းသည်ဟုလည်း အထက်ပါသတင်းတွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကာရိုင်ကယ်မီဒူမှ အသက် ၆၀ အရွယ် တံငါသည်တဦးက မြဝတီသို့ လူကုန်ကူးခံနေရသည့် သူ၏သားကို ကယ်ဆယ်ပေးရန် အာဏာပိုင်များကို တနင်္လာနေ့က မေတ္တာရပ်ခံခဲ့သည်။
ယခင်က ဒူဘိုင်းတွင် ကွန်ပျူတာအချက်အလက် ထည့်သွင်းသူအဖြစ် လုပ်ကိုင်ခဲ့သော ထိုလူကုန်ကူးခံရသူကို သူ၏ မန်နေဂျာက ထိုင်းရှိ အိုင်တီ ကုမ္ပဏီတွင် အလုပ်ရမည်ဟု ကတိပြုခဲ့သော်လည်း မြဝတီမှ ဆိုက်ဘာရာဇဝတ်မှု လုပ်ငန်းတွင် အတင်းအကျပ် စေခိုင်းနေကြောင်း TOI က မိသားစုဝင်များကို ကိုးကား ဖော်ပြသည်။
အိန္ဒိယနိုင်ငံရေးပါတီ ခေါင်းဆောင်များက ထိုသူများကို ကယ်ဆယ်ရန် ဗဟိုအစိုးရနှင့် လူကုန်ကူးခံရသူများ နေထိုင်ရာ ပြည်နယ်အစိုးရများကို တိုက်တွန်းထားသည်။
အွန်လိုင်းနှင့် လူမှုကွန်ရက်ကိုသုံးစွဲပြီး သို့မဟုတ် အသေးစား ချေးငွေလုပ်ငန်းကုမ္ပဏီ ဝန်ထမ်းများအဖြစ် ဟန်ဆောင်ပြီး အခြားနိုင်ငံများမှ လူများထံမှ ငွေကြေးလိမ်လည်ခြင်းဖြင့် ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းမှတဆင့် ပိုင်ရှင်အတွက် ငွေကြေးရှာဖွေခိုင်းကြောင်း ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းမှ လွတ်မြောက်လာသည့် ရန်ကုန်မှ လူငယ်တဦးက ဧရာဝတီ သတင်းဌာနသို့ လွန်ခဲ့သောနှစ်က ပြောသည်။
ထိုသို့ ငွေကြေးလိမ်လည်ရာတွင် ပစ်မှတ်ထားခံရသူများမှာ ထိုင်း၊ တရုတ်၊ ဘရာဇီးလ်၊ ဗြိတိန်နှင့် အိန္ဒိယနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။
လူကုန်ကူးခံရသော အမျိုးသမီးများကို ငွေကြေးရယူသည့် လိင်ကိစ္စ အွန်လိုင်းပြောဆိုမှုများ စေခိုင်းသည်ဟု ထိုနေရာများမှ လွတ်မြောက်လာသူများက ပြောသည်။
ထိုသို့ လူကုန်ကူးခံရသူများကို လိမ်လည်သည့်လုပ်ငန်းများဖြင့် ငွေကြေးအတိုင်းအတာတခုအထိ ရှာဖွေပေးပြီးသော အခါမှသာ ပြန်လည် ထွက်ခွာခွင့်ပေးကြောင်း လူကုန်ကူးခံရသူများက ပြောသည်။
အငြင်းပွားဖွယ် တရုတ်စီးပွားရေးသမား၊ IHG ဥက္ကဋ္ဌ ရှော်ကျီကျောင်သည် တရားမဝင် အွန်လိုင်းကာစီနိုများ လုပ်ကိုင်သောကြောင့် နိုင်ငံတကာက ဖမ်းဝရမ်းထုတ်ခံထားရသဖြင့် သြဂုတ်လတွင် ထိုင်းရဲများက သူ့ကို ဘန်ကောက်တွင် ဖမ်းဆီးလိုက်သည်။
အသက် ၄၀ ရှိပြီဖြစ်သော ထိုသူသည် ၂၀၁၂ ခုနှစ်မှ စတင်ပြီး တရုတ်အာဏာပိုင်များထံမှ ထွက်ပြေးနေသူ ဖြစ်သည်။ သူ့တွင် ကမ္ဘောဒီးယားနှင့် ရွှေကုက္ကို၌ အငြင်းပွားဖွယ် စီမံကိန်းကြီးများနှင့် လောင်းကစား လုပ်ငန်းများရှိပြီး ဖိလစ်ပိုင်တွင်လည်း ထီလုပ်ငန်းတခုရှိသည်။
ရွှေကုက္ကို မြို့သစ်စီမံကိန်းသည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ မြေယာသိမ်းယူခြင်း၊ တည်ဆောက်ရေးလုပ်မည့် အတိုင်းအတာနှင့် ပတ်သက်ပြီး အငြင်းပွားရခြင်း၊ တရုတ်ငွေများဝင်လာခြင်းနှင့် ကာစီနိုလုပ်ငန်း အပါအဝင် တရားမဝင်လုပ်ငန်းများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ၂၀၁၉ ခုနှစ်တွင် ရပ်ဆိုင်းစေပြီး စုံစမ်းစစ်ဆေးခဲ့သည်။
သို့သော် Yatai IHG ၏ စီမံခန့်ခွဲမှုအဖွဲ့သည် တစိတ်တပိုင်း ပြီးစီးဖွင့်လှစ်ထားသည့် ထိုမြို့သစ်တွင် လောင်းကစားလုပ်ငန်းများ ဆက်လက် လုပ်ကိုင်သည်။
You may also like these stories:
စစ်အာဏာသိမ်းမှုကြားက မြန်မာလူကုန်ကူးမှု တရုတ် ဘယ်လိုတုံ့ပြန်မလဲ
ကင်ညာနိုင်ငံသား အများအပြား မြန်မာတွင် လူကုန်ကူးခံရ
ရွှေကုက္ကိုလ်စီမံကိန်း တရုတ်လုပ်ငန်းရှင် ထိုင်းဖမ်းဆီး၊ စီမံကိန်းထိခိုက်မည်မဟုတ်ဟု BGF ပြော
မြဝတီမှာ အခြေစိုက်ပြီး ကမ္ဘာတဝန်းကို ဖြန့်ကျက်နေတဲ့ တရုတ်လူလိမ်ဈေးကွက်