ကချင်ပြည်နယ် ဗန်းမော်ခရိုင်ရှိ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ပူးပေါင်း တပ်တို့က တိုက်ခိုက်နေရာ ယခုအခါ ယောယုံဗျူဟာကုန်းအပါအဝင် တပ်စခန်းတချို့သိမ်းထားပြီး မြို့ကို ဝိုင်းထားသည့် အနေအထားကြောင့် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ဝန်ထမ်းများလည်း တရုတ်ပြည်ဘက်သို့ ထွက်ပြေးရန် ကြိုးစားနေသည်။
မတ်လ ၂၇ရက် နံနက်ပိုင်းမှစ၍ ဗန်းမော်-လွယ်ဂျယ် ကားလမ်းတလျောက်ရှိ စစ်တပ်စခန်းများကို KIA နှင့် ပြည်သူ့ ကာကွယ်ရေးတပ်တို့က တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခုအခါ ယောယုံတပ်စခန်းနှင့် လော့မွန်၊ ဘန်ယောင်း၊ ရှန်တိုင်း၊ ဖလန်စသည့် စခန်းများကို သိမ်းပိုက်ထားပြီး စိန်လုံဗျူဟာကုန်းကို ဆက်လက်တိုက်ခိုက်နေသည်။
KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက “လွယ်ဂျယ်နဲ့ မိုးမောက်ကြားက ယော်ယုံစခန်းနဲ့ ဝန်းကျင်စခန်းတွေ တော်တော်များ မနေ့ကသိမ်းလိုက်ပြီ၊ စိန်လုံစခန်းတွေ ကျန်ပါတယ်။ ကျနော်တို့ သိမ်းနိုင်တာ အဓိကတော့ ယော်ယုံဗျူဟာကုန်းတွေကို သိမ်းတာပါ။ ပတ်ဝန်းက ကာကင်းတွေ ရှေ့တန်းစခန်းတွေ သိမ်းတာ အားလုံးပေါင်းရင်တော့ ၆ ခုလောက် ရှိပြီးတော့ ယော်ယုံနဲ့ဆို ၇ ခုလောက်ရှိမှာ လွယ်ဂျယ်ကို ပိတ်ဆို့ ထိန်းချုပ်ထားတာတော့မဟုတ်ဘူး။ ဗန်းမော်သွားတဲ့ လမ်းဘက်က စခန်းတွေ ထိုင်နေတာ။ မြို့တွင်းကိုလည်း ကျနော်တို့ မဝင်ပါဘူး။ တိုက်ပွဲလည်းအဲ့ဘက်မှာ မရှိပါဘူး” ဟုဆိုသည်။
ကချင်ပြည်နယ်၊ ဗန်းမော်- လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီ၏ လော့မွန်၊ ဘန်ယောင်းနှင့် ရှန်တိုင်း စစ်စခန်း ၃ ခုကို မတ် ၂၇ ရက်ကတည်းက KIA က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ရှေ့တန်းစစ်မျက်နှာရောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “မနက်ပိုင်းတော့ တရုတ်ပြည်ထဲ ပြေးဝင်ဖို့ပြင်နေကြ တယ်၊ တရုတ်ဘက်ကတခါးမဖွင့်ပေးတော့ သူတို့တပ်ထဲပြန် ဝင်နေကြပြီ။ ကျွန်တော်တို့ဘက်က တရက်အချိန်ပေး တာမဟုတ်ဘူး တရုတ်နယ်စပ်နဲ့ ကပ်နေတဲ့မြို့ဆိုတော့ ကျနော်တို့ဘက်က တခါထဲ ဝင်တိုက်လိုက်ရင်တရုတ်ဘက်ထိခိုက် မှုတွေဖြစ်သွားနိုင်တဲ့အခြေအနေဖြစ်နေလို့ ညှိနိုင်းမှုနဲ့ဖြေရှင်းဖို့ကြိုးစားနေတယ်” ဟုဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသလို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် တိုက်ပွဲ ပြင်းထန်နေသဖြင့် ဗန်းမော်ဘက်မှ လာသည့် ကျောက်စခန်းဂိတ်မှ စတင်ကာ ကုန်ကားအစီးရေ ရာနှင့် ချီ ပိတ်မိနေကြောင်း ကုန်သည်များကလည်း ပြောသည်။
လွယ်ဂျယ်နယ်စပ် ကုန်သည်ကြီးတဦးက “ကျနော့်ကားတွေက လွယ်ဂျယ်မှာ ရှိသေးတယ်။ အပြင်မထွက်ရဲဘဲ လွတ်တဲ့ နေရာရှောင်နေရ တယ်။ ဒေသခံတွေရော ဝန်ထမ်းတွေရော ရှောင်ကုန်ကြပြီ။ အရင်ကတော့ ကမ်းကူးလက်မှတ် လုပ်ရ တော့ တရုတ်ဝင်လို့ ရတယ်။ အခု ဒီဘက် စကစက တံဆိပ်တုံး မထုပေးတော့ ကျနော်တို့ ကုန်တင်ကားတွေ ဝင်မရဘူး။ တချို့လည်း မှောင်ခိုကသွားလား မသိဘူး။ မြို့ပြင်ကို ရှောင်တိမ်းကုန်ပြီ။ လူတွေတော့ မရှိတော့ဘူး။ လုံခြုံမယ်ထင်တဲ့နေရာ ပြေးပုန်းနေကြတယ် ”ဟု ဧရာဝတီသို့ ပြောသည်။
လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် KIA သိမ်းပိုက်ထားသည့် ယောယုံဂိတ်မှာ ၁၀ မိုင်ခန့်ဝေးပြီး လက်ရှိ တိုက်ပွဲဖြစ်နေသည့် စိန်လုံစခန်းနှင့်မူ ၁၇မိုင်ဝေးသည်။
တခြားသော နယ်စပ်ကုန်သည်ကြီး တဦးကလည်း “လောလောဆယ် ကားတွေက ရောက်တဲ့နေရာ မှာ ရပ်ထားရတယ်။ လမ်းပေါ်ဆိုလည်း လမ်းပေါ်ပေါ့။ ဇုန်ကတော့ ပိတ်သွားပြီ။ သွားလို့မရတော့ဘူး။ ရောက်တဲ့ နေရာမှာ ကားရပ်ထားရတဲ့ အခြေအနေဖြစ်သွားတာ။ ကားတွေ တော်တော်ပိတ်မိနေတယ်။ ကျောက်စခန်းအတက်ကနေ စပိတ်ထားတာ။ ဗန်းမော်က တက်တာရော၊ လွယ်ဂျယ်က ဆင်းတာရော။ ကုန်သွယ်ရေးစခန်းက ဝန်ထမ်းတွေလည်း တရုတ်ဘက်ကို အခု ရှောင်ထွက် သွားပြီ”ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ကလည်း လွယ်ဂျယ်မြို့နှင့် ၃၉ မိုင် အကွာတွင် ကားသမား တဦးနှင့် ယဉ်နောက်လိုက်တဦးကို သေနတ်ဖြင့် တေ့၍ ပစ်သတ်သွားကြောင်း ၎င်းက ပြောသည်။
“လုပ်တာတော့ ဘယ်ဘက်က လုပ်မှန်း မသိဘူး။ အခုလည်း တိုက်ပွဲဖြစ်နေတာ၊ ကျနော်တို့လည်း အသံတွေ ကြား နေရ တယ်။ စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့ ပစ်နေတယ်။ အခုကတော့ စိန်လုံတခုပဲ ကျန် တော့တယ်ကြားတယ်။ ကျန်တဲ့ စခန်းအားလုံး KIA ဘက်က သိမ်းပြီးသွားပြီ”ဟု ၎င်းက ဆိုသည်။
လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် တရုတ်နိုင်ငံသို့ တစ်ရှူးငှက်ပျော၊ မြေတောက်ပဲ၊ ကြံ၊ ဖရဲ၊ ရွှေဖရုံသီး အစရှိသည့် ဒေသထွက် သစ်သီးဝလံ ကုန်စိမ်းများ တင်ပို့နေသလို တရုတ်ဘက်မှ သံ၊ ဂျပ်ဖာ၊ တာယာ၊ စက္ကူ၊ ဆေး၊ ကော်စေ့၊ ကြက်အူချောင်း မြက်ခင်းတုနှင့် ပလပ်စတစ်စသည်တို့ တင်သွင်းကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမှ လွယ်ဂျယ်နယ်စပ်ဂိတ်သို့ သစ်သီးကုန်ကားတစီး တင်ပို့မည်ဆိုပါက ကားခ ကျပ်သိန်း ၉၀ မှ ကျပ်သိန်း ၁၀၀ ရှိပြီး လမ်းကြေး၊ တံတားကြေးကောက်ခံသည့်နှုန်းမှာ ကားတစီးလျှင် မန္တလေး-ဗန်းမော် ကျပ်သိန်း ၃၀ ကျော် နှင့် ဗန်းမော်-လွယ်ဂျယ်သို့ ကျပ် ၁၀ သိန်း ခန့်ကုန်ကျသောကြောင့် စုစုပေါင်း ကျပ်သိန်း ၁၄၀ နီးပါး ရှိကြောင်း နယ်စပ်လုပ်ငန်းရှင်များထံက သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနစာရင်းများအရ ယခု ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ်လ ၁၅ ရက်အထိ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၃၉ ဒသမ ၁၉၄ သန်း ကုန်သွယ်မှုပြုလုပ်ထားကြောင်း ဖော်ပြထားသည်။
You may also like these stories:
လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေး ကျဆင်းလာဟု လုပ်ငန်းရှင်များဆို
အထိနာနေသော စစ်ကောင်စီ ကချင်ထိုးစစ်သစ်နှင့် ထပ်ရင်ဆိုင်ရ
KIA ထိုးစစ်ကြောင့် မံစီမှ စစ်ကောင်စီတပ်သားတချို့ တရုတ်နိုင်ငံဘက် ထွက်ပြေး
စစ်ကောင်စီ သက်ဆိုးမရှည်တော့ဟု KIA ဗိုလ်ချုပ် ပြော
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR