တပ်ရင်းမှူးအပါအဝင် မြန်မာစစ်တပ်မှ စစ်သား ဒါဇင်များစွာသည် ကရင်နီ/ကယားပြည်နယ်တွင် ခုခံတော်လှန်ရေး တပ်ဖွဲ့များထံ လက်နက်ချခဲ့သည်။ ယင်းဖြစ်ရပ်သည် ၂၀၂၁ ခုနှစ်မှ စတင်ခဲ့သော စစ်အာဏာသိမ်းဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်အုံကြွမှုအတွင်း လူအများဆုံး လက်နက်ချမှု ဖြစ်သည်။
ကရင်နီ/ကယားပြည်နယ် မယ်စဲ့မြို့နယ်ရှိ မြန်မာ-ထိုင်းနယ်ခြား ဘီပီ ၁၃ ကို စောင့်ကြပ်ရသော စစ်တပ် ခမရ ၄၃၀ မှ တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် သောကြာနေ့က လက်နက်ချခဲ့ကြောင်း သတင်းရရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကလည်း တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး အပါအဝင် ခမရ ၄၃၀ တပ်ဖွဲ့ဝင်များ လက်နက်ချကြောင်း အတည်ပြုသည်။
မယ်စဲ့မြို့မြောက်ဖက်ရှိ နန်းမာကျေးရွာ ကင်းစခန်းကို စောင့်ကြပ်နေသည့် တပ်ရင်းများလည်း လက်နက်ချခဲ့ကြောင်း ၎င်းက ပြောသည်။
ကရင်နီ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များက ထိုင်းနယ်စပ်အနီးရှိ မြန်မာစစ်တပ် ကင်းစခန်းများနှင့် မယ်စဲ့ ရဲစခန်းတို့ကို ဇွန်လ ၁၃ ရက်က တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။
မယ်စဲ့တွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များထဲတွင် ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကရင်အမျိုးသားအစည်းအရုံး၏ လက်နက်ကိုင်အဖွဲ့) နှင့် NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပါဝင်သည်။ ယခင်က စစ်တပ် ကွပ်ကဲမှုအောက်တွင်ရှိသော ကရင်နီနယ်ခြားစောင့်တပ် တပ်ဖွဲ့နှစ်ဖွဲ့သည် ဘက်ပြောင်းကာ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စစ်တပ်ကို ပြန်တိုက်ခဲ့သည်။
NUG ကာကွယ်ရေး အတွင်းဝန်က တပ်ဖွဲ့ဝင် မည်မျှ လက်နက်ချခဲ့သည်ကို ပြောကြားရန် ငြင်းဆိုခဲ့ပြီး ဘက်ပြောင်းခိုလှုံလာသူ စစ်သားများ၏ လုံခြုံရေး စိုးရိမ်မှုများကို အကြောင်းပြသည်။ အချို့ စစ်သားများသည် ကရင်နီတော်လှန်ရေးအဖွဲ့များကို အကြောင်းကြားပြီး ၎င်းတို့ထံ ခိုလှုံခဲ့ကြောင်း အင်္ဂါနေ့တွင် ဦးနိုင်ထူးအောင်က ပြောကြားခဲ့သည်။
“အခုထိ အကြီးဆုံး လက်နက်ချမှုလို့ ပြောနိုင်ပါတယ်” ဟု ဦးနိုင်ထူးအောင်က ဆိုသည်။
ထိုင်း-မြန်မာနယ်စပ် မိုင်တိုင် အမှတ် ၁၃ တွင် ကင်းစခန်းစောင့် တပ်ဖွဲ့ဝင် ၂၁ ဦး လက်နက်ချခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီ တော်လှန်ရေး အသိုင်းအဝိုင်းမှ သတင်းရင်းမြစ်များက ပြောသည်။
အခြားကင်းစခန်းများတွင် လက်နက်ချသူများ အပါအဝင် လက်နက်ချသည့် စုစုပေါင်း အရေအတွက်မှာ ၁၀၀ နီးပါးရှိနိုင်ကြောင်း မှန်းဆကြသည်။
ဧရာဝတီက ယင်းအဆိုကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
စစ်တပ်ထဲ ဂယက်ထ
ကယားပြည်နယ်အခြေစိုက် ခရမ ၄၃၀ တပ်ရင်းမှူးအပါအဝင် တပ်ရင်းတရင်းလုံး လက်နက်ချသွားသည့် သတင်းကြောင့် စစ်ကောင်စီ ဝါဒဖြန့် ဆိုရှယ်မီဒီယာတွင် ဂယက်ထနေသည်။ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များကလည်း အထူးစိတ်ဝင်စားနေကြသည်။ သို့သော် စစ်ကောင်စီဖက်က အဆိုပါ သတင်းအား ဖုံးဖိရန် ကြိုးစားနေသည်။
