တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ပေကျင်း မြို့သို့ ရောက်ရှိနေကာ တရုတ် နိုင်ငံ၏ အကြီးအကဲများနှင့် တွေ့ဆုံလျက်ရှိသည်။
တရုတ်နိုင်ငံ ဗဟို စစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲ စစ်ဦးစီး ဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ ဖိတ်ကြားချက် အရ ဧပြီလ ၈ ရက် နံနက်ပိုင်း၌ နေပြည်တော် လေဆိပ်မှ တရုတ် နိုင်ငံသို့ သွားရောက်ခဲခြင်း ဖြစ်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြပြီး ချစ်ကြည်ရေး ခရီးစဉ် အတွင်း တရုတ် အစိုးရနှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အကြီးအကဲများနှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ သင်တန်းကျောင်းများ၊ စက်ရုံများနှင့် အထင်ကရ နေရာများအား လှည့်လည် ကြည့်ရှု လေ့လာခြင်းများ ဆောင်ရွက် သွားမည်ဟု တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။
ဧပြီ ၈ ရက်နေ့ ညပိုင်းတွင် တရုတ် နိုင်ငံ ပေကျင်းမြို့ရှိ တရုတ် နိုင်ငံ ဆိုင်ရာ မြန်မာ နိုင်ငံ သံရုံးသို့ ရောက်ရှိကြရာ သံရုံး၊ စစ်သံရုံး မိသားစု များနှင့် ပညာတော်သင် သင်တန်းသား အရာရှိများကို တွေ့ဆုံပြီး ဗိုလ်ချုပ်မှူးကြီးက ယခု ၎င်း၏ ခရီးစဉ်သည် နှစ်နိုင်ငံနှင့် တပ်မတော် ၂ ရပ်ကြား ချစ်ကြည် ရင်းနှီးမှုကို မြှင့်တင်ရန် အတွက် လာရောက်သည့် ခရီးစဉ် ဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲမှုများနှင့် လက်ရှိ လျှောက်လှမ်းလျက် ရှိသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင် တပ်မတော်မှ ပါဝင် ကူညီ ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် အတွက် တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်း ရာ၌ နိုင်ငံရေး အရ တည်ငြိမ် အေးချမ်းမှု ရှိရန်နှင့် လုံခြုံရေး အရ တည်ငြိမ် အေးချမ်းမှု ရှိရန်လိုအပ်မှု အခြေအနေများ အား ရှင်းပြခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။
အစိုးရ အဖွဲ့မှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်လည်း တရုတ်- မြန်မာ စီးပွားရေး စြင်္ကံ ကိစ္စရပ်များ ဆွေးနွေးရန် တရုတ် နိုင်ငံသို့ ယခုလ မကုန်မီ သွားရောက်မည် ဖြစ်ကြောင်း ယင်း ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အတူ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ပညာရှင်တချို့ လိုက်ပါသွားကြမည်ဟုလည်း သိရသည်။