အမေရိကန်ရေတပ်ရဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော USS Michigan ဟာ ကိုရီးယား ကျွန်းဆွယ် ရေပိုင်နက် အပြင်မှာ ဒီတပတ်အတွင်း ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှု၌ လေယာဉ်တင်သင်္ဘော USS Carl Vinson နဲ့ အတူ ပူးပေါင်း ပါဝင်မယ်လို့ တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာပြောဆိုချက်ကို ကိုးကားပြီး ယွန်ဟပ် သတင်းကဆိုပါတယ်။
မြောက်ကိုရီးယားကတော့ ဒါဟာ ဗြောင်ကျကျ စစ်ရေးခြိမ်းခြောက်မှုတခုလို့ ဆိုလိုက်ပြီး၊ ပုံမှန်စစ်ရေး လေ့ကျင့်မှုထက် ပိုတဲ့ မြောက်ကိုရီးယားကို ကျူးကျော်ဖို့ လုပ်နေတာဖြစ်တယ်လို့ ဆိုလိုက်ကာ အာဏာရ အလုပ်သမားပါတီရဲ့အာဘော် Rodong Shinmun သတင်းစာကလည်း ရေငုပ်သင်္ဘော မစ်ချီဂန်ကို စေလွှတ်တာဟာ ကိုရီးယားကျွန်းဆွယ် အခြေအနေ မတည်ငြိမ်အောင်ဖန်တီးနေ တာ ဖြစ်ပြီး၊ အရမ်းကာရော ရန်စ လာမယ်ဆိုရင် သူတို့ရဲ့ လက်နက်ကိုင်တပ်တွေဟာ မဆိုင်းမတွ တိုက်ခိုက်မှာဖြစ်တယ်လို့ မနေ့က ရေးသားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေကလည်း အမေရိကန် နျူကလီးယား လေယာဉ်တင်သင်္ဘော USS Carl Vinson ကို လည်း နှစ်မြုပ်ပစ်မယ်လို့ ယင်းသတင်းစာက ကြုံးဝါးရေးသားထားပါတယ်။
နျူရေငုပ်သင်္ဘော မစ်ချီဂန် ရောက်လာမယ့်အချိန်ဟာ မြောက်ကိုရီးယား တပ်မတော်ရဲ့ ၈၅နှစ် မြောက် မွေးနေ့နဲ့လည်း တိုက်ဆိုင်နေပြီး၊ ဒီအခြေအနေမှာ ပြုံယမ်းအနေနဲ့ ၆ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်မှာကို တကမ္ဘာလုံးက စိုးရိမ်နေကြပါတယ်။