မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမှ ရေဘေးသင့် ပြည်သူများမှာ စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
သြဂုတ် ၆ ရက်မှ စတင်ကာ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြလျက်ရှိကြောင်း သိရသည်။
မင်းပြားမြို့နယ်အတွင်းလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေမြင့်တက်လာကာ ပန်းမြောင်းကြီးချောင်း အတွင်းရှိ ရွှေကျန်၊ ပြင်ယောင်း၊ မင်းဖူး၊ ကုလားမတောင်၊ မြင်းကန်ဆိပ်၊ ပိုးရွက်ကံဆိပ်၊ ဒုံးသား၊ ဒုံကြီး စသည့်ကျေးရွာ ၁၅ ရွာမှ ဒေသခံများမှာ နီးစပ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
မင်းဖူးကျေးရွာမှ ကိုနေလင်းက “ကျနော်တို့ ပန်းပြောင်းကြီးချောင်းထဲမှာရှိတဲ့ ရွာ ၁၅ ရွာလုံး အခု ရေကြီးတယ်။ ရွာသားတွေကတော့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း၊ ဘုရားတောင်ကုန်းတွေမှာ ရွှေ့ပြောင်းနေကြတယ်။ ကူညီကယ်ဆယ်ရေးတွေ ဘာတွေလည်း အခုထိတော့ ဘာမှလာတာ မရှိသေးဘူး။ ရေကလည်း ပြန်မကျသေးဘူး။ တနေရာနဲ့တနေရာ သွားမယ်ဆိုရင်တော့ လှေနဲ့ပဲ သွားနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အလားတူ မြောက်ဦးမြို့နယ်တွင်လည်း မြို့ပေါ်ရပ်ကွက်များအပါအဝင် စစ်ရှောင်စခန်းများပါ ရေကြီးရေလျှံဖြစ်ပေါ်နေကြောင်း အနီးဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများနှင့် ဘုရားသိမ်တော်များတွင် ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း မြို့ခံများက ဆိုသည်။
လူဦးရေ ၁၀၀၀ ကျော်ရှိသည့် မြောက်ဦးမြို့ မြတန်ဆောင် စစ်ရှောင်စခန်းတခုလုံးမှာလည်း ရေကြီးရေလျှံမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိပြီး လက်ရှိအခြေအနေတွင် စားသောက်ရေးနှင့် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရကြောင်း စစ်ရှောင်အရေးကူညီပေးနေသည့် မြတန်ဆောင် ဆရာတော်က မိန့်သည်။
၎င်းက “စစ်ရှောင်စခန်းက လူတွေကိုတော့ သြဂုတ် ၇ ရက်က စပြီးတော့ ဘုန်းကြီးကျောင်းထဲကို ရွှေ့ပြောင်းပေးထားတယ်။ နေတာ၊ အိပ်တာတွေကတော့ဖြစ်သလိုပဲ စုပေါင်းပြီး နေကြတယ်။ သူတို့ လက်ရှိကတော့ သောက်ရေနဲ့ စားနပ်ရိက္ခာ တော်တော်ကြီး အခက်အခဲရှိတယ်။ ဌာနဆိုင်ရာတွေကတော့ လာကြည့်တာ ရှိတယ်။ အခုထိတော့ ဘာမှ ကူညီတာမရှိသေးဘူး။ ခရိုင်အုပ်ချုပ်ရေးမှူးကို ဆန်အိတ်နည်းနည်းပါးပါး ကူညီလို့ရမလားမေးတော့ သူတို့မှာလည်း မရှိဘူးလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်တော်မြို့နယ်တွင်လည်း မဟာမုနိဘုရားကြီးအနီးရှိ ကျေးရွာများဖြစ်သည့် စပါးဆိပ်၊ ကျောက်တလုံး၊ ပြင်လှ၊ ရွှေတလဲကျေးရွာများနှင့် ညောင်ချောင်းကျေးရွာရှိ စစ်ရှောင်စခန်းတို့မှလည်း ရေကြီးရေလျှံမှုကြောင့် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
ကျောက်တော်မြို့ အရပ်ဘက်အဖွဲ့မှ ကိုကျော်လှမြင့်က “မိုးရွာကတော့ နေ့ရောညရော မနားတမ်းရွာနေတော့ နယ်ဘက်က ကျေးရွာတော်တော်များများတော့ ရေကြီးရေလျှံ ဖြစ်နေတယ်။ ကျနော်တို့လည်း ကားလမ်းအနီးက ရွာတွေလောက်ပဲ သွားကြည့်နိုင်တယ်။ အဲဒါတောင် ရွာထဲကို လှေနဲ့မှ သွားလို့ရတဲ့အနေအထား ဖြစ်နေတယ်။ သူတို့မှာ အရေးပေါ် လိုအပ်နေတာက ရိက္ခာတွေ လိုအပ်နေတယ်။ သူတို့ ပြောပြတာက ဆန်နဲ့ငရုတ်သီးရရင်တော့ အဆင်ပြေတယ်လို့ ပြောကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များရှိ ဒေသခံပြည်သူများသည် ပြီးခဲ့သည့် မေလအတွင်းကလည်း မိုခါဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုပျက်ခြင်း၊ လယ်ယာသုံးပစ္စည်းများ ဆုံးရှုံခြင်းနှင့်အတူ အဘက်ဘက်မှ အကျပ်ရိုက်လျက်ရှိကာ ယခုတခါ ရေဘေးကြုံတွေ့နေရသည့်အတွက် ပို၍ ခက်ခဲလျက်ရှိကြောင်း သိရသည်။
ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “ပြည်သူတွေကတော့ မိုခါမုန်တိုင်းဒဏ်ရာတွေတောင် မကျက်သေးတဲ့အချိန် အခုတကြိမ် သဘာဝဘေးတခုဖြစ်တဲ့ ရေဘေးကို ခံကြတယ်ဆိုတော့ တော်တော်ကြီးတော့ ဒုက္ခဆင်းရဲဖြစ်နေရတယ်။ မိုးက ဒီအတိုင်း ဆက်ရွာမယ်ဆိုရင်တော့ တော်တော်လေး ဒုက္ခဖြစ်မယ်။ မိုခါတုန်းကတည်းက ကူညီကယ်ဆယ်ရေးတွေကို စစ်ကောင်စီက ပိတ်ပင်ထားတော့ အခုတကြိမ်လည်း သူတို့ဘာမှကူညီမှာ မဟုတ်တဲ့အတွက် ကိုယ့်လူမျိုးအချင်းချင်းပဲ နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးဖို့ လုပ်ကြရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
You may also like these stories:
ကရင်နှင့်မွန်ပြည်နယ် မြို့နယ်တချို့၌ ရေကြီးရေလျှံမှုများ ဖြစ်နေ
မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသတွင် လယ်ယာစိုက်ပျိုးရေးများစတင်ရန် အခက်ကြုံနေ
မိုခါမုန်တိုင်းအပြီး တလအကြာ ရခိုင်ပြည်နယ်ကို အငတ်ဘေးနှင့် ပျက်ဆီးမှုများ ခြိမ်းခြောက်နေ