ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အမှတ် ၉ မြင်းလွတ်နယ်ခြားစောင့်စခန်းမှ တပ်သား၄ ဦး လက်နက်များဖြင့် မတ်လ ၆ရက်က ထွက်ပြေးသွားသဖြင့် အနီးဝန်းကျင်ရှိ ရွာများ၊ ကားလမ်းမပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင် အပူတပြင်း လိုက်ရှာဖွေနေကြောင်းသိရသည်။
အနီးဝန်းကျင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးတဦးက “ထွက်ပြေးသွားတဲ့ ၄ ယောက်က သင်တန်းဆင်းတာ ၂/၃ လ လောက်ပဲ ရှိသေးတယ်လို့ ပြောတယ်။ လက်နက်ပါယူသွားလို့ သူတို့ ရောက်နိုင်မယ့် ထွက်ပေါက်လမ်းကြောင်းတွေနဲ့ အနီးက ရွာ တွေကို လာရှာကြတယ်။ ထွက်ပြေးတဲ့ တပ်သား ၄ ယောက်မှာ ဗမာ သုံးယောက်၊ ကရင် တယောက်လို့ ပြော တယ်။ သူတို့ ရွာတွေကို ရောက်လာရင် အမြန်ဆုံး သတင်းပေးဖို့ ပြောသွားတယ်” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ လက်နက်နှင့်အတူ ထွက်ပြေးသွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးသည် မေယုတောင်တန်းပေါ်ရှိ ရက္ခိုင့်တပ် တော် (AA) ထံ ဝင်ရောက် ခိုလှုံသွားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆလျက် ရှိသော်လည်း ယင်းသတင်းနှင့် ပတ် သက်ပြီး ဧရာဝတီက AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်၍ မရသဖြင့် အတည်ပြုနိုင်ခြင်း မရှိပါ။
မောင်တောမြို့နယ်အတွင်းက ဒေသခံတဦးက “သူတို့ လေးယောက်လုံးက နယ်ခံတွေ မဟုတ်တော့ ထွက်ပြေးလွတ် မြောက်ဖို့က မလွယ်ဘူး။ အနောက်ဘက်မှာ ဆိုရင်လည်း ပင်လယ်ပဲ ရှိတယ်။ ကားလမ်းအတိုင်းဆိုရင်လည်း နယ်ခြား စောင့်ဂိတ်တွေ အများကြီးရှိနေတော့ အရှေ့ဘက်မှာရှိတဲ့ မေယုတောင်တန်းတခုပဲ ရှိတယ်ဆိုတော့ AA ဆီကို ဝင်ရောက် ခိုလှုံသွားတာလည်း ဖြစ်နိုင်တယ်။ စခန်းကလူတွေ ခန့်မှန်းတာကတော့ သူတို့ လေးယောက်က လက်နက်တွေ လိုချင်လို့ ရဲသင်တန်းတက်ပြီး သင်တန်းဆင်းတာနဲ့ အခုလို ထွက်ပြေးသွားတာလို့ ယူဆကြတယ်” ဟု ပြောသည်။
အာဏာသိမ်းမှုနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး စသည့် မြို့နယ် များတွင် တာဝန်ကျနေသော စစ်ကောင်စီ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းမှထွက်ပြေးမှု မကြာခဏ ဖြစ်ပေါ်လျက် ရှိသည်။
AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကလည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တာဝန်ကျနေသော စစ်ကောင်စီ တပ်သားများ AA ထံ ဝင်ရောက် ခိုလှုံလာမှုများရှိပြီး စစ်အာဏာသိမ်းမှုဖြစ်စဉ် နောက်ပ်ိုင်းကာလအတွင်းမှာ ပင် စစ်ကောင်စီတပ်သား အရာရှိ၊ စစ်သည် အပါအဝင် ၁၀၀ ကျော်ထိ ရှိနေကြောင်း ၂၀၂၂ ခုနှစ်အတွင်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
မောင်တောမြို့နှင့် ၁၅ မိုင်ခန့်အကွာတွင် တည်ရှိသော မွတ်စလင် ကျေးရွာသားများ နေထိုင်သည့် မြင်းလွတ်ကျေးရွာ အုပ် စုအား ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က မြို့နယ်ခွဲတခုအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ် အရေးအခင်းကာလအတွင်း ရွာလုံးကျွတ် မီးရှို့ခံရပြီးနောက် လူသူကင်းမဲ့နေသည့် မြို့တမြို့အဖြစ်သာ ရှိနေခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မြင်းလွတ်မြို့တွင် စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် နယ်ခြားစောင့်တပ်ခွဲ၊ တပ်စခန်းတခုအသစ် တည်ဆောက်ပြီး သင်တန်းဆင်း တပ်ဖွဲ့ဝင်များကို ခေါ်ယူကာ အင်အားတိုးမြှင့် ချထားလာခြင်း ဖြစ်ကြောင်းလည်း သိရ သည်။
You may also like these stories:
ရိုဟင်ဂျာဒုက္ခသည်များ ပြန်လက်ခံရေး စစ်ကောင်စီ စီစဉ်နေ
ဘင်္ဂလားဒေ့ရှ်နယ်စပ် တိုက်ပွဲကြောင့် ဒုက္ခသည်များ မြန်မာဘက် ထွက်ပြေး
ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်နှင့် ဧရာဝတီအင်တာဗျူး
စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ်နယ်စပ် နေထိုင်သူများ ကြောက်နေရ