တပ်မတော်ကို စွပ်စွဲခြင်း မဟုတ်ဟု ဦးဝင်းထိန် ပြန်ရှင်း
နိုင်ငံရေး တည်ငြိမ်မှု မရှိစေရန် ဆိုသော ရည်ရွယ်ချက်ဖြင့် သတင်းအမှားများ ဖြန့်ချိနေသူသည် တပ်မတော်ဟု စွပ်စွဲခြင်းမျိုး မရှိကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ယနေ့ မေလ ၆ ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ သတင်းထောက်များကို ပြောသည်။
ဦးဝင်းထိန်က “ဘယ်သူထင်လဲဆိုတော့ ဟိုကောင်တွေ ထင်တယ်။ ဒီကောင်တွေ ထင်တယ်။ ဦးနှောက်က စဉ်းစားတာ ပါးစပ်က ထွက် တာ။ စွပ်စွဲတာ မပါဘူး။ ဘယ်သူတွေ လုပ်တယ်ဆိုတာ စွပ်စွဲတာ မပါဘူး။ စွပ်စွဲတာ ပါရင်တော့ ဒါက ကျနော်အလွန်။ စွပ်စွဲတာ မပါဘဲနဲ့ မခံနိုင်ဘူးဆိုတော့လဲ ဘယ်တတ်နိုင်မလဲ။ ပန်းနဲ့ ပေါက်သလိုပေါ့”ဟု ပြောသည်။
တပ်မတော်မှလည်း ယနေ့အချိန်ထိ ၎င်းထံ မည့်သည့် အကြောင်းကြားမှုမျိုးမှ မရှိသေးကြောင်းလည်း ဆိုသည်။
ဦးဝင်းထိန် သည် ၂၀၁၇ ခုနှစ် မေလ ၄ ရက်နေ့တွင် နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာ၌ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ရာတွင် တပ်မတော်အပေါ် အခြေအမြစ်မရှိ ပုတ်ခတ်ပြောဆိုမှုသည်ဟုဆိုကာ ပြင်းထန်စွာကန့်ကွက်ပြီး လိုအပ်သော တုံ့ပြန်မှုများ ဆောင်ရွက်မည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယမန်နေ့က သတင်းထုတ်ပြန်သည်။
ယနေ့ နေ့လယ်ပိုင်းက နေပြည်တော် စည်ပင်ဧည့်ရိပ်သာရှိ ယူနီစန် စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည့် NLD ဗဟို အလုပ်အမှုဆောင် အစည်းအဝေးတွင် ကြားဖြတ် ရွေးကောက်ပွဲ ရှုံးနေသည့် အကြောင်းရင်းများကို ပြန်လည် သုံးသပ်ခဲ့ကြောင်း၊ ကျုံးတုံ မဲဆန္ဒနယ်တွင် မူမမှန်သည့် ကိစ္စများ အထောက်အထားနှင့် တွေ့ရှိရသဖြင့် ကော်မရှင်ထံသို့ ကန့်ကွက်လွှာ တင်ပြသွားမည်ဟု သိရသည်။
“အဓိကက မိုင်းရှုးတို့ ကျေးသီတို့မှာ ရှုံးတယ်။ အဓိကက Language Problem ပေါ့။ ဘာသာစကား မကျွမ်းကျင်တာလည်း ပါတယ်။ ပြီးတော့ ကိုယ့်ဆီက လူတွေက အဲဒီမှာ အခြေချတာ နည်းတော့ ပိုင်ပိုင်နိုင်နိုင် မစည်းရုံးခဲ့နိုင်ဘူး။ နောက်တခုက ကျိုင်းတုံကျတော့ သူတို့ဘက်က မူမမှန်တာတွေ ရှိတဲ့အတွက် ကျိုင်းတုံကိုတော့ ကန့်ကွက်လွှာတင်မယ်”ဟု NLD မှ ဦးဝင်းထိန်က ပြောသည်။