ခမရ ၄၃၀ တပ်ရင်းတရင်းလုံး လက်နက်ချသည့် နေ့၌ လက်ရှိတာဝန်ထမ်း ဆောင်နေသည့် စစ်သားများ၏ လူမူကွန်ယက်များတွင် စစ်ခေါင်းဆောင်များအား ဝေဖန်သည့် အရေးအသားများရေးကြသည်။
“ကယားတာဝန်ရှိသူများနဲ့ အထက်ဆင့်ကဲက တာဝန်ရှိသူများ စစ်မကစားတတ်ရင် လဲ သေလိုက်ကြ” ဟု စစ်တပ်ကို ထောက်ခံရေးသားလေ့ရှိသည့် တယ်လီဂရမ်အကောင့်တခုက ရေးသည်။
“အမှိုက်ကစ ပြဿဒ် မီးမလောင်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်” ဟု လက်ရှိ စစ်တပ်တွင် တာဝန်ထမ်းဆောင်သူတဦး၏ ဖေ့စ်ဘွတ်အကောင့်ကလည်း ရေးသားထားသည်။
သို့သော် စစ်ခေါင်းဆောင်များက ခမရ ၄၃၀ တပ်ရင်းတရင်းလုံး လက်နက်ချသွားသည့်သတင်းသည် မမှန်ကန်ကြောင်း တပ်ရင်းတပ်ဖွဲ့များတွင် ရှင်းပြခိုင်းထားကြောင်း သိရသည်။ ခမရ ၄၃၀ တပ်ရင်းမှူးသည် သင်းတန်းတက်နေပြီး လက်နက်ချတာ မဟုတ်ကြောင်း ဆိုရှယ်မီဒီယာတွင် ဝါဒဖြန့်နေကြသည်။
တပ်ရင်းမှူး နှင့် သူ့မိတ်ဆွေတဦး စကားပြောသည်ဟုဆိုသော အသံဖိုင်တခုပင် တင်ထားသည်။
ဘက်ပြောင်းသည့် တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးဇာနည်အောင်သည် စစ်တက္ကသိုလ်အပတ်စဉ် ၄၆ ( DSA-46 ) ကျောင်းဆင်းတဦးဖြစ်ပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူး ကျော်သူစိုးသည် အပတ်စဉ် ၄၇ (DSA-47) ကျောင်းဆင်းတဦးဖြစ်သည်။ ဗိုလ်မှူးကျော်သူစိုးနှင့် အပတ်စဉ်တူ မိတ် ဆွေတဦးကမူ ဗိုလ်မှူးကျော်သူစိုးမှာ လွတ်မြောက်နယ်မြေတနေရာသို့ ရောက်ရှိနေပြီဟု ဆိုသည်။
မယ်စဲ့မြို့နယ်တိုက်ပွဲများနှင့် အနီးရှိ ဘော်လခဲမြို့နယ်တိုက်ပွဲများအတွင်း ၁၂၀ မမ အမြောက်ကြီး ၄ လက်နှင့် အမြောက်ဆံများကို တော်လှန်ရေးအဖွဲ့များက ရရှိသွားသောကြောင့် မယ်စဲ့မြို့နယ်နှင့် ထိစပ်နေသော သံလွင်မြစ် တဖက်ကမ်းရှိ ဖားဆောင်း၊ ဖရူဆို၊ ဒီမောဆိုတို့သာမက လွိုင်ကော်ထိ ခြိမ်းခြောက်နိုင်စွမ်း ရှိသွားသည်။
ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့မှ စတင်၍ လွိုင်ကော်မြို့၊ နောင်ယားအနီးရှိ ခလရ ၂၆၁ တပ်ရင်းမှ အရာရှိစစ်သည်မိသားစုများ၊ အရာထမ်းများ၊ ဝန်ထမ်းအချို့နှင့်အတူ အရေးကြီးစာရွက်စာတမ်းများပါ ယူဆောင်၍ နေပြည်တော်သို့ လေယာဉ်ဖြင့် ရွှေ့ပြောင်းကြကြောင်း Ayeyarwaddy Times သတင်းဌာနက ရေးသည်။
အခုလို တပ်ရင်းအလိုက် လက်နက်ချ အလင်းဝင်ခြင်းသည် အာဏာရှင်အဆုံးသတ်ရေး ခရီးအစ ဟု CDM စစ်သည်များက မှတ်ချက်ပြုကြသည်။
“တခြား စခန်းတွေလည်း တော်လှန်ရေးအင်အားစုဘက်က ဖိအားပေးတာနဲ့ ဒီလို စခန်းတွေ ထားပြီးတော့မှ လက်နက်ချတာမျိုး၊ စခန်းစွန့်ခွာတာမျိုး အများကြီးဖြစ်လာနိုင်တယ်” ဟု CDM ဗိုလ်မှူး တင်လင်းအောင်က မှတ်ချက်ပြုသည်။
မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်
