စင်ကာပူနိုင်ငံ ပင်နီဆူလာပလာဇာ၌ စားသောက်ဆိုင်များနှင့် ဆိုင်ခန်းများ ဖွင့်လှစ်ကာ ရောင်းဝယ်လုပ်ကိုင်နေသူ များအနေဖြင့် လိုင်စင်မရှိဘဲ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများကို မလုပ်ကိုင်ကြရန် အာဏာပိုင်များက ဇူလိုင် ၁၀ ရက်တွင် ညွှန်ကြားချက် ထုတ်သည်။
မြန်မာကုန်တိုက်ဟုပင်ခေါ်ဆိုနိုင်သည့် ပင်နီဆူလာပလာဇာတွင် မြန်မာ စားသောက်ဆိုင်များ၊ စားသောက်ကုန်စတိုးဆိုင် ၊ အဝတ်အထည်ဆိုင်များ အပါအဝင် မြန်မာဒေသထွက် ကုန်မျိုးစုံရောင်းချသော ဆိုင်အများအပြား ဖွင့်လှစ်ထားပြီး ထိုဈေးဆိုင်တချို့မှာ ဟွန်ဒီငွေလွှဲလုပ်ငန်းလုပ်ကိုင်လေ့ရှိခြင်းကြောင့် စင်္ကာပူအစိုးရက မကြာခဏဆိုသလို စစ်ဆေးဖမ်းဆီးခြင်းများလည်း ရှိသည်။
စင်ကာပူအစိုးရ၏ မှုခင်း စုံစမ်းစစ်ဆေးရေးဌာနနှင့် ကုန်သွယ်မှုရေးရာဌာနတို့ဘက်က ထပ်မံအသိပေးအကြောင်းကြား လာသဖြင့် ပင်နီဆူလာပလာဇာ စီမံအုပ်ချုပ်ရေးအဖွဲ့က ယခုလို ထုတ်ပြန်အသိပေးရခြင်းဖြစ်ကြောင်း စင်တာရှိ ဈေးဆိုင် အများစုမှာ လုပ်ငန်းလိုင်စင် မရှိဘဲ ငွေလွှဲလုပ်ငန်းများ လုပ်ကိုင်နေကြောင်းစုံစမ်း သိရှိထားရပြီး ထိုသို့ လုပ်ဆောင်မှုသည် စင်ကာပူနိုင်ငံ၏ ဥပဒေကို ချိုးဖောက်ရာရောက်ပြီး ထောင်ဒဏ် ၂ နှစ် (သို့မဟုတ်) စင်ကာပူဒေါ်လာ ၁ သိန်း ဒဏ်ရိုက်ခံ ရနိုင်သလို၊ ပြစ်ဒဏ်၂ မျိုးစလုံးလည်း ကျခံရနိုင်ကြောင်း ယင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါ ဈေးဝယ်စင်တာတွင် ဖွင့်လှစ်ထားသော စားသောက်ကုန်ဆိုင်တချို့ကလည်း ထိုသို့ သတိပေးချက်များကို ရရှိထားသော်လည်း မည်သည့်အတွက်ကြောင့် ယခုလို ထပ်မံထုတ်ပြန်သည်ကိုမူ မသိရသေး ကြောင်း သိရသည်။
စင်ကာပူနိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသားတဦးက “ဒီမှာက ငွေလွှဲလုပ်တာကို ကောင်တာတွေဘာတွေနဲ့ တရားဝင် လုပ်လို့မရတော့ ဒီလိုပဲ ဈေးဆိုင်တွေ ဖွင့်ပြီးတော့ပဲ ငွေလွှဲလုပ်ကြရတာပေါ့။ စင်ကာပူဘက်ကလည်း ဒါတွေကို သိတယ်။ သိလို့လဲ မြန်မာဆိုင်တွေ ခဏခဏ ဝင်စစ်ပြီး ဖမ်းတာဆီးတာတွေ လုပ်တယ်” ဟု ပြောသည်။
ထိုသို့ မြန်မာဆိုင်များကို တရားမဝင်ငွေလွှဲလုပ်ငန်းများ လုပ်ကိုင်နေသည်ဆိုသော စွပ်စွဲချက်များဖြင့် မကြာခဏဆိုသလို ဝင်ရောက် ဖမ်းဆီးမှုများကြောင့် ယခုနောက်ပိုင်း အွန်လိုင်းမှတဆင့်သာ အချင်းချင်းနားလည်မှုနှင့် လုပ်ကိုင်နေကြကြောင်း ၎င်းက ဆိုသည်။
စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသူများအနေဖြင့် မြန်မာနိုင်ငံသို့ ငွေလွှဲရာတွင် စင်ကာပူဘဏ်များနှင့် မြန်မာပုဂ္ဂလိဘဏ်များသို့ တိုက်ရိုက်ငွေလွှဲနိုင်သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေလဲလှယ်နှုန်းပေါက်ဈေးကွာ ဟချက်နှင့် ငွေသားအပြည့်အဝ ထုတ်ယူ၍ မရခြင်းကြောင့် အိမ်အထိငွေသားအရောက်ပို့ပေးသော ဟွန်ဒီလုပ်ငန်းများ ကိုသာ အများဆုံး အသုံးပြုနေကြခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ် (MICB) နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးဌာနက ပြီးခဲ့သည့် ဇွန်လအတွင်း အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ပြီးနောက် စင်ကာပူနိုင်ငံဘက်ကလည်း မြန်မာနိုင်ငံနှင့် ငွေပေးချေမှုကိစ္စရပ်များကို တင်းကျပ်လျက် ရှိသည်။
စင်ကာပူနိုင်ငံ၏ ဘဏ်လုပ်ငန်းတခုဖြစ်သော United Overseas Bank (UOB) အနေဖြင့် မြန်မာစစ်ကောင်စီနှင့် ပတ်သက် နေသော Myanmar Airways International (MAI) လေကြောင်းလိုင်း၏ ငွေစာရင်းများကို လာမည့် ဩဂုတ်လအတွင်း ပိတ်သိမ်းတော့မည် ဖြစ်သည်။
ထို့ပြင် ကမာ္ဘ့ဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force- FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာ ရင်းသွင်းလိုက်ပြီးနောက် စင်ကာပူအစိုးရသည် စင်ကာပူဘဏ်များကို မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများ၏ ကုန်သွယ်ရေး ငွေ ပေးချေမှုများနှင့် ဘဏ်စာရင်း အသစ်ဖွင့်လှစ်များကို ကန့်သတ်ရန် ညွှန်ကြားထားခဲ့သေးသည်။
အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများနှင့် FATF ၏ အမည်ပျက်စာရင်း သွင်းခံထားရခြင်းကြောင့် စင်ကာပူနှင့် မြန်မာ နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ ငွေပေးချေမှုများသည် ယခုထပ်ပိုပြီး ကန့်သတ်တင်းကျပ်လာကြောင်း စီးပွားရေး လုပ်ငန်း ရှင်တချို့က မှတ်ချက်ပြုကြသည်။
You may also like these stories:
နိုင်ငံပိုင်ဘဏ်၂ ခု အမေရိကန်ပိတ်ဆို့အရေးယူမှု စစ်ကောင်စီကို အကျပ်ရိုက်စေ
MAI လေကြောင်းလိုင်း ငွေစာရင်းကို စင်္ကာပူ UOB ဘဏ်က ပိတ်သိမ်း
စစ်ကောင်စီကို ထောက်ပံ့နေသည့် စင်ကာပူအခြေစိုက် လုပ်ငန်း ၁၀၀ ခန့် ရှိ