ဘက်ပြောင်းရပ်တည်မည်ကို စိုးရိမ်နေသော စစ်ကောင်စီသည် CDM စစ်သားများအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဒလန် သူသျှိုဟု စွပ်စွဲကာ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်လျက်ရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ ကြည်းရေလေတပ်အားလုံး၏ တပ်ဖွဲ့ဝင်များကြား ဝါဒဖြန့်ရန် ဇွန်လ ၂၀ ရက်နေ့က ညွန်ကြားထားကြောင်း သိရသည်။
စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးဌာနမှ “နိဂုံးမလှတဲ့ CDM စစ်ပြေးများရဲ့ နောက်ဆုံးအခြေအနေ” ခေါင်းစဉ်ဖြင့် ထုတ်ဝေသော စာစောင်အား လက်အောက်ခံတပ်ရင်းတပ်ဖွဲ့ဝင် အားလုံးကို ဖြန့်ချိရန်နှင့် အစည်းအဝေးခေါ် ရှင်းပြရန် ဇွန်လ ၂၀ ရက်နေ့က ညွန်ကြားခဲ့ခြင်းဖြစ်သည်။
“ KIA ရော KNU နယ်မြေအတွင်းမှာ CDM စစ်ပြေးတွေကို စစ်တပ်ကလ ွှတ်လိုက်တဲ့ သူလျှိုတွေဆိုပြီး ရက်ရက်စက်စက် သတ်ဖြတ်နေကြတယ်။ သူတို့စခန်းတွေကို အတိအကျ ဗုံးလာကျဲလို့ ဆိုတဲ့ခေါင်းစဉ်နဲ့ စွပ်စွဲတာပါ “ ဟု စစ်ကောင်စီ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များထံ ဖြန့်ဝေသည့် စာရွက်တွင်ဖော်ပြထားသည်။
ထို့အပြင် “CDM စစ်ပြေးတို့ရဲ့ လားရာလမ်းအတိုင်း ဗက သူရိန်ဝင်းနဲ့ အပေါင်းအပါများရဲ့နိဂုံးကတော့ တောတွင်း ဥပဒေနဲ့အညီ သေဒဏ်ပဲဖြစ်ပါတယ်။ မသေခင် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက် မခံရအောင်ပဲ ဆုတောင်းပေးလိုက်ချင်တယ်” ဟု စစ်ကောင်စီတပ်သားများအားဖြန့်ဝေသည့် စာတမ်းတွင် ဖော်ပြထားသည်။
စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင် မိုးကြိုးပျောက်ကြားတပ်ဖွဲ့၏ တပ်ရင်းမှူးဖြစ်သော CDM ဗိုလ်ကြီး သူရိန်ဝင်းခေါ် ဆိုင်ဂုံနှင့် ရဲဘော် ၆ ဦးအား သူလျှိုဟု စွပ်စွဲကာ ပြည်သူ့စစ်မဟာဗျူဟာ အကြံပေးဗျူရို ( PMSAB ) အဖွဲ့လက်အောက်ခံ တပ်ဖွဲ့က kIA နယ်မြေတွင် ဧပြီလ ၁၂ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
CDM ဗိုလ်ကြီးသူရိန်ဝင်း ဖမ်းဆီးခံထားရတာနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရက တရားမျှတမှု ရရှိရေး ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။
“အဓိကတော့ တပ်ထဲမှာ တပ်ပြေးတွေ CDM လုပ်လာသူတွေ များလာတော့ CDM မလုပ်ရဲအောင် ဝါဒဖြန့်တာပေါ့” ဟု CDM တပ်ကြပ်ကြီးတဦးက ဆိုသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ဘက်ပြောင်းရပ်တည်လာသော CDM တပ်မတော်သားများအား နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စောင့်ရှောက်ပေးထားပြီး အမျိုးသား ညီညွတ်ရေးအစိုးရ ပြည်သူ့ရင်ခွင်ဌာနမှလည်း လစဉ် ထောက်ပံ့ကြေးများ ပေးလျက်ရှိသည်။
CDM စစ်သည်များ၏ သားသမီးများ ကျောင်း ဆက်လက် တက်နိုင်ရေးကိုလည်း ပြည်သူ့ပန်းတိုင်းနှင့် ပိတောက်ဖူးအဖွဲ့တို့က ထောက်ပံ့ပေးနေသည်။
You may also like these stories:
မယ်စဲ့ကို ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီ
ကယားနယ်ခြားစောင့်တပ်(BGF)က စစ်ကောင်စီကို ပြန်တိုက်
ကရင်နီမှာ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ် အကျအဆုံးများ
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း
တော်လှန်ရေးနယ်မြေထဲမှ ဘဝနှင့် စစ်ပွဲ